အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်ဟု ဆိုထားသော်လည်း တကယ်တမ်းတွင်မူ လျှို့ဝှက်ချက် မဟုတ်ချေ။ လူအများ သတိမမူမိသောကြောင့်ဖြစ်သည်။ သတိမူမိသည်ဆိုစေကာမူ အလေးမထားကြ သောကြောင့်ဖြစ်သည်။ ထိုအချက်လေးကို ကျွန်တော်က အစဖော် ထောက်ပြပေးရုံသက်သက်သာ ဖြစ်သည်။ လိုက်နာကျင့်သုံးခြင်းဆိုသည်က သင့်အပေါ်တွင်သာ လုံးလုံးမူတည်နေသည်။ အောင်မြင်သူတစ်ယောက်ကို သတိထားကြည့်မည်ဆိုပါက သူ့တွင် ဝန်းကျင်ကောင်းရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုဝန်းကျင်တွင် သူ့အတွက် မနည်းလှသော မိတ်ဆွေများရှိနေကြသည်။
ဆယ်တန်းကျောင်းသားလေး တစ်ယောက်၏ ဝန်းကျင်ကို ကြည့်မည်ဆိုပါက မိမိတို့တတ်နိုင်သမျှ ဖြင့် အကောင်းဆုံးကျောင်း၊ အကောင်းဆုံးကျူရှင်ကို ထားသည့် မိဘများရှိသည်။ သင်သည့် ဆရာ၊ ဆရာမများမှာလည်း စာမလိုက်နိုင်သည့်ကျောင်းသားကို စာမေးပွဲအောင်စေရန်၊ အောင်နိုင်သည့် ကျောင်းသားကို ဂုဏ်ထူးထွက်လာစေရန်၊ ဂုဏ်ထူးထွက်နိုင်သည့်ကျောင်းသားကို ဘာသာစုံဂုဏ်ထူး ထွက်လာစေရန် ကြိုးစားသင်ကြားပေးသူများ ဖြစ်ကြသည်။ နွမ်းပါးသဖြင့် အခကြေးငွေပေးရသည့် ကျူရှင် မနေနိုင်စေကာမူ မသိနားမလည်သည်များကို မေးလာလျှင် ကူညီရှင်းပြပေးမည့် ဝန်းကျင်ဖြစ်သည်။ ကျောင်းသားဘက်မှ ရိုးသားကြိုးစားရန်သာလိုသည်။
ကျောင်းပြင်ပမှ လူမှုဘဝနယ်ပယ်တွင်လည်း ဤအတိုင်းသာပင်ဖြစ်သည်။ အောင်မြင်လိုသူ အတွက် ဝန်းကျင်ကောင်း မိတ်ဆွေကောင်းရှိရန်လိုသည်။ မရှိခဲ့လျှင်လည်း ရှိအောင်ဖန်တီးရမည်မှာ သင်၏တာဝန်ဖြစ်သည်။ ဝန်းကျင်ကို မပြောင်းလဲနိုင်ခင်မှာတော့ ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲသင့်သည် မဟုတ်လား။ သင့်ဘက်မှ ရိုးသားမှုရှိဖို့လိုသည်။ ရိုးသားခြင်းသည် အကောင်းဆုံးမူဝါဒပင်ဖြစ်သည်။ ရိုးသားမှုရှိသူဖြစ်မှသာလျှင် သင်နှင့်ဆက်ဆံရမည့်သူများ စိတ်ချယုံကြည်မှုကို ခံစားရမှာဖြစ်သည်။ ထို့အပြင်သင်သည် ကြိုးစားသူတစ်ယောက်ဖြစ်ဖို့လည်း လိုသည်။ သံကို သံလိုက်သည် ဆွဲဆောင်သကဲ့သို့ ကြိုးစားမည့်သူအချင်းချင်းကိုလည်း အလုပ်ကြိုးစားသူကသာလျှင် ဆွဲဆောင်နိုင်သည်။
အောင်မြင်လိုသူအတွက် ရိုးသားကြိုးစားခြင်းသည် မရှိမဖြစ်အခြေခံအချက်ဖြစ်သည်။ သင့်တွင် ဤအရည်အချင်းနှစ်ရပ်တည်းသာ ရှိမည်ဆိုပါက အောင်မြင်သူ၊ ဦးဆောင်နိုင်သူ ဖြစ်မလာဘဲ ဝန်ထမ်းကောင်း အဆင့်တွင်သာ ရပ်တန့်နေပေလိမ့်မည်။ ထို့အတွက် သင်သည် တီထွင်ဖန်တီးနိုင်စွမ်း ရှိရန်လိုအပ်သည်။ သင်၏သိမှုနယ်ပယ်ကို ချဲ့ရန်လိုသည်။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်အတိုင်း အသိပညာ၊ ဗဟုသုတတိုးမည့်စာများ၊ စိတ်ဓာတ်ခွန်အားကိုပေးသည့် တက်ကျမ်းများကို ဖတ်ရန်လိုသည်။ မိတ်ဆွေများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ကိုယ်ချင်းစာတရားအတိနှင့် ဆက်ဆံနိုင်ရန်အတွက် ရသစာပေများကိုလည်း ဖတ်ရန်လိုအပ်သည်။ သင်သည် စာဖတ်သူတစ်ဦးဖြစ်လာသည်နှင့်အမျှ သင့်တွင် မပြောင်းလဲနိုင်သည့် မိတ်ဆွေများလည်း တိုးပွားလာပြီဖြစ်သည်။