ကျွန်တော်တို့လူတွေက တစ်ယောက်တည်းနေနေတာမှ မဟုတ်တာ ပတ်ဝန်းကျင်ဆိုတာ ရှိတယ်။ အဲ့ပတ်ဝန်းကျင်က မိမိကို အကောင်းမြင်တဲ့ ပတ်ဝန်းကျင် ရှိသလို မိမိကို မကောင်းမြင်တဲ့ ပတ်ဝန်းကျင်လည်း ရှိတယ်။ တခြားသူတွေက မကောင်းမြင်တာကို မိမိက စိတ်ဓာတ်ကျ အရှုံးပေးလိုက်မယ်ဆိုရင် မိမိက ပတ်ဝန်းကျင်ကို ကြောက်ရာကျသွားမှာပေါ့။ ပတ်ဝန်းကျင်ဆိုတာ ချီးမွှမ်း(၇)ရက်၊ ကဲ့ရဲ့(၇)ရက်ဆိုတဲ့ ပြောစကားရှိတယ်။ မိမိကို ပတ်ဝန်းကျင်က ချီးမွှမ်းနေလို့ အောက်ခြေလွတ်သာယာနေဖို့ မသင့်သလို ပတ်ဝန်းကျင်က ကဲ့ရဲ့နေလိုလည်း စိတ်ဓာတ်ကျရှုံးသွားဖို့ မလိုပါဘူး။
ကိုယ်က ဘဝလောကကြီးကို အကောင်းဆုံး ဖြတ်သန်းနေဖို့ပဲ လိုအပ်တယ်။ ကိုယ်ဖြတ်သန်းနေတဲ့ ဘဝလမ်းမှာ ပတ်ဝန်းကျင်က တခြားသော မလိုသူတွေရဲ့ ကဲ့ရဲ့မှု၊ မကောင်းမြင်မှုတွေကတော့ ဖြစ်လာမြဲ ပေါ်လာမြဲပါ။ ကိုယ်က ဒါကို အရေးတယူ ဂရုစိုက်နေရင် ကိုယ်သွားမယ့်လမ်းမှာ အဟန့်အတားဆိုတာတွေ ဖြစ်လာလိမ့်မယ်။ ပတ်ဝန်းကျင်က လူတွေကို သင့်လျှော်သလို အလိုက်အထိုက် ဆက်ဆံနေထိုက်တတ်ဖို့လိုတယ်။ ကိုယ်အပေါ်ကောင်းတဲ့ သူတွေကို ကိုယ်က ပြန်ကောင်းဖို့လိုတယ်။ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်း ဆုံးမပြောကြား သင်ပြပေးတတ်တဲ့ လူမျိုးကို တလေးတစား ဆက်ဆံတတ်ဖို့လိုတယ်။ ကိုယ်နဲ့ ဆန့်ကျင်ဘက် လူတစ်ယောက်ကို ဆက်ဆံတဲ့နေရာမှာ ကိုယ်ပေါင်းစိတ်ခွာဆိုသလို မျိုး အပေါ်ယံလောက်ပဲ ပေါင်းသင်းရမယ်။ သူလုပ်တာ ကိုယ်လိုက်လို့ မဖြစ်သလို ကိုယ်လုပ်နေတာကိုလည်း သူလုပ်မလုပ်ဘူးဆို သူနဲ့ကိုယ်က ခပ်ကွာကွာ ဆက်ဆံဖို့လို လာတယ်။
တစ်ခါတစ်လေ ကိုယ်ပတ်ဝန်းကျင်က ကိုယ်အပေါ် ဖိနှိပ်မှုဆိုတာတွေ ရှိလာရင် ကိုယ်က အရှုံးမပေးဖို့လိုတယ်။ ကိုယ့်ဘဝကို နှိပ်ကျစေချင်လို့၊ ကျဆုံးစေချင်လို့၊ ကိုယ်ရဲ့ အောင်မြင်မှုကို မလိုလားလို့ လာရောက်တိုက်ခိုက်တာကို ကိုယ်က ငြိမ်ခံပြီး အရှုံးပေးလိုက်ရင် မိမိဆန္ဒထက် ပတ်ဝန်းကျင်က ဆန္ဒကို ဖြည့်ဆည်းပေးသလို ဖြစ်သွားမှာပေါ့။ ပတ်ဝန်ကျင်အမြင်မှာ ကိုယ်က ဘယ်လုပ်မှ ကျရှုံးအောင် လုပ်လို့မရတဲ့ သူတစ်ယောက်လို နေတတ်ရမယ်။ မိမိကို အားပေးစကား ပြောပြီး ဘဝတက်လမ်းကို အတူလျှောက်မဲ့သူ မရှိတောင် မိမိကိုယ်ကို အားတင်း၊ အားပေးပြီး ဘဝခရီးကို ဆက်ရပေးမယ်။ အရှုံးဆိုတာ ရှိလာရင် ပတ်ဝန်းကျင်ကတော့ သူတို့ရဲ့တာဝန်အရတော့ ကဲ့ရဲ့ရှုံ့ချကြမှာပဲလေ။ ကိုယ်က သူတို့ကို ဂရုမစိုက်ပဲ ကိုယ်လုပ်ရမဲ့ ကိုယ်ကြိုးစားရဲ့မဲ့ ဘဝတက်လမ်းအလုပ်တွေကိုပဲ ဂရုတစိုက်လုပ်နေဖို့ပဲလိုတယ်။ သူတို့ရဲ့ ကဲ့ရဲ့မှုတွေကို ကိုယ့်အတွက် ခွန်အားတစ်ခုလို အသုံးချတတ်အောင် နေတတ်ရမယ်။ သူတို့အကောင်းမမြင်တာ သူတို့ ကဲ့ရဲ့နေတာဟာ ကိုယ့်ကို ဒီထက်ပိုကြိုးစားစေချင်စိတ် ပေါ်လာအောင် အမြတ်ထုတ်တတ်ရမယ်။
ပတ်ဝန်ကျင်က လူတစ်ချို့ရဲ့ ကဲ့ရဲ့မှု၊ အပြစ်မြင်မှုတွေကြောင့်တော့ မိမိဘဝရဲ့ တိုးတက်ရာလာ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ ကိုယ့်ရဲ့ ခြေလှမ်းတွေကို မရပ်တန့်ပြစ်မိဖို့ ကိုယ့်ကိုကိုယ် အားတင်းနေဖို့ လိုအပ်ပေတယ်။ ။
