Crdit:photo
ငါးတစ်ကောင်ဟာ ခုန်တဲ့အချိန်မှာ မတော်တဆကမ်းပေါ်ကိုခုန်တက်မိတယ်။ ငါးဟာ ရေထဲပြန်ရောက်ဖို့ ဘယ်လိုပဲကြိုးစားကြိုးစား မရခဲ့ဘူး။ ဒီလိုနဲ့နောက်ဆုံးမှာအင်အားတွေကုန်ခမ်းပြီး ကြိုးစားခုန်ဖို့ငါးလက်လွှတ်လိုက်တယ်။ ကမ်းပေါ်
မှာပဲသေဆုံးသွားဖို့သူစောင့်နေခဲ့တယ်။
အဲ့ဒီအချိန်မှာ ငါးနံဘေးနား ပုရွက်ဆိတ်တစ်အုံရောက်လာပြီး ငါးသေနိုင်တယ်၊ သေကိုသေရမယ်လို့ ဝိုင်းဝေဖန်ကြတော့တယ်။ အဲ့ဒီမှာ ပုရွက်ဆိတ်လေးတစ်ကောင်က "ငါးသေမယ်လို့ မပြောနိုင်သေးဘူး... သူ့ကို ရေထဲရောက်အောင် ငါတို့လုပ်နိုင်တယ်" လို့ဆိုတယ်။
ပုရွက်ဆိတ်လေးရဲ့စကားကိုကြားတော့ ကျန်ပုရွက်ဆိတ်တွေက တအံ့တသြနဲ့ "ငါးကိုရေထဲ ဘယ်လိုပြန်ပို့မလဲ?"ဆိုတော့ ပုရွက်ဆိတ်လေးက "ငါးကို ကျွန်တော်တို့ ဝိုင်းဆွဲဖို့မဟုတ်ဘူး။ ငါးကို ကျွန်တော်တို့ ဝိုင်းကိုက်ကြဖို့ပါ" လို့ ပြန်ပြောတယ်။
ပုရွက်ဆိတ်လေးပြောတာကို အားလုံးကအဓိပ္ပာယ်ရှိတယ်ဆိုပြီး ငါးပေါ်ကိုဝိုင်းတက်ကိုက်ကြတော့တယ်။ ပုရွက်ဆိတ်တွေ အားကုန်ကိုက်တော့ ငါးဟာ နာကျင်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး ထထခုန်ပါတော့တယ်။ ခုန်ရင်းခုန်ရင်း ငါးဟာ နောက်ဆုံးမှာ ရေထဲကို ရောက်သွားပါတော့တယ်........
လက်ရှိမှာလည်းအဲ့သလို အဖြစ်မျိုးတွေရှိပါတယ်။ အမြင့်ရောက်ဖို့ တက်လှမ်းတဲ့အခါမှာ လမ်းလွဲမှုတွေရှိပါတယ်။ အဲ့ဒီလို လမ်းလွဲမှုတွေကို ကဲ့ရဲ့တဲ့သူတွေရှိသလို အကျိုးလိုလားလို့ အမုန်းခံပြောဆိုမှုတွေရှိပါတယ်။ နာကျင်မှုကို ခံစားရင်း လမ်းမှန်ပြန်ရောက်နိုင်သလို နာကျင်မှုကြောင့် အမုန်းဆိုတာတွေလဲဖြစ်တတ်ပါတယ်။
ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် နာကျင်မှုတွေက သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ခန္ဓာရဲ့နာကျင်မှုက ခန္ဓာကိုယ်ထိခိုက်နေပြီဆိုတာသတိပြုဖို့လိုအပ်ပြီဆိုတဲ့အကြောင်းသတိပေးတာဖြစ်တယ်။ စိတ်ရဲ့နာကျင်မှုကိုတော့ ဘယ်လိုဘယ်ပုံအဓိပ္ပာယ်ကောက်ယူဖို့ သိနားလည်ရင် ကြီးပြင်းရင့်ကျက်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။
Credit to NL