မိန်းမအိုတစ်ယောက်ရဲ့ လက်မောင်းသားလို
မပျော်ရွှင်မှုကို မျက်နှာမှာ တိုးလို့တွဲလွဲချိတ်ရင်း
သွေးထဲရှိုက်သွင်းနိုင်စရာ တစ်ခုခု
ယုံကြည်မှု/သစ္စာ/ ဖောက်ပြန်မှု/ ပြောင်းလဲမှုကို အာသီသ ပြင်းပြနေတယ်
မေရီဟာ ဂေါ်ဂင်ရဲ့ ဖန်တီးမှုအရောင်တစ်ခုဖြစ်သလို
ညမွှေးပန်းတစ်ခက်လည်း ဖြစ်တယ်
ဒီဗူးဗွားရဲ့ ပုံရိပ်တစ်ခုဖြစ်သလို
နှင်းဆီတစ်ပွင့် သေနတ်တစ်လက်နဲ့
ချစ်ခြင်းမေတ္တာရဲ့ အစေအပါးတစ်ယောက်လည်းဖြစ်တယ်
မေရီဟာ
ရိုးသားစွာ ၀တ်ရုံအခွာခံလိုက်ရတဲ့ အလှတရားဖြစ်ပြီး
နာရီတွေရဲ့ တိုက်စားမှုမှာ ပဲ့ကျသွားတဲ့ ယဉ်ကျေးမှုတစ်မျိုး
ပလက်ဖောင်းပေါ်ခေါင်းတင်ထားတဲ့ အိပ်ပျက်မြို့ဖြစ်ပြီး
မျက်တွင်းဟောက်ပက်နဲ့ သားသားနားရှိနေတဲ့ ကြွေပန်းအိုးတစ်လုံး
ယုံကြည်စိတ်ကို အခွံချွတ်ခံလိုက်ရတဲ့ လိပ်တစ်ကောင်ဖြစ်ပြီး
တဖြည်းဖြည်းချင်းစီ ပိန်ချုံးလာတဲ့ ဇာတိမြေအစစ်
မေရီဟာ မျိုသိပ်မှုပေါင်းများစွာနဲ့ လည်ပင်းတွေ ခြောက်ကပ်နေတယ်
မေရီဟာ တိမ်ရောင်စုံတွေကို တဂွပ်ဂွပ်နဲ့ မော့သောက်ချင်
ဗော့လဂါမြစ်ထဲ ကူးခတ်ကြည့်ချင်နေတယ်
ကောင်းကင်ပြာပြာထဲ ရွက်လွှင့်ရင်း
အိပ်မက်တွေ ကြဲပစ်ချင်နေတယ်
မေရီဟာ
ဘ၀ပေါင်းများစွာမှာ ပျော်မွေ့ကြည့်ချင်နေတဲ့သူ
တစ်ကမ္ဘာလုံးကို ဆွဲစိပစ်နိုင်ဖို့ အယ်နီညိုတွေကို ခတ်ထုတ်ပစ်ချင်နေတဲ့သူ
အဲ့ဒီသူ မေရီဟာ နတ်ဒေ၀တာတစ်ယောက်နဲ့ တွေ့ဆုံချင်နေတယ်
ဥုံဂါထာ မန်းမှုတ်လိုက်ရင် ကြွက်တစ်ကောင်ဖြစ်သွားတဲ့
ဇာတ်လိုက်အကြောင်းတွေကစ
အဖြေရှာမရတဲ့ ၀င်္ကဘာတွေထဲက ထွက်နိုင်ဖို့
တန်ခိုးရှင်တစ်ပါးပါးနဲ့ အမြန့်အမြန်ဆုံးတွေ့ချင်နေတယ်။