အပြင်ကနေ ပြန်ရောက်ခါစမို့ ပင်ပန်းတာနဲ့ အိမ်ယာလေးပေါ်မှာ ပက်လက်ကလေး လှန်ပြီး ဖုန်းလေးကိုင်ပြီး onlineလေး တက်မလို့လုပ်လိုက်တယ်။ ခဏတော့ တက်လိုက်ပါတယ်။ ခဏအကြာမှာ အိမ်ရှေ့မှာ ငွေဖလားခေါက်သံနဲ့ အတူ စုပေါင်မဟာဘုံကထိန် ပဒေသာပင် စည်းရန်အတွက် အလှူခံပါတယ်ခင်ဗျာဆိုတဲ့ အသံလေးပါ ကပ်ပါလာတယ်။ အမေက ငွေငါးထောင် လှူလိုက်တယ်။ ကျွန်တော် ပြတင်းပေါက်ကနေ အသာကြည့်နေတယ်။ ဘယ်သူတွေလည်း မှတ်တယ်။ ရပ်ကွက်ထဲက လူကြီးတစ်ချို့နဲ့ ကိုယ်လိုရွယ်တူ လူငယ်လေးတစ်သိုက်ပဲ။ ကျွန်တော်လည်း အိမ်ရှေ့ထွက်လိုက်တယ်။ ကျွန်တော့်ကို မြင်တော့ ကျွန်တော့်ကို လိုက်ခဲ့ပေးဖို့ပြောလာတယ်။ ကျွန်တော်လည်း အင်္ကျီဖြူလေး ကောက်ဝတ်ပြီး အလှူခံထွက်ဖို့ ပြင်လိုက်တယ်။
ကျွန်တော်တို့အိမ်က ရပ်ကွက်အစမှာဆိုတော့ သေချာတယ် တစ်ရပ်ကွက်လုံး ပတ်ရမယ်ဆိုတာ။ ဒါပေမဲ့ အဖွဲထဲ လူတစ်ယောက်ပြောတာကတော့ ရပ်ကွက်ကို လေးပိုင်းပိုင်းထားတယ်တဲ့ ဒါဆိုရင်တော့ အနည်းငယ်သက်သာသွားတာပေါ့။
ကျွန်တော်မေ့သွားတယ်ဗျ။ အလှူခံပြီး ရလာတဲ့ အလှူငွေတွေကို ဘယ်လိုလှူပြီး ကထိန်လုပ်မလဲဆိုတာကို ပြောဖို့ မေ့နေတယ်။ ဒီနှစ်ကထိန်က နည်းနည်းထူးတယ်ဗျ။ ဘာလိုလဲဆိုတော့ ဒီနှစ်က ဘုန်းကြီးကျောင်း သုံးကျောင်းအတွက် လုပ်မှာပါ။ ဘုန်ကြီးကျောင်း သုံးကျောင်းလုံးမှာ ကိုယ်စီ ကထိန်အလှူရှင်တွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရပ်ကွက်အမည်နဲ့ ပဒေသာပင်တစ်ခုစီ အလှူဝင်ကြမှာပါ။ ဒါကြောင့် အလှူခံတာ စောပြီး အလှူခံကြရတာပေါ့။ ရလာတဲ့ အလှူငွေတွေကို ၃ပုံအညီအမျှပုံပြီး ကျောင်းသုံးကျောင်းကို ပဒေသာပင် တစ်ခုစီ ပို့ပေးမှာပါ။
ဘာလို့သုံးကျောင်း ဖြစ်တာလဲဆိုတော့ ပြောရအုံးမယ်။ ကျွန်တော်တို့က အရင်က ရွာမှာနေတာ။ နေပြည်တော်စီမံကိန်းမှာ Hotel Zoneနဲ့ မလွတ်လို့ ပြောင်းရွေ့ပေးခဲ့ရတာ။ တစ်ရွာလုံး လူကော တိရစ္ဆာန်ကော အိမ်ယာတွေကော အားလုံး ပြောင်းရွေ့သွားပေမဲ့ ကျန်ခဲ့တာကတော့ ရွာဦး ဘုန်းကြီးကျောင်းပါ။ နေပြည်တော် မြို့ Hotel Zoneကြီးတွေရဲ့ နောက်ကျော တစ်နေရာမှာ ကျွန်တော်တို့ရဲ့ ရွာဦးဆရာတော် သတင်းသုံးနေတဲ့ ရွာဦးကျောင်းလေး ရှိနေတယ်။ ပြောင်းရွေ့လာတော့လည်း အရမ်းကံကောင်းတယ်ပဲ ပြောရမလားပဲ။ ရပ်ကွက်ရဲ့ ဘေးပတ်ပတ်လည်မှာ ဘုန်းကြီးကျောင်းတွေ ရှိနေတယ်။ ရွာဦးကျောင်း ခုနောက်ပိုင်းမှာ သွားလာ ဥပုပ်ဆောက်တည်မှုတွေ နည်းသွားပေမဲ့ ရွာကလူတွေအတွက် သီလပေးဖို့ ဘုရားကျောင်းကန်တက်ဖို့ ဘုန်းကျောင်းကျောင်းနှစ်ကျောင်းက အနားမှာ အရန်သင့်ရှိနေတယ်။ ဒါကြောင့်လည်း ရွာဦးကျောင်းထိအောင် မသွားလာနိုင်တဲ့ သက်ကြီးဘိုးဘွားတွေကတော့ အနီးနားက ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာပဲ သီလခံကြရတယ်။ ဒါကြောင့်လည်း ဒီကျောင်း သုံးကျောင်းလုံးကို ဒီနှစ်တော့ ကထိန်အလှူလေးတွေ သွားဝင်ကြမယ်ဆိုပြီး လူကြီးတွေ တိုင်ပင်ဖြစ်တယ် ထင်ပါတယ်။
အလှူခံဘက်ကို တစ်ချက်ပြန်သွားမယ်ဗျာ။ တစ်လမ်းဝင် တစ်လမ်းထွက်၊ တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ ငွေဖလားလေးထဲကို ကျောက်စလစ်ခဲ သေးသေးသန့်သန့်လေးတွေ ထည့်ပြီး လိုက်လံအလှူခံနေကြတဲ့ လူတစ်စု။ ဆန်အိတ် ထမ်းတဲ့သူက ထမ်း၊ ပဒေသာပင်အတွက် အလှူပစ္စည့်ထည့်လှူသူတွေရဲ့ အလှူပစ္စည်းတွေကို ကိုင်တဲ့သူတွေက ကိုင်၊ ငွေဖလား ခေါက်သူတွေက ခေါက်၊ ဆော်သြ အော်ဟစ်သူက အော်၊ အလှူရှင် စာရင်း မှတ်တမ်းတင်သူက မှတ်တမ်းတင်နဲ့ ပျော်စရာ ပီတိဖြစ်စလာလေးတွေပေါ့။ တစ်ချို့ ခွေးဆိုးတဲ့အိမ်တွေဆို ခွေးလိုက်ဆွဲလို့ ပြေးခဲ့ရသေးတယ်ဗျာ။ အချင်းချင်းတွေ စနောက်ပြီး ပျော်ပျော်ရွင်ရွင် လမ်းလျှောက်လာခဲ့တာမို့ ခြေထောက် ညောက်းလို့ ညောင်းမှန်းတောင် မသိပါဘူးဗျာ။ ရပ်ကွက်ကလည်း ကိုယ့်အရပ်သားတွေမို့လား မသိဘူးဗျာ ထည့်လိုက်ကြတာဗျာ အားရစရာပါ။ တစ်ကျောင်းကို ဘယ်လောက်နှုန်းလှူတဲ့သူတွေနဲ့ တက်နိုင်သလောက် လှူတဲ့သူနဲ့ အလှူအတန်းမှာ ရက်ရောလိုက်ကြတာ။
ကျွန်တော်တို့က တစ်ချိန်က ရွာသားတွေလေ။ ရွာဓလေ့၊ စရိုက်လေးတွေဆိုတာ သေမှပျောက်တဲ့အမျိုး။ ခုထိရွာ ဓလေ့က မပျောက်သေးဘူးလေ။ မြို့ပျော်နေနေရပေမဲ့ ခုချိန်ထိတော့ ရွာကလိုပဲ ခေါ်ဝေါ်သုံးနှုန်းတွေနဲ့ပဲ။ ခေါ်ဝေါ်ကြတာပေါ့။ ဘကြီးတန်ဘကြီး၊ ဦးရီးတန်ဦးရီ၊ အရီးတန်အရီး ခေါ်ဝေါ်ပြီး အလှူခံပါဗျို့လို့ ခေါ်ပြီး အလှူခံကြတာပေါ့။ ငွေကြေးမရှိ မချမ်းသာပေမဲ့ သူတို့ရှိတဲ့ ၁၀၀/၂၀၀လေးကို ထည့်ဖြစ်အောင် ထည့်လိုက်ကြတယ်။ သူတို့တွေ တစ်ယောက်တည်း လှူလို့မရဘူး။ စုပေါင်းပြီး လှူမှ သူတို့အလှူဖြစ်ခဲ့တယ်။
ရပ်ကွက်ထဲ ရောက်လာတဲ့ သူဌေးတွေ၊ တိုက်အကြီးကြီတွေ ဆောက်ပြီး ရပ်ကွက်ထဲကို လာနေကြတဲ့သူတွေ၊ ကျွန်တော်တို့ခေါ်တာတော့ ရွာခံမဟုတ်တော့ ဘေးဧည့်သည်လို့ ခေါ်တာပေါ့။ တစ်ချို့ ဘေးဧည့်သည်တွေကတော့ သူတို့လည်း ဒီရပ်ကွက်မှာ နေတာဖြစ်တဲ့ အတွက် ဒီရက်ကွက် အလှူကို ထည့်ဝင်ကြတယ်။ တစ်ချို့ကတော့ အလှူခံသံကြားတော့ အိမ်ထဲဝင်သွားကြတယ်။ လှူရန်သွားယူတယ် အမှတ်နဲ့ အိမ်ရှေ့မှာ ရပ်စောင့်ခဲ့တယ်။ ပြန်ထွက်မလာကြဘူးပေါ့။ သူတို့က ဆင်းရဲနေတဲ့သူတွေ မဟုတ်ဘူး တိုက်နဲ့ကားနဲ့ နေနေတဲ့သူတွေပေါ့။ ကြာတော့ ကိုယ့်အသိမှ မဟုတ်ရင် အိမ်ကြီးအိုးကြီးတွေရှေ့ ငွေဖလား မခေါက်ရဲတော့ဘူး။ ကန်တော့ဆွမ်းဆိုတဲ့ စကားလေးတောင် ပြန်ဖော်မရတဲ့ အိမ်ကြီးတွေ လူ့အသိုင်းအဝိုင်မှာ အများကြီး ရှိနေသေးပါလားပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အလှူခံတွေလေ ကိုယ်အလုပ်ကိုယ်တော့ ပြီးအောင် လုပ်ရမှာပဲလေ။ ကိုယ်အလုပ်ဆိုတာ ဘာလဲလို့မေးရင် ကျွန်တော့်အလုပ်ဆိုတာထက် အလှူခံတွေရဲ့ အလုပ်ကို ပြောရမှာပဲ။ တစ်ဦးတစ်ယောက်တည်း လှူလို့ မဖြစ်နိုင်တဲ့ အလှူကို အများအလှူဖြစ်အောင် အလှူအကျိုးဆောင်ပေးရမှာ အလှူခံတွေရဲ့ အလုပ်ပဲလေ။
ညနေစောင်းလည်းရောက်တော့ ကျွန်တော်တို့ အပိုင်းက အိမ်တွေ ကုန်သွားတယ်။ တာဝန်ဆွေ ပြီးပြီဆိုတော့ အလှူခံဌာနရှိရာကို ပြန်လာခဲ့ကြတယ်။ ဌာနရောက်တော့ အခြားအဖွဲတွေလည်း ရောက်နေပြီ။ ရလာတဲ့ အလှူငွေတွေနဲ့ အလှူမှတ်တမ်းစာရင်းတွေကို စစ်ပြီး စာရင်တွေ သွင်းနေကြတယ်။ ကျွန်တော်တို့လည်း စာရင်စစ်ပြီး သွင်းလိုက်ကြတယ်။ အားလုံးပေါင်းပြီး တွက်ချက်လိုက်တော့ အထိုက်အလျှောက် အလှူငွေကို ရလိုက်တယ်ဆိုတာကို အလှူခံဌာနက လော်စပီကာနဲ့ ငွေပမာဏက ကြော်ညာလိုက်တယ်။ ကျွန်တော်တို့လည်း အလှူခံဌာနက ဧည့်ခံထားတဲ့လက်ဖက်ဝိုင်းတွေ အအေးတွေ ဝိုင်းစားသောက်ပြီး အိမ်ကို ပြန်လာခဲ့တော့တယ်။
ကထိန်ခင်းတယ်ဆိုတာ အလှူထဲမှာ အမွန်မြတ်ဆုံးလို့ လူကြီးတွေက ပြောဖူးတယ်။ ဒါဆို ကထိန်အတွက် လုပ်အားပေးခဲ့တဲ့ ကျွန်တော်လည်း မွန်မြတ်တဲ့ အလုပ်ကို လုပ်ခဲ့တာပါလားလို့ အိမ်အပြန်လာမှာ အတွေးလေးတွေနဲ့ ပြန်လာခဲ့ပါတယ်။
ညရောက်တော့ လူက ခန္ဒာကိုယ်တွေ ကိုက်ခဲလာတယ် အားတွေကုန်လာသလိုပဲ။ ခြေထောက်တွေ တောင့်လာတယ်။ ညောင်းလာတယ်။ ဒါပေမဲ့ ကျွန်တော် မငြီးခဲ့ဘူး။
စိတ်ထဲမှာ ကျွန်တော့်ရဲ့ ခွန်အားအနည်းငယ်ကို စုပေါင်းမဟာဘုံကထိန်မှာ ပဒေသာပင် စည်းခဲတယ်လို့ မှတ်ယူလိုက်တယ်ဗျာ။ ။