အစကောင်းမှအနှောင်းသေချာ#
....................
မင်းတို့တစ်တွေသိချင်တာ ၀ိပဿနာအကြောင်း မဟုတ်လား။
ဟုတ်ပါတယ်ဘုရား။
ဝိပဿနာရဲ့အစကဘာလဲ။ အဆုံးကဘာလဲ။ ၀ိပဿနာဆိုတာဘာလဲ။ ၀ိပဿနာကိုဘယ်လို အားထုတ်ရမလဲ ပေါ့လေ။ ဒီမေးခွန်းတွေကို ထုတ်ပြီးပြောပြသွားပါမယ်။
ဝိပဿနာရဲ့အစကို မပြောခင် ၀ိပဿနာရဲ့ အဆုံးကို ပြောပါမယ်။ ၀ိပဿနာအလုပ် အားထုတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ ၀ိပဿနာဉာဏ် ဟာ အရိယာပုဂ္ဂိုလ်ဖြစ်စေနိုင်တဲ့ အရိယာ မဂ်ဉာဏ်သည်သာလျှင် ၀ိပဿနာဉာဏ်ရဲ့ အဆုံးပါတဲ့။
သောတာပန်ဆိုတဲ့အရိယာပုဂ္ဂိုလ်မဖြစ်ခင် အားထုတ်သမျှဝိပဿနာဉာဏ်တွေဟာ သောတာပတ္တိအရိယာမဂ်ဉာဏ်ရခဲ့ရင် ၀ိပဿနာဉာဏ်ရဲ့အလုပ်ကပြီးပြီ။ တာဝန်ပြီးဆုံးပြီပေါ့။ အဲ ဒါပေမယ့်သူက သောတာပန်ဖြစ်သွားပေမယ့် ၀ိပဿနာ ကတော့ ဆက်ပြီးအားထုတ်ရမှာပါပဲ။
အေး အဲဒီလိုပါပဲ သောတာပန်ပုဂ္ဂိုလ်ရဲ့ ၀ိပဿနာဉာဏ်ဟာ သကဒါဂါမိမဂ်ဉာဏ် မှာဆုံးတယ်။ သကဒါဂါမိပုဂ္ဂိုလ်ရဲ့ဝိပဿနာ ဉာဏ်ဟာ အနာဂါမိမဂ်ဉာဏ်မှာဆုံးတယ်။ အနာဂါမိပုဂ္ဂိုလ်ရဲ့ဝိပဿနာဉာဏ်ဟာ အရဟတ္တမဂ်ဉာဏ်မှာဆုံးတယ်။ ၀ိပဿနာ ဉာဏ်ရဲ့အဆုံးဟာ အရိယမဂ်ဉာဏ်ပါပဲ။
မှန်ပါဘုရား။ ဒါဖြင့်ရင် ရဟန္တာပုဂ္ဂိုလ်ဖြစ်ပြီး မှတော့ ၀ိပဿနာအားထုတ်စရာမလိုတော့ ဘူးပေါ့ဘုရား။
အေး၊ အမေးရှိရင် အဖြေရှိရတာပေါ့ကွာ။ ရဟန္တာဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကျဟာနောက်ထပ် မဂ်ဉာဏ်ကျစရာမရှိတော့ဘူး။ နောက်ထပ် မဂ်ဉာဏ်ထပ်ဖြစ်ဖို့လည်းအားထုတ်စရာ မလိုတော့ပါဘူး။
ဒီနေရာမှာ အားထုတ်စရာမလိုတော့ဘူး ဆိုတော့ ၀ိပဿနာအလုပ်အားထုတ်စရာ မလိုတော့ဘူးလို့ထင်သွားကြလိမ့်မယ်။ သာမာန်လူတွေထင်သလို မဟုတ်ပါဘူး။ ရဟန္တာအရှင်မြတ်တွေဟာ နိဗ္ဗာန်ကို ဖလသမာပတ်ဖြင့် မျက်မှောက်ပြုရင်ပြု နိရောဓသမာပတ်ဝင်စားရင်ဝင်စား ဒါမှ မဟုတ်ရင် မင်းတို့နားလည်အောင်ပြော ရရင် ရိုးရိုးသူလိုကိုယ်လိုနေချိန်မှာ လောကအာရုံ ဘာတွေနဲ့ဆုံဆုံ ရုပ်နာမ် တွေ၊ ရုပ်နာမ်ရဲ့သဘောတွေကို သိတဲ့ ဉာဏ်က ရှိနေရတယ်။ အမြဲရှိနေရ တယ်။ ရှိလည်းရှိပြီးသားပါပဲ။ ဒီရုပ်ဒီနာမ် ဒီလောကကြီးရဲ့ သဘောတွေကိုသိပြီး သားပါပဲ။
ဘုန်းဘုန်းဘုရား၊ အဲဒီဝိပဿနာစိတ်ဆို တာ ဘာစိတ်လဲဘုရား။ ၀ိပဿနာဆို တာ သတိမဟုတ်ဘူးလား ဘုန်းဘုန်း။
မဟုတ်ပါဘူး။ ၀ိပဿနာဆိုတာပညာဉာဏ် ပါ။ ဒီဝိပဿနာပညာဉာဏ်နဲ့တွဲယှဉ်နေတဲ့ သတိကိုသာ ၀ိပဿနာသတိခေါ်ပါတယ်။
ဒါဖြင့်ရင် ဉာဏ်ရှိရင် ၀ိပဿနာဖြစ်ပြီ ပေါ့။
ဒီလိုတော့ပြောလို့မရသေးပါဘူး။ ၀ိပဿနာ စိတ်ဖြစ်နေသူတိုင်းမှာပညာဉာဏ်ရှိပါတယ်။ ပညာဉာဏ်ရှိသူတိုင်း ၀ိပဿနာစိတ်မဖြစ် တာလည်း ရှိသေးတယ်ပေါ့။
ဘုန်းဘုန်းဘုရား ဒါဖြင့် ၀ိပဿနာဉာဏ် ဆိုတာ ဘယ်ဟာပါလဲဘုရား။
အေး ပြောမယ်။ မြင်စရာ၊ ကြားစရာ၊ နံစရာ၊ စားစရာ၊ ထိစရာတွေကို ဘာတွေပဲဖြစ်ဖြစ် မမြဲ ဆင်းရဲ အလိုမလိုက်အကြိုက်မပါလို့ သဘောပေါက် သေချာသိမြင်နိုင်တဲ့ဉာဏ် ပညာကို ၀ိပဿနာပညာဉာဏ်လို့ခေါ်တာ ပါပဲ။
ဟာ ဒါဆိုတပည့်တော်တို့လည်း ၀ိပဿနာ ဉာဏ်ပညာရှိပြီပေါ့ဘုရား။
ဟ တယ်ဟုတ်ပါလားဘာလို့လည်း။
မိဘဘိုးဘွားတွေကလည်းပြောထားတယ် လေဘုရား။ ဘုန်းဘုန်းတို့ကလည်းဟော ထားတယ်။ အားလုံးမမြဲ၊ အားလုံးဆင်းရဲ၊ အားလုံးအစိုးမရဆို၊ ဒီလိုတော့တပည့် တော်တို့လည်း သိတာပေါ့ဘုရား။ ဒါဟာ ၀ိပဿနာဉာဏ်ပေါ့။
အမယ် တယ်ပြီးဟုတ်နေပါလား။ အဲဒါက ၀ိပဿနာဉာဏ်တော့ဟုတ်တယ်။ ဒါပေ မယ့် မင်းတို့ကိုယ်တိုင်သေသေချာချာ သဘောပေါက် လက်ခံနိုင်ပြီလား။ တဆင့် ကြားလား။
ဟာ တဆင့်ကြားပေါ့ဘုရား။
အေး အဲဒါကို တဆင့်ကြား သုတမယဉာဏ် လို့ခေါ်တယ်။ အဲဒါဝိပဿနာဉာဏ်အစစ်ရဲ့ အစပေါ့။ အဲဒီအစ ဗဟုသုတ၀ိပဿနာပညာ ဉာဏ်မှမရှိရင်စဉ်းစားတဲ့စိန္တာမယဉာဏ်လည်း မရှိနိုင်ဘူး။ တကယ်အားထုတ်ပါတယ်ဆိုတဲ့ သေချာသဘောပေါက်အောင်အားထုတ်တဲ့ ၀ိပဿနာဉာဏ်လည်းမဖြစ်နိုင်ဘူးပေါ့။
အော်ဒီလိုဆိုရင် ၀ိပဿနာရဲ့အစက ဒီဗဟု သုတဉာဏ်ပေါ့။ သမထက ၀ိပဿနာရဲ့အစ လို့ပြောကြတာကရောဘုရား။
ဒါက မဟုတ်ပါဘူး။ သမထကို အားထုတ်ပြီးမှ ၀ိပဿနာကို ကူးပြောင်းတဲ့သူတွေအတွက် သမထဟာ ၀ိပဿနာရဲ့အခြေခံလို့ပြောနိုင် ပါတယ်။ ဒါပေမယ့် ၀ိပဿနာဗဟုသုတဆို တဲ့ အစတော့ရှိရပါဦးမယ်။ ၀ိပဿနာသက် သက် အားထုတ်တဲ့သူတွေအတွက်သမထ ဆိုတာ အမှီခံ အခြေခံတစ်ခုအနေနဲ့မလိုအပ် တော့ပါဘူး။
ဒါဖြင့်ဝိပဿနာပညာဉာဏ်အစစ်ရအောင် ဘယ်လိုအားထုတ်ရပါသလဲဘုရား။
ဝိပဿနာအစက စပြီးအားထုတ်ပေါ့။ ၀ိပဿနာ က ပညာဉာဏ်၊ ဒီလောကကြီးကိုလောကမှာ ရှိနေတည်နေ ဖြစ်နေတဲ့သဘောတရားတွေ ကို မမြဲ ဆင်းရဲ အလိုမလိုက်ဆိုတဲ့သဘော တွေလားလို့ သေချာသိမြင်အောင်ကြိုးစား ရမယ်။
ဒီနေရာမှာ ၀ိပဿနာဉာဏ်ရှိရင် ဒီအတိုင်း မြင်တယ်။ လူကတော့ လူသာမာန် စိတ်က တော့ ဒီအတိုင်းမမြင်နိုင်ပါဘူး။ လူကမမြင် နိုင်ဘူးဆိုပေမယ့် မြင်အောင်ကြည့်နိုင်ပါ တယ်။
ဉာဏ်ကမမြဲဆင်းရဲအလိုမလိုက်တော့တဲ့ သဘောတွေကို မြင်တယ်။ လူကမမြင်နိုင် ဘူး။
လူကမမြင်နိုင်ဘူးဆိုပေမယ့် မမြဲဆင်းရဲ အလိုမလိုက်တဲ့သဘောပဲလို့ ဗဟုသုတ အသိအနေနဲ့တော့ ကြည့်နိုင်ပါတယ်။ ကြည့်တတ်ရပါမယ်။
အော် ဒါဖြင့် တပည့်တော်တို့က ဘာကိုပဲ မြင်မြင် ဒီသဘောတွေပဲလို့ ရှုရမှာပေါ့။ ဟုတ်သလားဘုရား။
တယ်ပြီးသဘောပေါက်လွယ်ပါလားကွ။ အေးဟုတ်ပြီ ရှုတယ်ဆိုတာ ဘယ်လိုရှု ရမှာလည်း စိတ်ကဆိုရမှာလား။ စိတ်က ရှုရမှာလား။
စိတ်ကနေမဆိုရပါဘူး။ စိတ်ကရှုရမှာပါ။
ကဲကွာ ဒီလိုဆိုရင် စိတ်ကရှုမယ်ဆိုရင် မြင်စရာကို မြင်တဲ့အခါမြင်စရာတွေဟာ ဒီသဘောတွေပါပဲလို့ မြင်တုန်းရှုရမှာ လား။ မမြင်ခင်ကတည်းကရှုရမှာလား။
ဟာဒီလိုဆိုရင်တော့ မမြင်ခင်ကတည်း ကသိထားရပါမယ်ဘုရား။ ဟာမဟုတ် သေးပါဘူး။ မမြင်ခင်ကတည်းကလည်း သိထားရမယ်။ မြင်နေတုန်းလည်းဒီအသိ ကရှိထားရမယ်။ ဟုတ်တယ်မဟုတ်လား ဘုရား။
ကဲ ကြားစရာကိုကြားတဲ့အခိုက်မှာရော။
တပည့်တော်ကတော့ မကြားခင်ကရော ကြားနေတုန်းရော သိရမယ်လို့ထင်ပါ တယ်ဘုရား။
မင်းမှာ ဗဟုသုတအမှန်ရှိတယ်။ ခုပြောရင်း ဆိုရင်းမှာ စဉ်းစားတတ်တဲ့စိန္တာမယဉာဏ် အမှန်ရှိတယ်။ ဒီတော့မှန်ပြီပေါ့။ အဖြေ ကတော့ မှန်ပါတယ်။ ဒါပေမယ့်တကယ် တမ်းသေချာသဘောပေါက်တဲ့ဝိပဿနာ ဉာဏ်အစစ်တော့မဖြစ်လောက်သေးဘူး ထင်ပါတယ်။
မဖြစ်လောက်သေးတာမဟုတ်ပါဘုရား။ ၀ိပဿနာဉာဏ်အစစ်ကိုပဲမရသေးတာ ပါဘုရား။ ဒါကြောင့်ဝိပဿနာဉာဏ် အကြောင်းကိုမေးကြရတာပါဘုရား။
အော် အေးဟုတ်ပါတယ်။ ဒါကြောင့်လည်း ဖြေပေးတာပေါ့။ ၀ိပဿနာဆိုတာပညာ ဉာဏ်၊ ၀ိပဿနာပညာဉာဏ်ကရုပ်နာမ် ဓမ္မတွေရဲ့မမြဲ ဆင်းရဲ အလိုမလိုက်တဲ့ သဘောကိုအမှန်အတိုင်းသိတယ်၊ မြင် တယ်။ လူပုဂ္ဂိုလ်ကမမြင်နိုင်ပါဘူး။
ဒါပေမယ့်လူပုဂ္ဂိုလ်က ၀ိပဿနာပညာ ဉာဏ်ပေါ်အောင်ကြိုးစားအားထုတ်နိုင် တယ်။ ၀ိပဿနာဉာဏ်ကပေါ်လာပြီး မြင်အောင်လူပုဂ္ဂိုလ်ကကြည့်တတ်ရ ပါတယ်။
ကြည့်တတ်တယ်ဆိုတာ မြင်ရ တွေ့ရ တွေ့ကြုံရသမျှတွေ ဓမ္မသဘောတရား အားလုံးကို မမြဲ ဆင်းရဲ အလိုမလိုက် အစိုးမရပါတကားလို့ မတိုင်မီကလည်း ဗဟုသုတအသိဉာဏ်ရှိ၊ ဖြစ်ဆဲမှာ လည်း ဒီအသိဉာဏ်ရှိလျက်နဲ့ပဲမြင်သိ တွေ့သိ၊ ကြုံသိဖြစ်အောင်ကြိုးစားရပါ မယ်။
အဲဒီလို ဗဟုသုတဉာဏ် စိန္တာမယဉာဏ် တွေဟာ ၀ိပဿနာရဲ့အစပါပဲ။ အရိယာ မဂ်ဉာဏ်က ၀ိပဿနာရဲ့အဆုံးပါပဲ။ ၀ိပဿနာနဲ့ပတ်သတ်ရင် အစလည်း ပညာဉာဏ်ပဲ။ အဆုံးလည်းပညာဉာဏ် ပဲ။ အလယ်ရှိခဲ့ရင်လည်း ပညာဉာဏ်ပဲ။
ဒါဖြင့်ရင် သတိက အသုံးမကျတော့ဘူး လားဘုရား။ ၀ိပဿနာမဟုတ်တော့ဘူး လားဘုရား။
ဟာ သတိက ၀ိပဿနာမဟုတ်ပါဘူး။ ဒါပေမယ့်ဝိပဿနာဉာဏ်နဲ့တော့အမြဲ ယှဉ်နေနိုင်ပါတယ်။ သတိဟာအသုံးမကျ တော့မဟုတ်ပါဘူး။
ဘယ်လိုအသုံးကျပါသလဲဘုရား။
မင်းသိထားတဲ့ဝိပဿနာဗဟုသုတကို မမေ့အောင်ဆိုတာ သတိကလုပ်ပေးနိုင် တာပါ။ မမြင်ခင်လဲမမေ့အောင်၊ မြင်နေ ခိုက်လည်း မမေ့အောင်သတိက အလွန် ပဲအသုံးကျပါတယ်။
သတိရဲ့အသုံးကျပုံကတော့ကွာ မင်းသာ သတိမရှိရင် မေ့မယ်။ ကိလေသာဝင်မယ်။ နောက်ဆုံး ၀င်လာတဲ့ကိလေသာ၊ ရှိနေတဲ့ ကိလေသာတွေကို အသေသတ်နိုင်တဲ့ ပညာဉာဏ်၊ နှိမ်နှင်းနိုင်တဲ့ပညာဉာဏ်ကို သတိကပဲ လှမ်းပြီးခေါ်နိုင်ပါတယ်။ သတိရှိ မှပဲ ၀ိပဿနာဉာဏ်ဆိုတာပေါ်လာပါတယ်။ ၀ိပဿနာပညာဉာဏ်အတွက်သတိက အလွန်အသုံးကျပါတယ်။ သတိရှိအောင် နေပါ။
အဲ ဒါပေမယ့်သတိက ၀ိပဿနာဉာဏ်ကို ခေါ်တဲ့သတိမဟုတ်ပဲ ၀ိပဿနာဉာဏ်ကို အနှောက်အယှက်ပေးနိုင်တဲ့သတိမဖြစ်ဖို့ တော့ အရေးကြီးပါတယ်။
ဟာ တပည့်တော်တို့က ၀ိပဿနာဟာ သတိလို့ထင်တာ၊ ၀ိပဿနာရဲ့အခြေခံဟာ သတိလို့ထင်ခဲ့တာ မဟုတ်ဘူးလားဘုရား။
ဝိပဿနာဟာ သတိမဟုတ်ဘူး။ ဉာဏ်၊ သတိဟာ ၀ိပဿနာရဲ့အခြေခံသတိဆို တာလည်း ရှိပါတယ်။ အခြေခံမဖြစ်တဲ့ သတိလည်းရှိပါတယ်.။
နည်းနည်းသဘောပေါက်ပါပြီဘုရား။ ဒီလိုဆိုရင် တပည့်တော်တို့က ဘာမြင်မြင် အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်အောင်ကြည့်ရမှာ ပေါ့။ ဟုတ်သလားဘုရား။
အော် မြင်နိုင်တဲ့ဉာဏ်ရှိပြီဆိုရင်မြင်မယ်။ မရှိရင်မမြင်ဘူး။ ဒါပေမယ့် ဒီဗဟုသုတ အသိ၊ ကြံစည်သိတွေကိုတော့ လက်လွတ် မခံနဲ့။ အမြဲသတိရှိရှိနဲ့လက်ကိုင်ထားပါ။ အဲဒါဝိပဿနာရဲ့အစပါပဲ။
မှန်လှပါဘုရား။ တပည့်တော်တို့သိသင့် သလောက်တော့သိပါပြီဘုရား။ ၀ိပဿနာ ရဲ့အစလည်းမှန်မှ အလယ်လည်းမှန်မယ်။ ၀ိပဿနာရဲ့အဆုံးမဂ်ဉာဏ်လည်းဖြစ် လာနိုင်မယ်လို့သဘောပေါက်မိပါတယ် ဘုရား။
သာဓု သာဓု၊ ဗဟုသုတ စိန္တာမယသာမကဘဲ တကယ်လက်တွေ့ဝိပဿနာပညာတွေလည်း ရအောင်ကြိုးစားနိုင်ကြပါစေ။
တပည့်တော်တို့ကြိုးစားပါ့မယ်ဘုရား။
သတိလည်းရှိ၊ ဉာဏ်လည်းရှိ၊ အသိပြည့်စုံ ကြပါစေ။
ဓမ္မဒူတအရှင်ဆေကိန္ဒ
အစကောင်းမှအနှောင်းသေချာ