မောင်လေးနဲ့ ညီမလေးတို့ရေ တို့တစ်တွေ အရွယ်ရောက်လာကြပြီ မမဆူခဲ့ ရိုက်ခဲ့ဖူးတာတွေ မှတ်မိနေမယ်ထင်တယ် မမဂရုစိုက်ခဲ့တာတွေကော မမေ့သေးဘူးထင်ပါတယ်မေ့နေခဲ့မယ်ဆိုလည်း ကိစ္စ မရှိပါဘူး မမဉာဏ်မှီသလောက်သင်ပြခဲ့တာတွေ သတိရခဲ့ရင်တော့ ဝမ်းသာရမှာပေါ့။
မမကတော့ မမေ့ဘူး ဒန်ဇလုံကြီးတစ်လုံးထဲ ထမင်းနဲ့ဟင်းတွေထည့်လို့ မမခွံကျွေးခဲ့တာ၊တစ်စုထဲ ဘုရားရှိခိုးကြတာ၊ စောင်စုတ်တွေပေါ် တလှည့်စီတက်ထိုင်ခိုင်း ပတ်ဆွဲပြီး ကြမ်းတိုက်ခဲ့ကြတာ ၊အိပ်ခါနီးတိုင်းလိုလို ပုံပြင်တွေ စကားထှာတွေဝှက်ကြတာ၊ ၃ရေ၊၄ရေ၊၅ရေပြောပြီး သုံးရေ၊ အိမ်သာရေ၊ ချိုးရေ ခပ်ထည့်ဖို့တာဝန်တွေ ခွဲပြီးလုပ်ခဲ့ကြတာ၊အငေါက်အငန်းလေးနဲ့ ဈေးအတင်းရောင်းခိုင်းခဲ့တာ၊ မှတ်မိသလောက်ဆို ပြောမကုန်ပါဘူး၊ အလုပ်ပြီးရင် မျောက်ရှုံးအောင် ကစားကြတာ( အိမ်ရှေ့ မြေတလင်းမှာထုပ်စည်းကွင်းက ရှစ်စည်းရပြီး (၁၆)ယောက်ကစားနိုင်တာတောင် မပါရတဲ့သူရှိသေးတာ) လယ်ထဲသွားကြလည်းတက်ညီလက်ညီနဲ့ မှတ်မိသလောက်ပြောရင် မကုန်နိုင်ပါဘူးတကယ် တကယ်။ စည်းလုံးကြတယ် ချစ်ကြတယ်။
သတိရတယ်ဟာ ခုတော့ တစ်နေရာစီမှာ ရောက်နေကြတယ်။ မောင်လေးနဲ့ ညီမလေးတို့က လိမ္မာကြပါတယ်။ ဒါပေမယ့် မိဘတွေ အရွယ်ရလာပြီ။မမကတော့ အိုနေပြီလို့ မမြင်ပါဘူး ကလေးဆန်လာကြတယ်လို့ မမမြင်မိတယ်။ မိဘတွေက ရှေ့ကိုအမြဲကြိုတွေးကြပါတယ် မမတို့တွေလည်းတွေးကြတာပဲ အမြင်တွေ မတူကြဘူး။တကယ်ကိုမတူတာနော် ကြုံနေတာပဲ ကြုံကြမှာပဲ အဲ့ဒီအခါ စိတ်မကွက်ကြပါနဲ့နော်
ဝမ်းနဲ့လွယ်တဲ့မေမေကော ဝမ်းနဲ့မလွယ်တဲ့ဖေဖေကော မေတ္တာပေးကြတာ မိဘမေတ္တာ အတူတူပါ ။မိဘကသားသမီးကို ပစ္စည်းပေးတဲ့အချိန် သားသမီးတွေကရယ်တယ်။ ပျော်ကြတယ်လေ။ သားသမီးက မိဘကို ပစ္စည်းပေးတဲ့အချိန် မိဘကမျက်ရည်ကျတယ်။ မေတ္တာပို့တယ်။ ဆုတွေပေးတယ်။ ဆံပင်တွေဖြူလာပြီဖြစ်တဲ့ မိဘတွေပေးဆပ်တဲ့ တည်တည်ငြိမ်ငြိမ်မေတ္တာကို မမတို့ ပိုပြီးတန်ဖိုးထားသင့်ပြီ ဂရုမစိုက်မိတာတွေက နောင်တဖြစ်မှာ။
မိဘတွေရဲ့ အမြင်မတူတဲ့ ဂရုစိုက်မှုတွေ မေတ္တာတွေကို ဝန်တစ်ခုလို ထင်မိတာတွေရှိလာကြတယ်။
သူတို့ရဲ့ အသေးစိတ်ဂရုစိုက်တဲ့ စကား၊ အမေးတွေကို စိတ်ရှုပ်ရှုပ်နဲ့ မမတို့ငြင်းဆန်မိတာ မဖြေမိတာတွေရှိလာတယ်။ သူတို့ရင်ထဲက မေတ္တာနဲ့ စိုးရိမ်မှုတွေကိုတော့ မမတို့ သတိမထားမိတာတွေ ရှိလာတယ်။ မမနဲ့ မောင်လေး ညီမလေးတို့ တို့တွေရဲ့ မိဘတွေ ပိုပြီးပျော်ရွှင် ကျေနပ်အောင် ကျိုးစားကြမယ်လေ။ စိတ်ရှည်ရှည်လေး ထားပြီး သူတို့ပြောတာ၊ မေးတာကို ပြန်ပြောကြမယ် ပြန်ဖြေကြမယ်လေ။ သူတို့လိုချင်တာမေတ္တာပါ ပစ္စည်းဥစ္စာမဟုတ်ဘူး ။
(မောင်လေးနဲ့ ညီမလေးတို့အပေါ် ဟိုး ငယ်ငယ်လေး ကတည်းက မပြောင်းလဲဘူး အမြဲချစ်တဲ့မမ)