လူအမျိုးမျိုး စိတ်အထွေအကြား လူတိုင်းမဖြစ်မနေကြုံတွေ့ရမည့်အရာမှာ အမုန်းပင်ဖြစ်ပါသည်။ကိုယ့်ထက်သာမနာလို၊ ကိုယ့်ထက်တော်နေသမျှ ဝန်တိုရန်လိုစိတ်ကတော့ ဖြစ်မိမှာ သေချာပေသည်။သို့သော် ထိုစိတ်ကို ထိန်းချုပ်နိုင်သူနှင့်မထိန်းချုပ်နိုင်သူဟူ၍သာ ကွာခြားသွားမည်ဖြစ်သည်။အသိပညာရင့်ကျက်သူများမှာ မနာလိုစိတ်ကိုထိန်းချုပ်ရင်း စိတ်ကောင်းများဖြင့်ရှင်သန်ကြသည်။မနာလိုစိတ်ကို မထိန်းချုပ်နိုင်သူများမှာ အမုန်းပွားရင်း အရှုံးများဖြင့်နေထိုင်သွားကြရမြဲပင် ဖြစ်ပေသည်။
ရှင်သန်ရုန်းကန်မှုများအကြား မနာလိုခြင်း၊မုန်းခြင်း၊အလိုမကျခြင်း၊အပြစ်ပြောကာ ကဲ့ရဲ့ခြင်းများဖြင့် မလွဲမသွေကြုံတွေ့ရမည်မှာ သေချာပေသည်။ထိုအမုန်းစကားများကို ကိုယ်တိုင်ခံယူမိပါက အပူသောကနှင့် အရှုံးဆီဦးတည်သွားမည်ဖြစ်သည်။ထိုအမုန်းကို အပြုံးဖြင့်ရင်ဆိုင်သမျှ အနိုင်ရခြင်းဆီဦးတည်သွားမည်ဖြစ်သည်။သို့အတွက် သူမုန်းလျှင် ကိုယ်ပြုံးတတ်ဖို့ လိုအပ်လှပေသည်။သူများပြောသော အပြစ်စကား ကိုယ်တိုင်မခံယူဘဲ ဥပေက္ခာပြုရင်း ကိုယ်တိုင်ကြိုးစားခြင်းများကို ဆပွားပြုလုပ်ရမည်ဖြစ်သည်။လူ့ဘဝတွင် တွေ့ကြုံရင်ဆိုင်ရသော ဖြစ်ရပ်များမှာ အများအားဖြင့် ရိုးရှင်းပြီး ဖြစ်မြဲဆိုသော အဆင့်များအတွင်းသာ ရှိပေသည်။ပိုမိုခံစားနေကြသည့်အတွက် ကြီးမားသွားခြင်းဖြစ်သည်။အမှားရှိလျှင်အမှန် ရှိသည်။အရှုံးရှိလျှင် အနိုင်ရှိသည်။အမုန်းရှိလျှင် အချစ်ရှ်ိသည်။သူမုန်းလျှင်လည်း ကိုယ်ပြုံးနိုင်အောင် ကျင့်ဆောင်သင့်လှပေသည်။
ပတ်ဝန်းကျင်တွင် အမြဲကြားနေသော စကားမှာ အလုပ်မရှိခြင်းဆိုသော စကားပင်ဖြစ်သည်။အလုပ်ရှင်အားမေးမြန်းသည့်အခါတွင်လည်း အလုပ်သမားမရှိဘူးဟုပင် ဆိုနေကြပေသည်။အလုပ်ရှင်၊အလုပ်သမားများ၏ လိုအပ်ချက်မှားမတူညီခြင်း၊အလုပ်သမားများအတွက်တွင်မူ ကိုက်ညီသောလုပ်အားခမရရှိခြင်း၊လုပ်အားခပိုမိုရရှိလိုခြင်းကို အခြေခံကာ အလုပ်ပြောင်းရွေ့မှုများပြုလုပ်နေသည့်အတွက် အလုပ်မရှိခြင်းနှင့်အလုပ်သမားမရှိခြင်းများ ကြုံတွေ့နေရပေသည်။မည်သို့ပင်ဖြစ်စေ အလုပ်မရှိလျှင် အလုပ်ရှာရမည်ဖြစ်သည်။ပိတ်နေသော တံခါးများကိုခေါက်မှသာလျှင် လာရောက်ဖွင့်မည်ဖြစ်သည့်အတွက် အုမဲခေါက်နေဖို့သာ လိုအပ်လှပေသည်။လူသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလှပေသည်။ထို့အတူပင် လူသည် သူများဆိုလျှင် အထင်သေးမြဲပင်ဖြစ်သည်။ထိုမတူခြင်းများအကြား အလုပ်နှင့်သက်သေပြခြင်းဖြင့်သာ မှန်ကန်သောဆက်ဆံမှုကို ရရှိမည်ဖြစ်ပေသည်။အလုပ်နှင့်လူသားစွမ်းရည်အကြား ကျွမ်းကျင်မှုများက သက်သေပြုသွားမည်ဖြစ်သည်။ထို့ထက်ပိုဆိုရပါမူ စေတနာထားရှိသည့်အပေါ် အဆုံးအဖြတ်ပေးသွားမည်ဖြစ်ပေသည်။
အလုပ်တစ်ခုမှထွက်ကာ အခြားအလုပ်ကိုပြောင်းရွေ့သူများ အလုပ်မရသည့်အခိုက် စိတ်လေခြင်းများနှင့် ကြုံတွေ့ရမည်မှာ မလွဲပါချေ။လေနေသောစိတ်ပိုင်ဆိုင်ထားသူမှာ ပြီးခဲ့သောအလုပ်ကို ဝေဖန်ခြင်း၊ဆန်းစစ်ခြင်း၊အပြစ်ဆိုခြင်းများဖြင့် အချိန်ကုန်မှုများလည်း ရှိနေပေသည်။တစ်နည်းအားဖြင့် အလုပ်သံယောဇဉ်ဖြင့် အမြဲပြောဆိုနေတတ်ပေသည်။ဖြစ်သင့်သည်က အလုပ်တစ်ခုမှထွက်လာပြီဆိုသည်နှင့် ထိုအလုပ်အကြောင်း ဝေဖန် လေကန်ခြင်းများရပ်ကာ ကိုယ်နှင့်ကိုက်ညီသည့် အလုပ်တစ်ခုကိုသာ သတ္တိရှိရှိလုပ်ကိုင်ရန် ရှာဖွေသင့်လှပေသည်။
ထိုသို့ အလုပ်သစ်ရှာဖွေမှုတွင် ကြောက်ရွံနောက်တွန့်နေသည့်စိတ်ကို ဖယ်ရှားကာ ကြောက်ရွံစိတ်ဖြစ်စေသည့် ပတ်ဝန်းကျင်ကိုရှောင်ရှားရမည်ဖြစ်ပေသည်။ဖြစ်နိုင်ခြင်းများကိုမျှော်လင့်ကာ ရှေ့ဆီလျောက်လှမ်းဖို့ ခွန်အားတို့မွေးမြူကြရမည်ဖြစ်သည်။လူတို့မတိုးတက်ခြင်း၏အဓိက တရားခံမှာ ဓာတ်ပြားဟောင်းကို ပြန်ဖွင့်ကာ ရွှေထီးဆောင်းခဲ့သော အတိတ်ကိုပြန်ပြောရင်း လက်ရှိလုပ်ငန်းကို အားလျော့စေသည့်အတွက်ကြောင့်ပင်ဖြစ်သည်။အလုပ်မှထွက်လာပြီဆိုသည်နှင့် ခရီးလမ်းအသစ်အတွက်သာ အားစိုက်ရပေမည်။မဖြစ်နိုင်သော မျှော်လင့်ချက်များကို စွန့်ကာ ဖြစ်နိုင်ခြင်းများဖြင့် စတင်ပြုလုပ်သင့်ပေသည်။
အသက်အရွယ်ရသည့်တိုင်အောင် ငယ်စဉ်က စွမ်းဆောင်နိုင်ခဲ့ခြင်းများကို မြင်ယောင်ကာ ငယ်စဉ်က သတ္တိကို ပြန်မွေးမြူရမည်ဖြစ်ပေသည်။ကြုံတွေ့လာမည့် လောကဓံအတွက် ပြင်ဆင်ထားရမည်ဖြစ်သည်။အလုပ်တစ်ခုကို မဖြစ်မနေလုပ်မည်ဟု ဆုံးဖြတ်ကာ ခိုင်မာသော ခွန်အားများကို ရယူပစ်ရမည်ဖြစ်သည်။လောကတွင် အရာရာပြောင်းလဲနေသည့်အထဲ အစွဲနှင့်ကျန်ခဲ့သမျှအားလုံးက ချန်ခဲ့မှာ မလွဲပါချေ။ပြောင်းလဲချိန်တွင် မပြောင်းလဲပါက နောင်တများဖြင့်သာ နိဂုံးချုပ်သွားရမည် ဖြစ်ပေသည်။
နယ်မြေသစ်ကို ဝင်လိုက်ပါ။လုပ်ငန်းသစ်များကို ကြိုးစားလိုက်ပါ။ပြောင်းလဲသင့်လျှင် ပြောင်းလဲလိုက်ပါ။သူများထက် နှစ်ဆကြိုးစားပါ။ကိုယ်တော်နေသမျှ မနာလိုသူတို့ပေါ်လာကာ အပြစ်တင်စကားကြားလာရမည်ဖြစ်ပေသည်။ထိုသို့ကြားလာပါက မိမိတိုးတက်နေပြီဟု မှတ်ယူသင့်လှပေသည်။မနာလိုသူတို့ပြောသမျှ စိတ်ဓာတ်ကျရန်မလိုပါချေ။သူတို့မုန်းလျှင် ကိုယ်ကပြုံးနိုင်အောင်ကြိုးစားပြီး ပိုမိုကြိုးစားရပေမည်။သူတို့မချစ်လို့အပြစ်ဆိုသမျှ ကိုယ်ကမေတ္တာဖြင့်သာ တုံ့ပြန်ရင်း အနိုင်ယူသင့်ပေသည်။
ဝဋ်ဆိုသည်မှာ နောင်ဘဝမှဟု မသတ်မှတ်သင့်ပေ။သိပ္ပံနိယာမအရ သက်ရောက်မှုတိုင်းတန်ပြန်သက်ရောက်တတ်ပေသည်။ခေတ်သစ်လူမှူကွန်ရက်ဝေါဟာရစကားအရ သူဘလော့လျှင် ကိုယ်ဘလော့သလို ကိုယ်ကသူများကို ဘလော့ပါက ကိုယ့်ကို ပြန်လည်ဘလော့သူ ပေါ်လာမှာမလွဲပါချေ။သူမုန်းလျှင် ကိုယ်ပြုံးလိုက်ပါ။ကောင်းသောလုပ်ဆောင်ချက်ဖြင့် ဘဝကိုရှင်သန်ရပ်တည်ပါ။လှပသော အပြုံများဖြင့် ပတ်ဝန်းကျင်ကိုကြည့်ရှူပါ။ကောင်းသောနားတို့ဖြင့် ပတ်ဝန်းကျင်အသံကို စစ်ယူနားထောင်လိုက်ပါ။ထိုသို့ပြုမူလုပ်ကိုင်သမျှ မိမိကိုယ်ကို ကျေနပ်ကာ လုပ်ငန်းခံယွင်အတွင်းလည်း ပျော်ရွှင်လာမည်ဖြစ်ပေသည်။အခက်အခဲနှင့်ကြုံလာတိုင်း ကိုယ့်ကိုမုန်းသူပေါ်လာတိုင်း စကားတစ်ခွန်းကို သတိရကာ ထပ်မံကြိုးစားသင့်ပေသည်။ထိုစကားမှာ "သူမုန်းလျှင် ကိုယ်ပြုံးဖို့လိုပါတယ်" ။ ။
Photo Credit: : Facebook Photo
MSU-035