ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟုဆိုသည့်အတိုင်း ခန္ဓာကိုယ်ချွတ်ယွင်းမှုကင်း၍ ရောဂါဘယ ကင်းရှင်းခြင်းသာမက ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်း၊လူမှုရေးသုခနှင့်ပြည့်စုံခြင်းစသည့် ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းနှင့်ပြည့်စုံခြင်းကို တည်ဆောက်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ဆုတ်ကပ်ဟုဆိုသကဲ့သို့ ကိုယ်စိတ်နှစ်ပါးကျန်းမာခြင်းကို ထိခိုက်စေနိုင်သော အခြေအနေအကြောင်းအမျိုးမျိုးတို့နှင့်တစ်နည်းမဟုတ်တစ်နည်း ကြုံတွေ့နေရသည်။ယခုအခါ လူတို့၏ပယောဂတစ်မျိုးမျိုးကြောင့် မိမိနေထိုင်သော ပတ်ဝန်းကျင်တွင် ကိုယ်စိတ်နှစ်ပါးထိခိုက်စေသော အမှုအစုစုတို့ဖြစ်ပေါ်လာသည်။
ထို့ကြောင့် အများသူငါတို့ ကာယသုခနှင့်ပြည့်စုံစေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားပြုမူဆောင်ရွက်ကြရမည်ဖြစ်သည်။ထို့်ပြင် အန္တာရယ်ကင်း၍ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရပြည့်ဝသော အစားအစာများကို စားသုံးရန်လိုအပ်ပြီး ဆီနှင့််အငန်များသော အစားအစာများ၊အချိုမှုန့်ကဲ့သို့ဟင်းချိုမှုန့်များ စားသုံးခြင်းကိုရှောင်ရှားကြရန်လိုအပ်ပါသည်။
ကျန်းမာရေးနှင့်ညီညွတ်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် သန့်ရှင်းသောသောက်သုံးရေရရှိသုံးစွဲနိုင်ရန် လိုအပ်သည်။မြို့ပြလူနေထူထပ်သော ဒေသများ၊ရေရှားပါးသောအရပ်များတွင် သန့်ရှင်းသော သောက်သုံးရေရှိနိုင်ရေးကို အလေးထားကြရမည်ဖြစ်သည်။သန့်ရှင်းသောအစားအသောက်နှင့်သောက်သုံးရေသည် လူတို့အတွက် အရေးအကြီးဆုံး ပဓာနလိုအပ်ချက်ပင်ဖြစ်သည်။
မျက်မှောက်ကာလ လူအများမှာပြောင်းလဲလာသော နေထိုင်မှုဘဝပုံစံအသစ်များဖြစ်လာသည်။နိစ္စဓူဝ လှုပ်ရှားရုန်းကန်နေရသော ဘဝအခြေအနေအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်ပေသည်။ယင်းအခြေအနေအရပ်ရပ်ကြောင့်လည်း လူတို့၏ကျန်းမာရေးကို ထိခိုက်နိုင်စရာအကြောင်းများဖြစ်လာခဲ့သည်။ယခုကဲ့သို့ ပူပြင်းသောရာသီကာလတွင် အပူဒဏ်ကြောင့် ကျန်းမာရေးမထိခိုက်စေရေးအတွက် သတိထားကြရမညိဖြစ်သည်။ရာသီဥတုနှင့်လိုက်လျောညီထွေသော ဝတ်စားဆင်ယင်မှုလည်း ဝတ်ဆင်သင့်သည်။
အရွယ်ရောက်သူ ကျား၊မ မရွေးတို့သည် မိမိတို့၏အလုပ်အကိုင်များကို ဦးစားပေးရလွန်းသောကြောင့် မိမိတို့၏ကျန်းမာရေးကိုပင် သတိမမူမိသည့် အခြေအနေများရှိလာသည်။ထို့ကြောင့် မိမိတို့်၏အသက်အရွယ်နှင့်လိုက်လျောညီထွေမှုရှိသည့် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်မှန်မှန် ဆောင်ရွက်သင့်သည်။နေ့စဉ်လုပ်ငန်းဆောင်တာများကို အပြင်းအထန်ဆောင်ရွက်ရသောကြောင့် ပင်ပန်းနွမ်းနယ်မှုများကိုပြေပြောက်စေရန်လုံလောက်သော အပန်းဖြေအနားယူမှုများပြုလုပ်သင့်သည်။လုံလောက်သော အိပ်စက်အနားယူမှု၊ကျန်းမာရေးကို ထိခိုက်စေနိုင်သော စိတ်ဖိစီးမှုဖြစ်စေနိုင်သည့်ကိစ္စများအား ရှောင်ရှားတတ်ရန်လည်း လိုအပ်ပေသည်။
ထို့အပြင် မူးယစ်ဆေးဝါး၊အရက်သေစာနှင့်ဆေးလိပ်၊ကွမ်းတို့သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် လုံးဝရှောင်ကြဉ်သင့်သည်။လူတို့အနေဖြင့် မိမိတို့၏တစ်ကိုယ်ရေ ကျန်းမာရေးကိုသာမက မိမိပတ်ဝန်းကျင်ရှိလူများ၏ ကျန်းမာရေးကို မထိခိုက်စေရန်လည်းသတိထားကြရမည်ဖြစ်သည်။
ကျန်းမာပျော်ရွှင်သောဘဝ၊ကျန်းမာရွှင်လန်းသော ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရန်အတွက် ကျန်းမာရေးနှင့် မညီညွတ်သောအမှုတို့ကို ရှောင်ရှားကြကာ ကျန်းမာသောလူမှုဘဝကို တည်ဆောက်ကြပါဟု တိုက်တွန်းလိုက်ပါရစေ။
MSU-035