ဘ၀မှာ လူသားပီပီ စား ၀တ်နေရေး အတွက် ရုန်းကန်ရမည်။
အလုပ်ရှိမည်၊ ငွေကြေးရှိမည်၊
အိမ်ထောင်မိသားစုရှိမည်၊ ဇနီး ခင်ပွန်း ချစ်သူ ရှိမည်၊ မိတ်ဆွေရှိမည်။
ဒါတွေ ဘာမှ မရှိတော့တဲ့အခါ ဒီလူအဖို့ ဘယ်လိုရှေ့ဆက်ရပါ့…..။
ဒီအဖြေကို နစ်ခ်ဟယ်လ် ဆေး က ကျွန်မကို ပါးပါးလျပ်လျပ်လေး ချပြခဲ့သည်။
xxxxxx
နစ်ခ်ဟယ်လ်ဆေး စိတ်လေနေသည်။ ကားကို ဘယ်ဆီမောင်းရပါ့။ သူ အလုပ်လုပ်သည့် ကုမ္ပဏီက အပြောင်းအလဲလုပ်ဖို့ စဉ်းစားသည့်အခါ သူ့လို လခများများ လူကြီးဝန်ထမ်းထက် လစာနည်းနည်း လူငယ် ၀န်ထမ်းအသစ်တွေကို အစားထိုးတော့မည်။ ၁၅နှစ်လုံးလုံးအချိန်တွေ ဒီကုမ္ပဏီကို ပေးဆပ်ခဲ့ခြင်း၏ရလဒ်က အလုပ်ထွက်ရခြင်းပဲလား။ နစ်ခ်စိတ်ထဲ ခံပြင်းလှသည်။ ပိုဆိုးတာက ရိုးရိုးသားသား နှင်ထုတ်ခြင်းမဟုတ်ဘဲ ဘယ်နှခုနှစ်က ဘယ်လိုဖြစ်ပျက်ခဲ့ ဆိုပြီး အရက်မူးလွန်စဉ်က အပြစ်တွေကို ခုမှ ထုတ်ဖော်ပြောခံ ရတာပါပဲ။ သူ့အပိုင်ပစ္စည်းတွေကို ပုံး သုံးပုံးနှင့် ယူသွားနိုင်သည်တဲ့။ ဒါဆိုလုံလောက်ပြီတဲ့။ ကားကိုတော့ အခုလ နောက်ဆုံးပတ်ထိ အသုံးပြုနိုင်သေးသည်။ ဒီတော့လည်း ဒီကားတစ်စီးနှင့်ပဲ စိတ်ဦးတည့်ရာ လျှောက်သွားရတော့မည်။ ကားကို ရပ်လိုက်၊ ဘီယာ တစ်ဘူးမော့သောက်လိုက်။ နစ်ခ်အတွက် ဒီဘီယာဘူးတွေက မိတ်ဆွေထက် ရင်းနှီးမှုပိုနေကျ အဖော်တွေဖြစ်သည်။
`မင်းရဲ့ထုတ်ကုန်ကို သိရမယ်၊ အလုပ်ထဲမှာ ပါစင်နယ်ကွန်ပျူတာဖြစ်ဖြစ်၊ စာရွက်တစ်ရွက်ပဲဖြစ်ဖြစ် ဘယ်လို အလုပ်လုပ်နေ တယ်ဆိုတာ သိရမယ်၊ ဖောက်သည်ကို သိရမယ်၊ သူတို့ဆီက ရသမျှ အကုန် သင်ယူရမယ်။ သူတို့ ဘာလိုချင်တယ် ဘာမလိုချင်ဘူး ဆိုတာ နားထောင်နိုင်ရမယ်၊ ကွက်ကျော်ကြိုမြင်နေရမယ်။ အဖြေမရှိရင် အဖြေကို ရှာကိုရှာရမယ်၊ ရှင်းရှင်းလေးပဲ……´။
မနေ့ကအထိ တော့ ပြောခဲ့တဲ့စကားအတိုင်း တစ်သဝေမတိမ်း နစ်ခ် အလုပ်တွေလုပ်နိုင်ခဲ့သားပဲ။ အခု……။
နစ်ခ်သိလိုက်ပြီ။ ထွေးရှုပ်လိမ်ရစ်တဲ့ စိတ်တွေနဲ့ အိမ်ကို ပြန်လာတော့ အံ့သြကြေကွဲစရာ မြင်ကွင်းတစ်ခုက ဆီးကြိုနေသည်။ အိမ်ထဲရှိသမျှ သူ့ကိုယ်ပိုင်ပစ္စည်းမှန်သမျှက အိမ်ရှေ့ မြက်ခင်းပြင်မှာ ဖရိုဖရဲပြန့်ကြဲ နေသည်။ အိမ်ကလည်း သော့ပြောင်းပိတ်ခံထားရပြီ။ တံခါးရွက်က သော့အိမ်က သူ့သော့တံကို မှတ်မိနိုင် ခြင်းမရှိတော့။ ကိုယ်ပိုင်လျှို့ဝှက်နံပါတ်ကိုလည်း သူ့အိမ်တံခါးက ငြင်းဆန်ခဲ့ပြီ။ ထူးဆန်းလှချည့်။ မတတ်နိုင်။ ဇနီးသည် ကက်သရင်းဆီ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်။ ဒီနေ့ ငါအလုပ်ပြုတ်ခဲ့တယ်လို့ ပြောပြမယ့် စကားတစ်ခွန်းကိုတောင် အချိန်ပေး နားထောင်မယ့်သူ မရှိ။ ပစ္စည်းအစုအပုံတွေကြားမှာ ဆက်တီတစ်ခုံကို ချကာ အဲဒီခုံပေါ် ထိုင်လျက် အိပ်ရတော့သည်။ မနက်လင်းတော့ အိမ်ရှေ့အိမ်မှာ မိန်းမတစ်ယောက် ပစ္စည်းတွေချနေတာမြင်သည်။ အိမ်ပြောင်းလာတာဖြစ်မည်။ ဗိုက်အနည်းငယ်စူထွက်နေသည့် ကိုယ်ဝန်ဆောင်မိန်းမကို ပစ္စည်းတချို့နစ်ခ် ကူသယ်ပေးလိုက်သည်။ သူမ နာမည်က စမန်သာ။