ကျွန်တော် မကြာသေးမှီက ကျောင်းမှာ စာပေဟောပြောပွဲတစ်ခုကို နားထောင်ခဲ့ဖူးတယ်။ စာရေးဆရာ/ဆရာမ (၃)ယောက် ဟောပြောကြတယ်။ သူတို့တွေ နောက်ဆုံးပြောသွားတဲ့ စကားတွေက (၃)ယောက်စလုံး အဓိပ္ပါယ်တူကြတယ်။ တိုင်းပြည်ရဲ့ အနာဂတ်က မင်းတို့တွေရဲ့ လက်ထဲမှာ၊ မင်းတို့က ယနေ့လူငယ် နောင်တစ်ချိန် လူကြီးတွေ ဖြစ်လာမှာ၊ မင်းတို့ကို တိုင်းပြည်ကြီးက အားကိုးပါရစေလို့ ပြောနေတယ်တဲ့။ သဘောပေါက်သလောက်လိုလိုတော့ ဖြစ်တယ် နက်နက်နဲနဲတော့ မတွေးမိဘူး။
တကယ်တော့ အမျှော်အမြင်ရှိတဲ့ လူကြီးတွေက အနာဂတ်မြန်မာနိုင်ငံကို လူငယ်တွေလပ်ထဲ အပ်ထားပြီးသားပါ။ နိုင်ငံရဲ့ စီးပွားရေး၊ တိုးတက်မှု အခြေအနေ၊ လူနေမှု အဆင့်အတန်းတွေအရဆို မြန်မာနိုင်ငံဟာ ၄နှစ်၅နှစ်နဲ့ ထိပ်ဆုံးကို ရောက်မသွားနိုင်ပါဘူး။ နောင်လူငယ်တွေ မျိုးဆက်ကမှသာ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ဦးမော့လာနိုက်တယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့်လည်း လူငယ်တွေကို အလေးပေးလာကြတယ်။ လူငယ်တွေကို အားကိုးလာကြတယ်။
လူငယ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ?
အများနဲ့ ကျွန်တော်အထင်တော့ လူငယ်ဆိုတာ အသက်ငယ်လို့ လူငယ်လို့ခေါ်တာပေါ့။ တကယ်တော့ အသက်ငယ်လို့ လူငယ်လို့ ခေါ်တာဟာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ တကယ်တော့ လူငယ်ဆိုတဲ့ စကားလုံးရဲ့ နောက်မှာ ကြီးလေးတဲ့ တာဝန်တွေ ကပ်ပါလာတယ်။ ယနေ့လူကြီးတွေက တစ်ချိန်က လူငယ်တွေလေ။ ခု သူတို့ နိုင်ငံ့တာဝန်ကြီးတွေ ထမ်းဆောင်နေကြတယ်။ တစ်ချိန်ကျရင် ယနေ့လူငယ်တွေကလည်း လူကြီးတွေဖြစ်ပြီး နိုင်ငံ့တာဝန်ကို ပုခုံးလွှဲ တာဝန်ယူရမှာ မလွဲဧကန် ဖြစ်တယ်။
ယနေ့မြန်မာလူငယ်အများစု(ကျွန်တေည်အပါအဝင်ပေါ့)ဟာ အလုပ်ကြိုးစားချင်စိတ် မရှိကြဘူး။ အလုပ်လုပ်ဖို့လည်း တွေဝေနေတတ်ကြတယ်။ Mobile Phoneတွေ ခေတ်စားလာတော့ ပိုလို့တောင် ဆိုးသွားတာပေါ့။ Social Networkတွေနဲ့ အချိန်တွေ အကုန်ခံလာကြတယ်။ အလုပ်လုပ်နေသူတွေလည်း ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ နားချိန်ကို အနာဂတ်အတွက် စဉ်းစားတာတွေ မလုပ်ကြဘူး။ Social Networkတွေနဲ့ အနားယူနေကြတယ်။ နောက်တစ်ခု အဆိုးဆုံးတစ်ခုက ဘယ်နိုင်ငံမှာမှ မရှိတဲ့ လက်ဖက်ရည်ဆိုင် ဓလေ့ကြီးပါပဲ။ လူငယ်အများစုဟာ သူတို့ရဲ့ အချိန်ကို လက်ဖက်ရည်ဆိုင်တွေမှာ အများဆုံး အကုန်ခံနေကြတယ်။ အခုနောက်ပိုင်ဆို လက်ဖက်ရည်ဆိုင်တွေမှာ Wifi freeလေးပါ ပေးလိုက်တော့ လူငယ်တွေ အကြိုက်ဖြစ်ပြီပေါ့။ အပြင်ထွက်ရင် charging cable တွေပါ ယူသွားကြတာပေါ့။ တစ်နေကုန် ဖင်ပူအောင် ဆိုင်ထိုင်၊ အကျိုးမရှိတဲ့ အလုပ်တွေ လုပ်ရင်း အချိန်တွေကို ဖြုန်းနေကြတယ်။
ဘီယာဆိုင်၊ အရက်ဆိုင်တွေဟာဆိုရင် လူငယ်တွေရဲ့ သုခဘုံလားတောင် ပြောရလောက်တယ်။ လက်ညိုးထိုးမလွဲ တိုးပွားလာတဲ့ အရက်၊ဘီယာဆိုင်တွေကြောင့်လည်း လူငယ်တွေ အနာဂတ်ပြောက်နေကြတယ်။ စိတ်ညစ်တော့ စိတ်ညစ်လို့ အရက်သောက်ကြတယ်။ ပျော်တော့ ပျော်လို့ အရက်သောက်တယ်။ အောင်မြင်တော့လည်း အောင်ပွဲခံပြီး အရက်သောက်ကြတယ်။ မကုန်နိုင်တဲ့ အကြောင်းပြချက်တွေနဲ့ အရက်ဘီယာဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးနေကြတယ်။ အဲ့လူတွေရဲ့ ၈၀ရာခိုင်နှုန်းလောက်က လူငယ်တွေ ဖြစ်နေတယ်။
အားလုံးထက်အဆိုးဆုံးက လူညွန့်တုံးစေတဲ့ မူးရစ်ဆေးဝါ စွဲလမ်းစွာ သုံးစွဲနေမှုပဲ။ လူငယ်အများစုမှာ ကျန်တဲ့နေရာမှာ စမ်းသပ်ချင်စိတ် မရှိချင် မရှိလိမ့်မယ်၊ ဒီနေရာတွေမှာတော့ လက်တက်စမ်းချင်ကြတယ်။ သူများပြောတာ အယုံလွယ်ကြတယ်။ မူးရစ်ဆေးရဲ့ သားကောင်းတွေဖြစ်နေကြတယ်။ တိုင်းပြည်တာဝန်ကို လက်ဆင့်ကမ်းရမဲ့ လူငယ်တွေ အပ်တန်းလန်းနဲ့ အသက်တွေပေးနေရတာ လူတိုင်းအသိပါ။
အပေါ်က ကျွန်တော်ပြောတာတွေ လုပ်နေတဲ့ လူငယ်တစ်ယောက်မှာ ရိုးသားမှုဆိုတာကို သူ့ခန္ဒာကိုယ်မှာ စာရေးပြီး ရှာရလိမ့်မယ်။ အလုပ်မလုပ်တော့ ကိုယ်ပိုင်သုံးစရာငွေမရှိဘူး။ အိမ်က မိဘဆီက လက်ဖြန့်တောင်းရမယ်။ အိမ်ကတောင်းမရရင် အိမ်က ခိုးဝုက်မယ်။ အိမ်က ခိုးဝှက်လို့ မရရင် အမြင်မှာ လုမယ် ခိုးမယ်။ လူငယ်တွေနဲ့ ပတ်သက်တဲ့ crimeတွေ တိုးပွားနေတာ အားလုံးအသိပဲလေ။ ရိုးသားမှုက လူငယ်တွေမှာ အမှန်တကယ်လိုအပ်ပါတယ်။
နောက်ထပ် လူငယ်တွေမှာ လိုအပ်တာ တစ်ခုက ပရဟိတ စိတ်ပဲ။ ပရဟိတဆိုတာက ကိုယ်ကျိုးကို စွန့်ပြီး အများအကျိုးကို ဆောင်ရွက်ပေးလိုတဲ့ စိတ်ဖြစ်တယ်။ လူငယ်တွေမှာ တစ်ချိန်ကျရင် တိုင်းပြည်ရဲ့ အကြီးကဲတွေ ဖြစ်လာတဲ့ အခါ လူသန်းပေါင်းများစွာကို ကူညီလိုစိတ်၊ ကြီးပွားအောင် ဆောင်ရွက်ပေးလို စိတ် ရှိဖို့လိုတယ်။ ဘာသာ၊သာသနာ၊ ယဉ်ကျေးမှုကို ချစ်တဲ့ စိတ်ရှိရမယ်။
အေနာဂတ်တိုင်ပြည်ဆိုတာ ယနေ့လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်။ တစ်ချိန်ကျရင် နိုင်ငံကို လူငယ်တွေရဲ့ ကြိုးစားမှုနဲ့ တိုးတက်လာအောင် ဆောင်ရွက်ကြရမှာ။ ယနေ့လူငယ်ဟာ နောင်လူကြီးဖြစ်လာမှာပါ။
ကျွန်တော် ထင်တာကလေ ကျွန်တော့်ကို ကျွန်တော့်မိသားစုလောက်သာ အားကိုးမယ် ထင်ထားမိတာ။ အခုကျွန်တော် သိလိုက်တယ်။ ကျွန်တော့်ကို မိသားစုတင် အားကိုးတာ မဟုတ်ဘူး။ နိုင်ငံတော်ကြီးကလည်း အားကိုးနေတယ်။ မျှော်လင့်နေတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်လည်း လူငယ်တွေထဲက လူငယ်တစ်ယောက်ဖြစ်နေလို့လေ။
အို......
အသင်လူငယ်
ဘယ်သူအားမကိုးကိုး
သင့်အား နိုင်ငံတော်ကြီး အားကိုးနေတယ်။ ။
