သင့်မျက်နှာပြင် မှန်စွာထင်ဟပ်
လူမြင်တတ်သော သင့်မနောမှာ
ရှည်ကြာဖုံးကွယ် သိုဝှက်လွယ်ဘူး
ငို၊ရယ် ဖူးမှ ပြည့်စုံကြမည့်
လှသည့်ဘဝ အေးချမ်းစွ။
မငိုဖူးသော် ရယ်မြူးပျော်ဘိ
သင်၏ရုပ်သွင် ကြေးမုံပြင်ဝယ်
သတိတွယ်ကာ ကြည့်ဖြစ်ပါက
လူ့လောကရွာ ဝင်လာစဉ်မှ
ငို၍စသည် မြင်နိုင်မည်။
လူရယ်မည်လျှင် မှားမှန်ယှဉ်တွဲ
ရှိတတ်မြဲမို့ တွေ့ကြုံလို့လာ
မှန်တာလည်းရှိ မှားလည်းရှိ၏
မှားသည့်အခါ ရိုးသားစွာပင်
သင်ဝန်ခံကာ ပြုပြင်ပါ။
မှားနေပါလျက် အသိခက်စွာ
ဆက်မှားပါက သင့်ဘဝ၌
ကပ်ဆိုးဆိုက်သော် ရယ်မြူးပျော်ရွှင်
သင့်ရုပ်သွင်မှာ ညိုးငယ်လာရင်း
ပူဆွေးခြင်းဖြင့် အဆိပ်သင့်။
သင်လူသားမို့ မြဲမှန်ဖို့ခက်
သင့်အသက်တာ တည်စဉ်ခါတွင်
အမှန်သင်ပြု အမှားပြုမည်
ရယ်သည်လည်းရှိ ငိုလည်းရှိမှာ
ဒါ လူ့ဘဝ နိယာမ။
လောကလူသား ခရီးသွားရင်း
မှန်ခြင်းမှားခြင်း တစ်ခုကင်းလျက်
တစ်သက်လုံးမှန် မရှိတန်ကောင်း
လူပေါင်းမလှ အကြောင်းပြလျက်
တစ်သက်လုံးမှား မရှိငြားနိုင်
တတ်နိုင်သမျှ ရိုးသားကြလျှင်
သင့်တွင်လည်းကောင်း အေးစေကြောင်း
ဝန်းကျင်လည်းကောင်း မွှေးစေကြောင်း....။
Photo Credit###Google Photo
MSU-035