လူတစ်ယောက်ရဲ့တန်ဖိုး
( လူငယ်တွေ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ)
အင်တာနက်မှာ ဖတ်ဖူးခဲ့တဲ့ ပုံပြင်လေးတစ်
ပုဒ်ဖြစ်ပါတယ်။ ဖတ်မှတ်ဖူးသူများလည်း ရှိနိုင် ပါ
တယ်။ ဒါပေမယ့် ဘ၀အတွက် အလွန်ကောင်းတဲ့
သင်ခန်းစာနဲ့ စိတ်ခံစားမှုလေးတွေကို ရရှိနိုင်တာမို့
ထပ်မံ ပြန်ဆိုဖွဲ့နွဲပေးလိုက်ပါတယ်။
တစ်ခါက လူငယ်တစ်ဦးက ပညာရှိအဘိုးအိုကို
လူတစ်ယောက်ရဲ့တန်ဖိုးက ဘာလဲလို့ မေးပါ
တယ်။ ပညာရှိအဘိုးအိုက လူငယ်ရဲ့မေးခွန်းကို
မဖြေသေးပဲ ကျောက်တုံးလေးတစ်လုံးကို ပေး
လိုက်ပြီး ၄င်းရဲ့တန်ဖိုးကို စုံစမ်းရုံသာ စုံစမ်းခဲ့ဖို့နဲ့
မရောင်းခဲ့ဖို့ မှာလိုက်ပါတယ်။
လူငယ်လည်း ကျောက်တုံးလေးကို ယူခဲ့ပြီး ဈေး
ရုံဘက်ကို လျှောက်လာခဲ့တယ်။ ကျောက်တုံးလေး
ရဲ့တန်ဖိုးကို ဈေးသည်တွေသိလိမ့်မယ်လို့လည်း
အထင်ရှိခဲ့ဟန်တူ ပါတယ်။
ဒါနဲ့ ဈေးရုံထိပ်နားမှာ စတွေ့ရတဲ့ လိမ္မော်သီးသည်ကို
ကျောက်တုံးလေးပြပြီး တန်ဖိုးမေးတော့ သူ့ကို
ရောင်းရင် လိမ္မော်သီး(၁၂)လုံးပေးမယ်လို့ ပြော
ပါတယ်။ လူငယ်လည်း အဘိုးအိုက စုံစမ်းရုံသာ
စုံစမ်းခိုင်းတဲ့အတွက် မရောင်းသေးပါကြောင်းပြော
ပြီး ဆက်လျှောက်လာခဲ့တယ်။
ဒီလိုနဲ့ သဘောကောင်းပုံပေါ်တဲ့ ဟင်းသီး
ဟင်းရွက်သည်ကို ထပ်တွေ့ပြီး မေးကြည့်ပြန်တော့
သူ့ကိုရောင်းရင် အာလူးတစ်အိတ်ပေးမယ်လို့ ပြော
ပြန်ပါတယ်။ ဒီအခါမှာလည်း ဈေးစုံစမ်းကြည့်ရုံသာ
ဖြစ်ကြောင်း ပြောဆိုပြီး ဆက်လျှောက်ခဲ့ပြန်ပါတယ်။
ဟင်းရွက်သည်နဲ့ နည်းနည်းဝေးတဲ့ ဈေးရုံအစွန်တစ်
နေရာအရောက်မှာတော့ ရတနာပစ္စည်းအရောင်းဆိုင်
ကို တွေ့သွားပြီး တန်ဖိုးကို စုံစမ်းပြန်ပါတယ်။
ရတနာပစ္စည်းဆိုင်ပိုင်ရှင်က ကျောက်တုံးလေးကို
မှန်ဘီးလူးနဲ့ စစ်ဆေးကြည့်လိုက်ပြီး သူ့ကိုရောင်း
ရင် (၅)သန်းပေးမယ်လို့ ပြောပါတယ်။ လူငယ်က
ခေါင်းခါပြတော့ သန်း(၂၀)ပေးမယ်လို့ ထပ်ပြောပြန်
ပါတယ်။
လူငယ်လည်း ဈေးစုံစမ်းရုံသာဖြစ်ပါကြောင်း၊ ရောင်း
ဖြစ်တဲ့အခါ ပြန်လာခဲ့ပါမယ့်အကြောင်း တောင်းပန်
ပြောဆိုခဲ့ပြီး ဆက်လျှောက်ခဲ့ပြန်တယ်။
လူငယ်ရဲ့စိတ်ထဲမှာတော့ ကျောက်တုံးလေးရဲ့
တန်ဖိုးဟာ ပိုပိုတိုးလာတာကို သတိပြုမိလာပါတယ်။
ဒီလိုနဲ့ ဈေးရုံထဲက ထွက်ပြီး လမ်းမဘေးကို ရောက်
သွားတဲ့အခါ အဖိုးတန်ကျောက် မျက်ရတနာအရောင်း
ဆိုင်တစ်ဆိုင်ကို တွေ့မြင်သွားပါတယ်။
လူငယ်လည်း ကျောက်တုံးလေးရဲ့ တန်ဖိုးကို ဒီဆိုင်က
လူဆို ကောင်းကောင်းကြီးသိလိမ့်မယ်လို့ တွေးထင်
လိုက်ပြီး ၀မ်းသားအားရနဲ့ ဆိုင်အတွင်းသို့ ပြေးဝင်
သွားခဲ့ပါတယ်။ အဲဒီနောက် ကျောက်တုံးလေးကို ပြ
ကာ တန်ဖိုးစုံစမ်းကြည့်တဲ့အခါ ဆိုင်ရှင်ရဲ့မျက်နှာ
ဟာ ၀င်းလက်သွားတာကို သတိပြုမိခဲ့ပါတယ်။
ဆိုင်ရှင်က ကျောက်တုံးလေးကို အ၀တ်အနီစ
တစ်ခုပေါ်တင်လိုက်ပြီး ဘေးပတ်လည်ကို လှည့်
ပတ်ကြည့်လိုက်တယ်။ နောက်တော့ ခါးကိုပါကုန်း
လိုက်ပြီး ကျောက်တုံးလေးကို အနီးကပ်စိုက်ကြည့်
နေရင်း ဒီလိုတန်ဖိုး မဖြတ်နိုင်တဲ့ ပတ္တမြားကြီးကို
ဘယ်ကနေများရလာခဲ့တာလဲလို့ တအံ့တသြဆို
လိုက်ပြီး ကမ္ဘာကြီးတစ်ခုလုံးကို ရောင်းပြီးဝယ်မယ်
ဆိုရင်တောင် မရနိုင်ဘူး။ တန်ဖိုးမဖြတ်နိုင်ဘူးလို့
မှတ်ချက်ပြု လိုက်ပါတယ်။
အဲဒီနောက် လူငယ်လည်း အကျိုးအကြောင်းကို ဆိုင်
ရှင်နားလည်အောင် ရှင်းပြခဲ့ပြီး ပညာရှိအဘိုးအိုထံ
ခပ်သုတ်သုတ် ပြန်လာခဲ့တော့တယ်။
ပြန်ရောက်တဲ့အခါ ပညာရှိအဘိုးအိုကို စုံစမ်းဖြစ်ခဲ့တဲ့
နေရာတွေနဲ့ ကျောက်တုံးလေးဟာ
တန်ဖိုးမဖြတ်နိုင်အောင် ထိုက်တန်ပါကြောင်း ပြောပြ
ပါတယ်။
အဲဒီနောက် လူတစ်ယောက်ရဲ့တန်ဖိုးကို အဖြေပေးဖို့
တောင်းဆိုပါတော့တယ်။ အဲဒီအခါ အဘိုးအိုက သင့်
မေးခွန်းရဲ့အဖြေကို သင်သွားဖြစ်ခဲ့တဲ့ လိမ္မော်သီးဆိုင်၊
ဟင်းသီးဟင်းရွက်ဆိုင်၊ ရတနာပစ္စည်းဆိုင်နဲ့ အဖိုးတန်
ကျောက် မျက်ရတနာဆိုင်တွေက ရှင်းပြခဲ့ပြီးဖြစ်ကြောင်း
ပြောပြန်ပါတယ်။
လူငယ် သိပ်နားမလည်သေးပုံမပေါ်တာနဲ့ အဘိုး
အိုက “ သင်ဟာ ဒီကျောက်တုံးလေးလို အဖိုးမဖြတ်နိုင်
အောင် ထိုက်တန်သူတစ်ဦး ဖြစ်ကောင်းဖြစ်မယ်။ ဒါပေ
မယ့် လူတွေက သူတို့ရဲ့ငွေ ရေးကြေးရေးအခြေအနေတွေ၊
ပညာအရည်အချင်းတွေ၊ အသိပညာ၊ ဗဟုသုတအဆင့်အ
တန်းတွေ၊ ယုံကြည်မှုတွေ၊ ရည်မှန်းချက်တွေ၊ ဖြတ်သန်းရှင်
သန်ခဲ့တဲ့ ဘ၀အတွေ့အကြုံတွေပေါ် မူတည်ပြီး တန်ဖိုးဖြတ်
ကြလိမ့်မယ်။
တစ်နည်းဆိုရရင် သူတို့ရဲ့မတူညီတဲ့ချိန်ခွင်တွေနဲ့ ချိန်
တိုင်းပြီး အမျိုးမျိုး တန်ဖိုးဖြတ်ကြလိမ့်မယ်။ ဒါပေမယ့်
စိတ်မပူပါနဲ့။ နောက်ဆုံးမှာ အဖိုးတန်ကျောက်မျက်ရ
တနာဆိုင်ရှင်လို သင့်တန်ဖိုးကို အမှန်ကန်ဆုံးအကဲ
ဖြတ်ပေးနိုင်သူနဲ့ ကြုံဆုံနိုင်ပါလိမ့်မယ်။
လူတိုင်းလူတိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အရည်အသွေး
ကောင်းတွေ အသီးသီး ပိုင်ဆိုင်ထားကြတယ်။ ဒါ့ကြောင့်
သင့်ကို တန်ဖိုးမထားသူတွေ၊ သင့်တန်ဖိုးကို အသိအ
မှတ်ပြုလက်ခံခြင်းမရှိသူတွေထံ သင့်ကိုယ်သင် ဘယ်
တော့မှ အလွယ်တကူ မရောင်းမိပါစေနဲ့။
သင့်ကိုယ်သင် တန်ဖိုးမြှင့်ရင်း ဘ၀ခရီးကို ပုံမှန် ဆက်
လက်လျှောက်လှမ်းနေပါ။ တစ်နေ့မှာတော့ သင့်ကို တန်
ဖိုးထားနိုင်သူ၊ သင့်တန်ဖိုးကို သိမြင်လက်ခံနိုင်သူ တစ်
ဦးဦးနဲ့ ကြုံဆုံတွေ့ရှိနိုင်ပါလိမ့်မယ်” လို့ ရှင်းပြပေးလိုက်
တယ်။
အဲဒီအခါမှ လူငယ်ဟာ နားလည်သဘောပေါက်သွား
ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြှင့်ရင်း ကိုယ့်တန်ဖိုးကို
သိမြင်လက်ခံနိုင်ခြင်းမရှိသူတွေရဲ့ပတ်ဝန်းကျင်မှာ ရပ်
တန့်မနေဖို့နဲ့ ကိုယ့်တန်ဖိုးကို အသိအမှတ်ပြုလက်ခံနိုင်
သူတွေအနီးကို ရောက်အောင်သွားဖို့ ဆုံးဖြတ်ချက် ချဖြစ်
ခဲ့ပါတယ်။
သူ့ရဲ့တန်ဖိုးကို သိမြင်လက်ခံနိုင်သူတွေရဲ့ပတ်ဝန်းကျင်
မှာ သူ့အတွက် ပျော်ရွှင်မှု၊ အောင်မြင်မှုနဲ့ အမြင့်ဆုံးစိတ်
ဓာတ်ခွန်အားတွေ တည်ရှိနေတဲ့အကြောင်း လူငယ်လေး
သိရှိသွားခဲ့လို့ပါပဲ။
===============================
“ လူတွေက သင့်ကို သူတို့ရဲ့မတူညီချိန်ခွင်တွေနဲ့ ချိန်တိုင်းပြီး
အမျိုးမျိုး တန်ဖိုးဖြတ်ကြပါလိမ့်မယ်။ အကယ်၍ သင်ကိုယ်တိုင်
က အဖိုးတန်ကျောက်တစ်လုံးဆိုရင်တော့ ကျောက်မျက်ကျွမ်း
ကျင် သူရဲ့ တန်ဖိုးဖြတ်မှုကိုသာ အသိအမှတ်ပြုလက်ခံရပါလိမ့်
မယ် ”