မနက်မိုးလင်းကနေ ညအိပ်ယာဝင်ချိန်ထိ လူတွေဟာ တွေးရတယ် စိတ်ကူးယဉ်ကြရတယ်။ မိမိအတွက် တွေးတယ်၊ မိမိမိသားစုအတွက် တွေးတယ်၊ အောင်မြင်ဖို့အတွက် တွေးတယ်၊ တိုးတက်ကြီးပွားဖို့အတွက် တွေးကြရတယ်။ စိတ်ကူးယဉ်ကြတယ်။ တကယ်တော့ လူတွေဟာ အလုပ်တစ်ခုကို လုပ်ဆောင်ဖို့အတွက်ဆိုရင် ပထမဦးဆုံး စိတ်ကူးယဉ်ရပါတယ်။ စိတ်ကူးအိမ်မက်တွေကို အကောင်ထည်ဖော်ရင်း အောင်မြင်မှု အထမြောက်မှုတွေ ဆိုတာ ဖြစ်လာခဲ့ပါတယ်။
လူတိုင်း လူတိုင်မှာ စိတ်ကူးယဉ်ပိုင်ခွင့်ရှိတယ်။ တွေးခွင့်ရှိတယ်။ စိတ်ကူးနဲ့လည်း ကမ္ဘာပတ်ခွင့်ရှိတယ်။ ဒါပေမဲ့ အောင်မြင်ချမ်းသာသူနဲ့ သာမန်လူ ကွာခြားရခြင်းရဲ့ အဓိကအကြောင်းကတော့ စိတ်ကူးတွေကို အကောင်ထည် ဖော်မှုပဲ ဖြစ်တယ်။ အချိန်မဆွဲဘဲ ဒီညစိတ်ကူးရင် မနက်ဖြစ်အောင် ကြိုးစားအားထုတ်မှု ရှိဖို့လိုတယ်။ အောင်မြင်သူတွေမှာ ထိုအမူအကျင့်ဆိုတာ ရှိပြီးသားပါ။ တစ်ချို့သောသူတွေကတော့ စိတ်ကူးယဉ်ကမ္ဘာထဲက ရုန်းမထွက်ဘဲ ယဉ်မြဲယဉ်နေတတ်ကြတယ်။ အကောင်ထည်ဖော်ဖို့ကျ မေ့နေကြတယ်။ တစ်နေ့တော့ လုပ်မှာပါ၊ တစ်နေ့တော့ ဖြစ်လာမှာပါဆိုပြီး စိတ်ကူးယဉ်နေကြမြဲ စိတ်ကူးနေကြတယ်။ ဒီလိုလူမျိုးတွေကသာ လက်ရှိဘဝက မတိုးတက်ဘဲ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ရှင်သန်နေကြတာ အများကြီးပေါ့။
ကျွန်တော် ငယ်ငယ်က အင်ဂျင်နီယာကြီး အရမ်းဖြစ်ချင်ခဲ့တာ။ ဦးထုတ်အဝိုင်းလေး ဆောင်းပြီး စမက်ကျကျနဲ့ စာအုပ်ကလေးကိုင်ပြီး နေချင်တာပေါ့။ စိတ်ကူးထဲမှာလည်း ခဏခဏယဉ်ခဲ့တယ်။ အမေတွေ မိဘတွေက သားကြီးရင် ဘာလုပ်မှာလဲလို့ မေးရင် အင်ဂျင်နီယာကြီး လုပ်မှာလို့ ဖြေခဲ့တယ်။ အမေနဲ့အဖေက ပြန်ပြောတယ် ဖြစ်ချင်ရင် စာကြိုးစားရမယ်တဲ့။ ကျွန်တော် ဘာမှမသိဘူး ဖြစ်ချင်ရင် ကြိုးစားရမယ်ဆိုတာပဲ သိတယ်။ ကြိုးစားခဲ့တာပေါ့။ စိတ်ကူတွေဖြစ်လာဖို့ အနည်းဆုံးတော့ ကြိုးစားမှုတော့ ရှိရတာပါပဲ။ စိတ်ကူးထဲက အိမ်မက်တွေ လက်တွေ့ဖြစ်လာဖို့ဆိုရင် ပင်ပန်းချင်လည်း ပင်ပန်းမယ်။ ရင်းနှီးမြှပ်နှံမှုတွေလည်း ရှိရတာပေါ့။
စိတ်ကူးယဉ်တာက စိတ်ချမ်းသာတယ်လို့ ပြောနေသူတွေမှာ အကောင်ထည်ဖော်လိုစိတ် မရှိတတ်ကြဘူး။ ဘာလို့လည်းဆိုတော့ စိတ်ကူယဉ်တာက စိတ်ချမ်းသာတယ်၊ စိတ်ကူးထဲမှာ ဖြစ်ချင်တာ ဖြစ်လို့ရတယ်ဆိုပြီး အပြင်တကယ် လက်တွေ့ဘဝမှာ တကယ်ဖြစ်လာအောင် ကြိုးစာအကောင်ထည် ဖော်လိုစိတ် မရှိကြဘူး။ စိတ်ကူးယဉ်ဖို့ဘဲ စိတ်အားထက်သန်နေကြတယ်။ ပြောရမယ်ဆို မဝယ်ရတဲ့ စိတ်ကူးယဉ်မှုကို အလကားရတိုင်း အလွယ် စိတ်ကူးယဉ်နေကြတယ်။
နောက်တစ်ခု ထပ်ပြောချင်တာက အတောမသတ်နိုင်တာပါ။ ဖြစ်ချင်တာတွေ များပြီး စိတ်ကူးယဉ်တာတွေ များနေရင်လည်း အကောင်ထည်ဖော်ဖို့က မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်ရင် မိမိအခြေအနေ မိမိအနေအထားနဲ့ ဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှုကိုသာ ယဉ်သင့်တာပေါ့။ နောက်ပြီး ဖြစ်ချင်တာ တစ်ခုကို စိတ်ကူးယဉ်ပြီးရင် နောက်တစ်ခုကို ဖြစ်နိုင်ရင် စိတ်ကူးမယဉ်သင့်ဘူးပေါ့။ ဒီတစ်ခု အကောင်ထည်တောင် အကောင်ထည်မဖော်ရသေးဘူး နောက်တစ်ခုက ခေါင်းထဲရောက်လာပြီ။ အရပ်စကားပြောရရင် ဗျာများသွားတာပေါ့။ လုပ်ချငွတာတွေသာ များတာ ဘယ်ကို ဘယ်လိုလုပ်ရမလဲ မသိဘူး ဖြစ်သွားတာပေါ့။
စိတ်ကူးယဉ်တိုင်းလည်း မကောင်းသလို စိတ်ကူးမယဉ်ပြန်ရင်လည်း မကောင်းပြန်ဘူး။ ဘာလို့လည်းဆိုတော့ ယနေ့ကမ္ဘာကြီးက စိတ်ကူးတွေနဲ့ တည်ဆောက်ထားတာလေ။ လမ်းတံတားတွေ တည်ဆောက်ဖို့ စိတ်ကူးပြီးမှ လမ်းတံတားတွေ ဖြစ်ပေါ်လာမယ်။ ကွန်ပျူတာတွေ၊Mobile phoneကို ခေတ်မှီပြီး အရည်အသွေးပိုကောင်းအောင် တီထွင်လိုတဲ့ စိတ်ကူးရှိမှလည်း ပိုခေတ်မှီပြီး ပို၍အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ပေါ်ထွက်လာတာလေ။ ခေတ်မှီတိုက်တာအိုးအိမ်တွေ၊ ခေတ်မှီ မော်တော်ကားတွေ အစရှိတဲ့ ယနေ့ကမ္ဘာကြီးရဲ့ တိုးတက်မှုတွေဟာ စိတ်ကူးယဉ်မှုမှ အစတည်လာကြတာ သတိပြုမိရင် သိကြမှာပါ။ နည်းနည်းကြီးကြီးလေး ပြောကြည့်မယ်။ လပေါ်ကို လူတွေသွားဖို့ဆိုတာ သာမန်လူတွေအတွက်တော့ တွေးမိမှာ မဟုတ်ဘူးလေ။ အလားတူ အာကာသပေါ်မှာ လူတွေ သွားပြီး စခန်းချ နေထိုင်ဖို့ သာမန်လူတွေ စိတ်ကူးယဉ်မိကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ကူးသူတွေရှိခဲ့ကြတယ်။ ရောက်ကို ရောက်ရမယ်၊ သွားကိုသွားနိုင်ရမယ်လို့ ဆုံးဖြတ်ချက်ချကာ အကောင်ထည် ဖော်ခဲ့ကြလို့ ယနေ့ ကမ္ဘာ့အပြင်မှာ အာကာသ စခန်းကြီးတွေ တည်ဆောက်သွားလာ နေကြပြီလေ။ သူတို့ရဲ့ မူလအစကတော့ စိတ်ကူးယဉ်မှုလေး သက်သက်ပါ။ သင်(ယခုစာဖတ်သူ)ကိုယ်တိုင် ဘေးနားက ပစ္စည့်တစ်ခုခု ဒါမှမဟုတ် မြင်ကွင်းတစ်ခုကို ကြည့်ပြီး နက်နက်နဲနဲတွေးကြည့်ပါ။ သူတို့ရဲူ့လအစဟာ စိတ်ကူးတွေက ဖြစ်တည်လာတာကို သတိပြုမိလိမ့်မယ်။ စိတ်ကူးလို့ပြောပေမဲ့ ရိုးရိုးစိတ်ကူးတွေ မဟုတ်ဘူး။ ဆန်းဆန်းကြီးတွေ တွေးထားတဲ့ စိတ်ကူးတွေလည်း မဟုတ်ပါဘူး။ အဆိုပါအရာတွေကတော့ အကောင်ထည်ဖော်ထားတဲ့ စိတ်ကူးတွေပဲ ဖြစ်ပါတယ်။
ကျွန်တော် အချုပ်ပြောချင်တာကတော့ စိတ်ကူးဆိုတာ ယဉ်ဖို့တင် မဟုတ်ပဲ အကောင်ထည် ဖော်ဖို့လည်း လိုအပ်ပါတယ်။ စိတ်ကူးယဉ်တိုင်း မကောင်းသလို လုံးဝ စိတ်ကူးမယဉ်ပြန်ရင်လည်း မကောင်းပြန်ဘူး။ ပတ်ဝန်းကျင်က အရာတွေအားလုံးရဲ့ မူလအစကို ကြည့်ရင် စိတ်ကူးယဉ်ထားတဲ့ အရာတွေလို့ ဆင်ခြင်တတ်ရမယ်။ လူတိုင်းမှာ အကောင်ထည် ဖော်ထားတဲ့ စိတ်ကူးတွေ ရှိနေဖို့ ကိုယ်စိတ်ကူးကို တာဝန်ယူတတ်ကြပါစေဗျာ။
အားလုံးပဲ စိတ်ကူးယဉ်ကမ္ဘာထဲက ရုန်းထွက်နိုင်ပြီး အကောင်ထည်ဖော်ထားတဲ့ စိတ်ကူးတွေ ကိုယ်စီပိုင်ဆိုင် နိုင်ကြပါစေလို့ ဆန္ဒပြုရင်း........
