ရဟန်းတစ်ပါးက ကျောင်းထဲကို သုတ်သုတ်ဝင်လာသည်။ ဆရာတော်ကြီးက တွေ့သည့်အခါ
“မောင်ပဉ္ဇင်းလာဦး”
“မှန်ပါ”
“ဘယ်ကလာသလဲ”
“ထီထွက်ထိုးတာပါဘုရား”
“ထီဘာလို့ ထိုးတာလဲ မောင်ပဉ္ဇင်းရဲ့”
ရဟန်းငယ်က မဖြေနိုင်။ ခေါင်းကြီးကို ငုံ့ထားလိုက်သည်
“မောင်ပဉ္ဇင်း ချမ်းသာချင်လို့လား … ဘာဖြစ်လို့ ပိုက်ဆံတွေ လိုချင်ရတာလဲ … အိပ်မက်ကလန့်နိုးလို့ နွားနို့အိုးမှောက်တဲ့ ပုံပြင်ကြားဖူးသလား”
“မကြားဖူးပါဘုရား”
အနားတွင် စာကျက်နေကြသည့် ရဟန်းများ ဆရာတော်ကြီးအနီးကို ဝိုင်းလာပြီး ဦးချကာ နားစွင့်နေကြသည်။
“ဟိုးရှေးရှေးက ရဟန်းကြီးတစ်ပါးရှိတယ်။ တောကျောင်းမှာ တစ်ပါးတည်းနေပြီး ဆွမ်းခံစားတယ်။ တစ်နေ့ တော့ ရွာထဲ ဆွမ်းခံသွားရင်း နွားနို့တစ်အိုးရလာတယ်။ ကျောင်းပြန်ရောက်တော့ ဘယ်လိုစဉ်းစားသလဲဆိုရင်။ အင်း … နွားနို့ကို တစ်ဝက်သောက်။ တစ်ဝက်ကို ဒီအတိုင်းထားမယ်။ ကျန်တဲ့ တစ်ဝက်ကို သူကြီးအိမ်သွားပြီး ကြက်ဥနဲ့လဲမယ်။ ကြက်ဥက အကောင်လေးတွေ ပေါက်လာမယ်။ ဆယ်ကောင်ဆိုရင် ဝက်တစ်ကောင်ရမယ်။ ဝက်မတစ်ကောင်မွေးထားရင် ဝက်တွေ အများကြီးပွားမယ်။ ဝက်တွေ အများကြီးဖြစ်လာရင် ခြံကျယ်ကျယ် ဆောက်မယ်။ ဝက် ၁၀ ကောင်ရောင်းရင် နွားတစ်ကောင် ရနိုင်ကောင်းရဲ့။ နွားတစ်ကောင်ကို ကောင်းကောင်း မွေးပြီး နွားမကို နို့ညှစ်၊ ဈေးထဲက လူတွေကို နွားနို့ရောင်းခိုင်းရမယ်။ နွားနို့ရောင်းရတဲ့ငွေတွေ ကိုစုထားပြီး လူထွက်၊ မိန်းမယူ။ မွေးလာတဲ့ ကလေးက ဆိုးရင် ဘယ်လိုလုပ်ရပါ့။ အို … ဆိုးရဲဆိုးကြည့် တုတ်စာမိမယ်”
“ဘာဆက်ဖြစ်သွားလဲဘုရား”
“ကလေးကို ရိုက်မယ်ဆိုပြီး လက်နဲ့ရမ်းလိုက်တော့ နွားနို့အိုးကြီး ထိပြီး မှောက်သွားတော့တာပေါ့။ ဒီလိုပဲ မောင်ပဉ္ဇင်း လည်း နွားနို့အိုး မှောက်တော့မယ်နဲ့ တူတယ်”
“ရှက်လှပါတယ်ဘုရား … တပည့်တော် ဆင်ခြင်ပါ့မယ်”
ရဟန်းက ပြောပြောဆိုဆိုနှင့် ထီလက်မှတ်ကို ဆုတ်ဖြဲပြီး အမှိုက်တောင်းထဲ ထည့်လိုက်သည်။
“သာဓု … သာဓု … သာဓု … လူတွေ တွေးသလိုတွေး၊ လူတွေ လုပ်သလို လုပ်၊ လူတွေ ကျင့်သလို လိုက် မကျင့်ကြနဲ့ သိလား။ ကိုယ်တော် တို့က မြင့်မြတ်တဲ့ ရဟန်းတွေ … သံဃာတော်တွေဆိုပြီး ကြည်ညိုနေကြ တာ။ လူတွေလို လိုက်လုပ်နေရင် ဘယ်သူမှ ကိုးကွယ်ချင်တော့မှာ မဟုတ်ဘူး”
(The Dreaming Priest)
တင်ညွန့်
သင်ကြားလေ့လာဗုဒ္ဓဘာသာ