Credit:photo
(Supervisor) ၏ မြန်မာလိုအနက်မှာ ကြီးကြပ်ရေးမှူးဖြစ်သည်။ သို့သော် ယခုအခါတွင် (Super:/Supervisor) စသည်ဖြင့် တိုက်ရိုက်ခေါ်ရသည်က ပို၍တွင်ကျယ်နေပါသည်။ မည်သို့ပင်ခေါ်သည်ဖြစ်စေ၊ မည်သည့် လုပ်ငန်းနယ်ပယ်မှဖြစ်စေ (Supervisor) တစ်ယောက်၏ လုပ်ငန်းတာဝန်များကတော့ အတူတူပင် ဖြစ်သည်။ (Supervisor) တစ်ယောက်၏ (S.O.P/JD) များကို ချရေးကြည့်မည်ဆိုလျှင် နံပါတ်စဉ် (၂၀)ကျော်၊ (၃၀) နီးပါးရှိနိုင်ပါသည်။ သို့သော် အချုပ်ကို ကြည့်မည်ဆိုလျှင်တော့ (၃)ချက်မျှသာ ရှိပါမည်။ ၎င်းတို့မှာ
(၁) Technical Skills
(၂) People Skills
(၃) Conceptual Skills
စသည်တို့ ဖြစ်သည်။
(၁) Technical Skills ဆိုသည်မှာ နည်းစနစ်များ၊ နည်းပညာများ၊ လုပ်ထုံးလုပ်နည်းများကို ဆိုလိုသည်။ ဥပမာဆိုရလျှင် ဧည့်ကြိုတစ်ယောက်အနေဖြင့် မည်သို့ ဆောင်ရွက်လျှင် (Check-In/Check-Out) မြန်မြန်လုပ်ပေးနိုင်သနည်း။ (Waiter) တစ်ယောက်အနေဖြင့် မည်သို့ဆောင်ရွက်လျှင် ပန်းကန်ပြား မည်မျှသယ်နိုင်မည်နည်း။ အိပ်ခန်းဆောင်ထိမ်းသိမ်းရေးဝန်ထမ်းတစ်ယောက်အနေဖြင့် မည်သို့ဆောင်ရွက်လျှင် အချိန်တိုအတွင်း အခန်းရှင်းပြီးနိုင်သနည်း။ ထိုကဲ့သို့သော နည်းလမ်းများ၊ နည်းစနစ်များ ဖြစ်သည်။
(၂) People Skills ဆိုသည်မှာ ကိုယ့်ရဲ့ (Team) အကြောင်းကို သိထားခြင်းဖြစ်သည်။ မည်သူ့ကိုတော့ဖြင့် မည်သို့ (Motivate) လုပ်ပေးလျှင် ရနိုင်သည်။ မည်သူကတော့ (Training) ပေးမှဖြစ်မည်။ မည်သူကတော့ မည်သည့်တာဝန်ကို ယူခိုင်း၍ ရနိုင်ပြီ။ ကိုယ်စားလှယ်လွှဲပေးနိုင်ပြီ။ စသည်ဖြင့် သိထားခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် (Supervisor) တစ်ယောက်သည် (HR) တစ်ယောက်၏ တာဝန်ဝတ္တရားတချို့ကိုလည်း ပိုင်နိုင်ထားရမည်။ အလုပ်တာဝန် မပြီးစီးတတ်သည့် ဝန်ထမ်းကို (Remind) လုပ်မည်။ နောက်တစ်ခါ (Notice) လုပ်မည်။ နောက်ထပ်တစ်ခါဖြစ်လာလျှင် (Warning) လုပ်မည်။ (Warning) နောက်မှာတော့ (Action) ဖြစ်သည်။
(၃) Conceptual Skills ဆိုသည်မှာ ဆက်စပ်တွေးခေါ်နိုင်သည့် စွမ်းရည်ဖြစ်သည်။ ကိစ္စတစ်ရပ်ကို (Analyze) လုပ်နိုင်ရမည်။ လက်အောက်ငယ်သားတင်ပြသည်နှင့် ပြဿနာသည် ဘာဆိုသည်ကို သိမြင်နေရမည် ဖြစ်သလို ဘယ်လိုဖြေရှင်းလျှင် အဆင်ပြေနိုင်မည်ကိုလည်း သိမြင်ထားသူဖြစ်သည်။ ထိုသို့ (Focast) လုပ်နိုင်ခြင်းကြောင့် သူ၏ပုံရိပ်သည် ငယ်သားတို့၏အမြင်တွင် (Vision) ကောင်းနေပေလိမ့်မည်။ ငယ်သားတို့အတွက် စံပြပုံရိပ် ဖြစ်နေပေလိမ့်မည်။
ကျွန်တော်နှစ်သက်သဘောကျသည့် စံတစ်ခုရှိပါသည်။ စာအုပ်တစ်အုပ်ထဲမှ ဖတ်ဖူးထားခြင်း ဖြစ်သည်။ လူတစ်ယောက်သည် သူရောက်နေသည့်၊ တာဝန်ယူထားရသည့် အဆင့်ရာထူးထက် နှစ်ဆင့်မျှပိုသည့် ရာထူးတာဝန်ကိုလည်း ထမ်းဆောင်နိုင်ရမည်။ ထို့အတူ တာဝန်ယူထားရသည့် ရာထူးထက် နှစ်ဆင့်မျှနိမ့်သည့် ရာထူးအဆင့်ရှိ တာဝန်များကိုလည်း လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။ သို့မှသာ အရည်အချင်းပြည့်ဝသည့် လူတစ်ယောက်အဖြစ် မှတ်ကျောက်တင်ခံနိုင်မည် ဖြစ်သည်။
ထိုသို့ မတွေးမိခင်၊ မခံယူမိခင်ကဆိုလျှင် ကိုယ့်တာဝန်ကျေဖို့ (Dutyful) ဖြစ်ဖို့သည် ဦးစားပေးဖြစ်ခဲ့သည်။ သင်ရိုးကျေဖို့အဓိကဆိုသည့် စာအုပ်ကြီးသမား ဖြစ်ခဲ့သည်။ ဒါငါ့တာဝန်မှ မဟုတ်တာ၊ သူတို့က ရာထူးတွေယူထားပြီး ဘာလုပ်နေကြတာတုန်း စသည်ဖြင့် မတွေးတော့ဘဲ တာဝန်တစ်ခုသည်၊ စိန်ခေါ်မှုတစ်ခုသည် မိမိအတွက် အခွင့်အရေးတံခါးတစ်ချပ်အဖြစ် အမြင်ပြောင်းသွားပြီးနောက်မှာတော့ လုပ်ရကိုင်ရသည်မှာ ပိုလွယ်လာသည်။ ပိုပျော်လာသည်။ မိမိကိုယ်ကိုယ် ပိုအထင်ကြီးလာ၊ လေးစားလာမိသည်။ ဆိုလိုသည်မှာ ဒါတွေ ငါလုပ်နိုင်တယ်၊ ငါလုပ်တတ်တယ် ဆိုသည့် ယုံကြည်မှုကြောင့် ဖြစ်သည်။ တစ်ချိန်တွင် ရာထူးကြီးကြီးကို တာဝန်ယူရမည်ဆိုလျှင် အဆင်သင့်ဖြစ်နေသူတစ်ယောက် ဖြစ်နေပြီ မဟုတ်လား။
(Supervisor) ဟု ခေါင်းစဉ်တပ်ရခြင်းမှာ (Supervisor) သည် အခြေခံမှ စဝင်လာခဲ့လျှင် သင့်တင့်သည့် လုပ်သက်၊ အတွေ့အကြုံတို့လည်း ရပြီးဖြစ်သည်။ (Asst:Manager/Manager) များ၏ လမ်းညွှန်ချက်ကို ငယ်သားဝန်ထမ်းများနှင့်အတူ အကောင်အထည်ဖော်နေရသူ ဖြစ်သည်။ အောက်လက်ငယ်သားနှင့် အမြဲထိတွေ့နေသလို (Manager) များနှင့်လည်း တွေ့ဆုံနေရသူဖြစ်သည်။ (Supervisor) ဘဝသည် လေ့လာသင်ယူ၍ အကောင်းဆုံးအချိန်ဖြစ်သည်။ အထက်လူကြီးများ၏ (Management) ကို လေ့လာသင်ယူခွင့်ရနေသလို အောက်လက်ငယ်သားများနှင့် (Operation) ကို ဦးဆောင်နေရသူ မဟုတ်လား။
လူတစ်ယောက်၏ တန်ဖိုးသည် တာဝန်ယူစိတ် ဖြစ်သည်။ ရာထူးနှင့် ဌာနသည် အရေးပါသော်လည်း လူတစ်ယောက်၏တန်ဖိုးကို တွက်ချက်ရာတွင် တာဝန်ယူစိတ်သည် အဓိကကျပါသည်။ တာဝန်ယူမှု ကင်းမဲ့သည့် မန်နေဂျာတစ်ယောက်ထက် (Supervisor) တစ်ယောက်က ပို၍ တန်ဖိုးရှိပါသည်။ လုပ်ငန်းစုကြီးတစ်ခုတွင် (Supervisor) ဟူသည် (Manager) ဟူသည့် ခိုင်မာသည့် ထောက်တိုင်များအနက်မှ ခိုင်မာသည့် ထောက်တိုင်တစ်ချောင်းဖြစ်ကြောင်း အသိပေးလိုရင်း ဖြစ်ပါသည်။
(Learning is never end.)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
(၉.၁.၂၀၁၈ နေ့လည် ၁၂း၀၆ မိနစ်)