ပညာခေတ်တွင် လမ်းလျှောက်ခြင်း
နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတော့ နည်းပညာနောက် တကောက်ကောက်လိုက်နေရတော့တာပါပဲ။ ကွန်ပျူတာကိုလည်း စွဲစွဲလမ်းလမ်းဖြစ်နေပြီ။ အင်တာနက်ကိုလည်း ခုထိ မွှေနှောက်နေတုန်း။ ဆိုရှယ်မီဒီယာ ကလည်း စိတ်ကူးထဲပေါ်တာလေး ရေးတင်လိုက်။ ဟန်ကိုကျနေတော့တာပဲ။
မနေ့က ရုံးက မိတ်ဆွေလူငယ်တစ်ယောက်နဲ့ စကားပြောတော့
“MP 3 player လေးတစ်လုံးလောက် လိုချင်လိုက်တာ” လို့ပြောမိတယ်
“ဘာလုပ်မလို့လဲ”
“လမ်းလျှောက်ရင်း နားထောင်ချင်တာတွေ ရှိလို့ပါ”
“ဒီခေတ်က MP3 Player ခေတ်မဟုတ်တော့ဘူး။ Bluetooth ခေတ်ဖြစ်သွားပြီ” တဲ့
ကျွန်တော့်မိတ်ဆွေက နည်းပညာခရေဇီ။ အတော်များများကို လိုက်ကလိနေတာကြောင့် သူကပိုသိတယ်။ ကျွန်တော်ကတော့ ဖုန်းဆိုတာ အင်တာနက်ချိတ်သုံးဖို့လောက်ပဲ သုံးတာဆိုတော့ အဆက်အသွယ်တွေ ပြတ်နေပြီ။
ဒီလိုနဲ့ ကွန်ပျူတာအရောင်းဆိုင်ရောက်။ Bluetooth နားကြပ်ဝယ်ရပြီပေါ့။ မပြီးသေးဘူး နောက်ဆက်တွဲက ပါလိုက်သေးတယ်။ ဖုန်းထဲမှာ memory တစ်ကတ် ထပ်စိုက်ရတယ်။ ဖုန်းထဲကို ဖိုင်တွေထည့်ထားရမှာဆိုတော့ memory ကတ်မရှိတဲ့အတွက် ထပ်ဝယ်ထည့်၊ မူလက မှန်းထားတာထက် ပိုကုန်ပြန်တယ်။
ပြန်ရောက်လာပြီးကတည်းက ဖုန်းကိုကလိ၊ ကွန်ပျူတာမှာ Bluetooth သင်္ကေတလေးမပေါ်လို့ အင်တာနက်ထဲ ရှာတာကပဲ မိုးချုပ်သွားတယ်။ ဆော့ဖ်ဝဲတွေတင်၊ setting တွေပြင်၊ ဖိုင်တွေကိုသွင်း၊ စမ်းသပ်၊ တစ်ညလုံး ပတ်ချာကိုလည်သွားတော့တာပဲ။
ကျွန်တော့်မှာ မိတ်ဆွေတစ်ဦးကပေးထားတဲ့ အင်္ဂလိပ်ဝတ္ထုတွေအသံဖိုင်တွေနဲ့ အများကြီးရှိတယ်။ BBC, VOA က ထုတ်လွှင့်ခဲ့သမျှ ကြိုက်တဲ့ အင်္ဂလိပ်ပိုင်းအစီအစဉ်တွေကိုလည်း ကူးထားတာ နှစ်အလိုက် အများကြီးရှိ တယ်။ အဲဒီအတွက်လည်း External သိုလှောင်ဟာ့ဒ်ဒစ်တစ်လုံး သီးခြားဝယ်ထားရတယ်။ သိမ်းတာတွေ များလွန်းလို့ တစ်လုံးတောင်ပြည့်တော့မယ်
မနက်ဆိုရင် အနည်းဆုံး ၁ နာရီ လမ်းလျှောက်တယ်။ ဘတ်စ်ကားက တစ်နေ့ကို အနည်းဆုံး အသွားအပြန် မစီးရဘူးဆိုရင် ၁ နာရီလောက် ကြာတယ်။ ဒီတော့ တစ်နေ့ ၂ နာရီကို အကျိုးရှိအောင် ငါဘာလုပ်မလဲပေါ့။
ဒီမနက်ကစပြီးတော့ အဆင်ကိုပြေလို့။ အိုင်စတိုင်း၊ နယူတန်၊ ဒစ္စနေးတို့အကြောင်းတွေကို လမ်းလျှောက်ရင်း နားထောင်သွားတာ။
Bluetooth နားကြပ်ဆိုတော့ နားထဲကို ဘုလေးနှစ်ခုထည့်၊ ကြိုးလေးက လည်ပင်းနောက်မှာတန်းလန်း၊ ဖုန်းက ဘောင်းဘီအိတ်ထဲမှာ။ အဘိုးကြီးပေမယ့် အထင်တော့ မသေးနဲ့ စတိုင်နဲ့ … မလိုင်နဲ့
သင်ခန်းစာ ၅ ပုဒ်လောက်နားထောင်ဖြစ်သွားတယ်။ ကောင်းလိုက်တာ အရသာရှိလိုက်တာ။ ပတ်ဝန်းကျင်ကို မြင်သာမြင်တယ် ဘာအသံမှလည်း မကြားရတော့ဘူး။ နားကြပ်နဲ့ လမ်းလျှောက်နေတာဆိုတော့ ရေကန်ဆီကို ရောက်အောင် ကားလမ်းကို အသုံးမပြုဝံ့တော့ဘူး။ လမ်းကြားဖြတ်လမ်းတွေပဲ သုံးရတော့တယ်။
ဒီမနက်က မိုးလေးကအုံ့အုံ့။ လေကတဖြူးဖြူး။ နားထဲမှာ ကိုယ်မသိသေးတဲ့အကြောင်းတွေနားထောင်။ ငြိမ်းချမ်းမှုတစ်ခုလို့ မှတ်ယူနေတုန်း၊ ကိုယ့်ထက်ကြီးပုံပေါ်တဲ့တစ်ယောက်က စကားလာပြောတယ်။ သူပြောတာ မကြားလို့ နားကြပ်ကိုချွတ်လိုက်ပြီး
“ဟင်” လို့ ပြန်မေးလိုက်တော့
“ဘာတရားနာနေတာလဲ” တဲ့
အင်း … ကိုယ့်ပုံက တရားနာရမယ့် ပုံပေါက်နေလို့လားမသိ
တင်ညွန့်
photo : google