နည်းပြလိုပီတီဂွီ ထုတ်ပယ်ခံရမှုအပေါ် ရီးရဲလ်ပရိသတ်တွေရဲ့တုံ့ပြန်မှုများ
ပြီးခဲ့တဲ့အပတ်က ခါးသီးပြိုင်ဘက်ဘာစီလိုနာကို အရှက်တကွဲရှုံးနိမ့်ခဲ့ရပြီးတဲ့နောက် နည်းပြလိုပီတီဂွီကို ရာထူးကနေ ထုတ်ပယ်ဖို့ လိုအပ်ခဲ့တယ်လို့ ရီးရဲလ်ပရိသတ်တွေက တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အပြစ်တွေအားလုံးကို လိုပီတီဂွီတစ်ဦးတည်းပေါ်မှာဘဲ ပုံချလို့မရဘဲ ကစားသမားတွေလည်း အကောင်းဆုံးခြေစွမ်းမပြနိုင်ဘူးလို့ ပရိသတ်တွေက ဆိုပါတယ်။ လက်တလောရလဒ်ဆိုးရွားနေတာကလည်း အစီအစဉ်အားနည်းမှုကြောင့်လို့ အပြစ်တင်ခဲ့ပါသေးတယ်။ ရီးရဲလ်ဟာ စက်တင်ဘာ(၂၂)ရက်က အက်စ်ပန်ညိုကိုအနိုင်ရခဲ့ပြီးတဲ့နောက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဆီဗီလာ၊ အလာဗက်စ်၊ လီဗန်တေး၊ ဘာစီလိုနာတို့ကိုရှုံးခဲ့ပြီး အက်သလက်တီကိုနဲ့(၁)ပွဲသာသရေကျခဲ့ပါတယ်။ ရီးရဲလ်ဟာ အစောပိုင်းက နည်းပြလိုပီတီဂွီနေရာမှာ အစားထိုးဖို့ ချဲလ်ဆီးနည်းပြဟောင်းကွန်တီနဲ့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အရန်အသင်းနည်းပြဆိုလာရီကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ အခုလိုထုတ်ပယ်ခံခဲ့ရတာဟာ လိုပီတီဂွီအနေနဲ့ (၅)လအတွင်း (၂)ကြိမ်ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမစခင် ဇွန်လမှာ ရီးရဲလ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာကြောင့် သူဟာ စပိန်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ လိုပီတီဂွီဟာ လာလီဂါ(၁၀)ပွဲကိုင်တွယ်ခဲ့ရာမှာ ရီးရဲလ်အသင်း (၄)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၄)ပွဲရှုံးနိမ့်ခဲ့ပြီး လာလီဂါအမှတ်ပေးဇယားအဆင့်(၉)နေရာမှာရပ်တည်နေပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်ဥပဒေအရ ရီးရဲလ်အနေနဲ့ အမြဲတမ်းစာချုပ်နဲ့နည်းပြသစ်ခန့်အပ်ဖို့ အချိန်(၁၄)ရက်ရရှိမှာဖြစ်ပါတယ်။ လိုပီတီဂွီကို ထုတ်ပယ်တာနဲ့ပတ်သက်ပြီး မက္ကဆီကိုက ရီးရဲလ်ပရိသတ်သြဂတ်စတင်ဂွန်ဇာလက်ဇ်က “ဒါက လိုအပ်ပါတယ်။ နည်းပြလိုပီတီဂွီအတွက် အစစအရာရာ ခက်ခဲရှုပ်ထွေးခဲ့ပါတယ်။ ဒါက ကောင်းတဲ့ပြောင်းလဲမှုဖြစ်လဖို့ မျှော်လင့်ပါတယ်။ ဆိုလာရီက ယာယီပဲဖြစ်လာမယ်လို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကွန်တီကို ခန့်အပ်ဖို့လုပ်နေလို့ပါ။ ဒါက မက်ဒရစ်အတွက် အကောင်းဆုံးပါ။ မက်ဒရစ်လာပါ”လို့ ပြောခဲ့ပါတယ်။ နောက်ထပ်ရီးရဲလ်ပရိသတ် အီနီဂိုက “ကောင်းမွန်တဲ့နည်းပြတစ်ယောက် ခန့်အပ်ရမှာပါ။ ကျွန်တော်ကတော့ မော်ရင်ညိုကို ကြိုက်ပါတယ်။ ဒါပေမယ့် ရီးရဲလ်ပရိသတ်အများစုကတော့ သူ့ကိုမကြိုက်ပါဘူး” လို့ ဖွင့်ဟခဲ့ပါတယ်။