အခုဆိုရင်ဖြင့် ကျွန်တော် မနေ့က(၁၂-၁၁-၂၀၁၈)ရက်နေ့က မြင်ခဲ့တွေ့ခဲ့ ဖြစ်ခဲ့ကြုံခဲ့တာလေးတွေကို လျှောက်ရေးပါတော့မယ်။ သည်းခံကြကုန်လော။
ဒီထဲမှာ ကျွန်တော် ၁၂-၁၁-၂၀၁၈ကို မနေ့ကလို့ သုံးသွားမယ်။ ဘာလို့လဲဆိုတော့ ခေါင်းစဉ်က ပေးစရာမရှိတာနဲ့ လျှောက်ပေးလိုက်မိလို့ပါ။
မနေ့ကရဲ့ မနေ့က မနက်(၈)နာရီလောက်ပေါ့။ ကျွန်တော် ဖုန်းလေးကို ဖွင့်ပြီး ဂိမ်းဆော့နေပါတယ်။မနေ့ကရဲ့ မနေ့ကဆိုတာက လွန်ခဲ့တဲ့ နှစ်ရက်ကလို့ ပြောချင်တာဗျ။ ဘာလို့ မနေ့ကတွေ ထပ်အောင် ရေးလိုက်တာလဲ ဆိုတော့ ကျွန့်တော့် ခေါင်းစဉ်ကြောင့်ပါ။ Pubgဆော့နေတာဆိုတော့ ဖုန်းလာတော့ lineက ကျသွားတော့ တင်းပြီလေ။ ဘယ်က ဖုန်းလဲ ကြည့်လိုက်တော့ ကျောင်းက သူငယ်ချင်းဖြစ်နေရော။ ဟာသေပြီ resultထွက်လို့ ငါ့နာမည် မပါလို့များ နှစ်သိပ်ဖို့ ဖုန်းဆက်တာများလားပေါ့။ တခါမှ မဆက်ဖူးတဲ့ကောင်က ဖုန်းဆက်လာတယ်။ လွဲပါစေ ချော်ပါစေ ငါကျလို့လားလို့ မေးပလိုက်မိတယ်။ သူက ဘာတွေပြောနေတာလဲတဲ့ ပြန်ပြောတော့မှ သက်ပြင်းလေး ခိုးချမိသွားတယ်။ သူက ဖုန်းဆက်တဲ့ အကြောင်းရင်းကို စပြောတယ်။ သူနဲ့သူ့အကို ကျွန်တော်နေတဲ့ နေပြည်တော်ကို ဆေးရုံပြလာတယ်တဲ့ တဲခိုနေထိုင်ဖို့ရာ တည်းခိုခန်းရှာပေးပါအုံးတဲ့လေ။ ကျွန်တော်လည်း ကျွန်တော့်အိမ်မှာ တည်းဖို့ပြောတော့ သူက သူ့အကိုပါ ပါလို့ အားနာနေပြီး တည်းခိုဖို့ကိုပဲ တည်းခိုးခန်းရှာပေးဖို့ပဲ ပြောနေတာ။ ကျွန်တော်ကလည်း နေပြည်တော်သား ပီပီ ပြန်ပြောလိုက်တယ်။ ငါလည်း မသိဘူးလို့ ပြန်ပြောလိုက်တယ်။ သူက ဟာဆိုပြီး ဖြစ်သွားတယ်။ ကျွန်တော်လည်း စဉ်းစားကြည့်ပြီးမှ သတိရလာတာက စည်ပင် ဧည့်ရိပ်သာ ရှိနေတာပဲ။ အဆင်ပြေတယ် လာခဲ့လို့ ပြောလိုက်တယ်။ ဒီလိုနဲ့(၁၂-၁၁-၁၈)ရက်ရဲ့ မနေ့က မနက်၁၀နာရီလောက်မှာ ဖုန်းဝင်လာတယ်။ သူတို့ကားထွက်လာပြီတဲ့ ပျဉ်းမနားမြို့ကို ရောက်ရင် သူတို့ဖုန်းဆက်မယ်တဲ့။ ကျွန်တော်လည်း သူတို့လာမယ်ဆိုတော့ အိမ်က အမေကို အလုပ်ပေးလိုက်တာပေါ့။ ဟင်းကောင်းကောင်းနဲ့ ထမင်းချက်ကျွေးဖို့ပေါ့။ အမေကလည်း ဈေးတွေ အပြေးအလွှားသွားပြီး ချက်ပြုတ်တော့တာပေါ့။ ကျွန်တော့်အကြံက သူတို့ကို တည်းခိုခန်းပို့ပေးသလိုနဲ့ အိမ်မှာ အိပ်ခိုင်းမလို့လေ။ ဘာလို့ဆို ကျွန်တော်တစ်ယောက်လုံး ရှိနေတဲ့မြို့ကို လာတဲ့သူငယ်ချင်း တည်းခိုခန်းသွားအိပ်ရတယ်ဆိုတော့ ဘယ်ကြားကောင်းမလဲဗျာ။
၁၂ရက်နေ့ရဲ့ မနေ့က နေ့ခင်း ၂နာရီခွဲလောက်လဲ ရောက်ရော အမေနဲ့အဖေက မေးတယ် ကျွန်တော့်ကို။ သားသူငယ်ချင်းတွေ ဘယ်ရောက်လောက်ပြီလဲတဲ့။ ဖုန်းဆက်ကြည့်လိုက်တယ် သူငယ်ချင်းဆီကို။ ဟဲလိုဆိုပြီး မိန်းမကြီး တစ်ယောက် လာကိုင်တယ်။ ကျွန်တော်လည်း သူငယ်ချင်းနာမည်ပြောပြီး မေးလိုက်တော့ အဲ့အမျိုးသမီးကြီး ဘာပြောတယ်မှတ်လဲ။ သားသားကြီးက ဖုန်းကို အိမ်မှာထားခဲ့တယ်တဲ့။ သေရောလို့တောင် စိတ်ထဲက ရေရွတ်လိုက်မိသွားခဲ့တယ်။ ဖုန်းချပြီးတော့ ယောကျာ်းလေးတွေရဲ့ နှုတ်ထွက်စကားလေးနဲ့တောင် တိုးတိုးလေး ဆဲရေးမိသွားသေးတယ်။ မိတ္ထီလာနဲ့ နေပြည်တော်က ကားစီးရင် အလွန်ဆုံး ၃နာရီပဲကြတယ်။ မနက်၁၀နာရီက ထွက်တာ နေ့လည် ၃နာရီထိုးခါနီးထိ ရောက်ပြီးလား မရောက်သေးဘူးလား မသိရသေး။ အမေနဲ့ အဖေလည်း ဧည့်သည်တွေအတွက် ချက်ထားတဲ့ ထမင်းဟင်းတွေကို ထိုင်စားပစ်လိုက်ကြတယ်။ ကျွန်တော်ပါ ဝင်စားပလိုက်သေးတယ်ဗျာ။ ဘာလို့ဆို ညနေဆို ဟင်းတွေ ထမင်းတွေက ပူတော့မှာ မဟုတ်တော့ဘူးလေ။
ညနေ၅နာရီခွဲနေပြီ ဖုန်းဆက်မလာသေးလို့ ဖုန်းကို ကောက်ကြည့်လိုက်တဲ့ အချိန်မှာပဲ ဖုန်းတစ်လုံး ကောက်ဝင်လာတယ်။ တစ်ခါမှ မဝင်ဘူးတဲ့ ဖုန်းပေါ့။ ကိုင်လိုက်တော့ ငနဲသားတွေ ဖြစ်နေတာနဲ့ တော်တုတ်လိုက်မိသေးတယ်။ သူက ပျဉ်းမနားရောက်ပြီးတဲ့ သူတို့ဘယ်နားဆင်းရမလဲ မေးတော့ ဆင်းရမဲ့ နေရာကို ပြောပြလိုက်တယ်။ တစ်ခါတည်း ဖုန်းထဲမှာပဲ မေးလိုက်တယ်။ ဖုန်းထားခဲ့ရတဲ့ အကြောင်းရင်းကို မေးတော့ သူဘာပြောတယ် မှတ်လဲ။ ပျောက်မှာ ဆိုးလို့တဲဗျာ။ အော် အေး ငါတို့မြို့က သူခိုး ဂျပိုးတွေ ပေါတယ်၊ အင်္ကျီပါ ဝတ်မလာနဲ့ ဆွဲချွတ်တာလို့ ပြောပလိုက်တယ်။ ခဏအကြာမှာ ကားဂိတ်ကို ကျွန်တော်သွားကြိုလိုက်တယ်။ မလှိမ့်တစ်ပတ်နဲ တည်းခိုခန်းခေါ်သွားတာလိုလိုနဲ့ အိမ်ကို ခေါ်ချသွားရော။ ကျွန်တော့် အိမ်ရောက်တော့ အမေလည်း ညစာဟင်းချက်ပြီးတာနဲ့ တိုးတာနဲ့ ခဏနားပြီး ထမင်းစားကျတယ်။ ပင်ပန်းလာလို့ ထင်တယ် သူတို့တွေ ၈နာရီခွဲလောက်မှာ အိပ်သွားကြတယ်။ မနက်၅နာရီ ထသွားရမှာ မို့ထင်တယ် နှိုးစက်လေး ပေးပြီး အိပ်သွားကြတာ။
မနက်၅နာရီကြီး ဆေးရုံထသွားရမဲ့ အကြောင်းကို ပြောပြမယ်။ ဘာလို့လဲဆိုတော့ အရင် မနေ့ကတွေတုန်းက ၂ခေါက်ရှိပြီတဲ့ သူတို့တွေ နေပြည်တော်ကို ရောက်တာ။ အရင်မနေ့ကလို့ သုံးလိုက်တာ ရှုပ်သွားတယ် ထင်တယ်။ ဖတ်ရတာလည်း ထောက်နေမှာပေါ့။ ကျွန်တော် ပြောချင်တာက ကျွန်တော် မသိခဲ့တဲ့ မနေ့ကရက်တွေမှာ လာသွားတာကို ပြောချင်တာ။ နေပြည်တော် ကုတင်၁၀၀၀ ဆေးရုံကြီးက တစ်နေ့ကို ရောဂါ ဌာနတစ်ခုမှာ လူ၁၀၀ပဲ လက်ခံတာမို့ပါတဲ့။ နောက်ကျလို့ ဆေးရုံပေါက်တင် လှည့်ပြန်ခဲ့ရလို့ပါတဲ့။ ဒီတစ်ခါ မလွဲအောင် ညအိပ်ပြီး စာအုပ်လာထပ်တာပါတဲ့။
မနေ့ကကို ရောက်လာပြီပေါ့။ ကျွန်တော် ရှင်းရှင်းလင်းလင်း မနေ့ကလို့ပဲ သုံးလို့ ရပြီ။ မနေ့က မနက်၎နာရီခွဲလောက်မှာ ထပြီး မျက်နှာတွေ သစ်ပြီး ဆေးရုံကို ထွက်သွားခဲ့တယ်။ ၅နာရီထိုးဖို့ ၁၀မိနစ်အလိုလောက်မှာ ရောက်သွားတယ်။ စာအုပ်ထပ်မယ် သွားကြည့်လိုက်တော့ လန့်တောင်သွားတယ်ဗျာ။ ကိုယ့်အရင် အုပ်၈၀လောက်က ထပ်ပြီးနေပြီ။ ရောက်မှတော့ မထူးတော့ဘူးဆိုပြီး ထပ်လိုက်တယ်။ ထပ်ပြီး လူနာဌာနနဲ့ မဝေးတဲ့ နေရာလေးမှာ ထိုက်နေလိုက်တယ်။ နေကတော့ မထွက်သေးဘူးပေါ့။
ဘာလို့ ကိုယ့်အရင် အုပ်၈၀လောက် ရောက်နင့်နေတာလည်း တွေးလိုက်လိုက်တယ်။ ခေါင်းတောင် တအားမသုံးလိုက်ရပါဘူး။ အဖြေက ချက်ချင်းသိတယ်။ ဆေးရုံကြီးရဲ့ သစ်ပင်လေးတွေအောက်က ဖျာလေးတွေနဲ့ ခြင်ထောင်လေးတွေက အဖြေသိစေတာပေါ့။ အနယ်နယ်အရပ်ရပ်က လာရောက်ဆေးကုသမှု ခံယူကြသူတွေကလည်း ည၂နာရီလောက်ကတည်းက လာထပ်ထားကြတယ်လို့ သိရပါတယ်။ ပြီးတော့ လူကြုံတွေပေါ့။ ဆိုင်ကယ်ကယ်ရီသမားတွေကို ထပ်ခိုင်းသူတွေလည်း ရှိတာပေါ့။
ဆေးရုံမြင်ကွင်းလေးဘက်ကို တစ်ချက်ပြောကြည့်မယ်။ မနက်၅နာရီဆိုတော့ နေကတော့ မထွက်သေး။ အမှောင်ထုလည်း မပျေက်သေး။ ဆေးရုံ လူသွားလမ်းဘေးမှာ ဈေးသည်တွေ အော်ဟစ်လို့နေတယ်။ လူနာတွေနဲ့ လူနာစောင့်တွေ ထရိုက်ချင်စရာဖြစ်အောင် အော်နေကြတယ်။ ကျွန်တော့်နားထဲ အကြားရဆုံး အသံက ဆန်ပြုတ်သည်နဲ့ စွပ်ပြုတ်သည်ပဲ။ လူနာတွေ ရှိတဲ့ နေရာမှာ ဒါတွေရောင်းမှ ရောင်းအားကောင်းမှာလေ။ လုံခြုံရေး ဝန်ထမ်းတွေတော့ ရှိပါတယ်။ ဈေးသည်တွေကို ဘာမှ မပြောဘူးလေ။ သစ်ပင်အောက်က ခြင်ထောင်တွေထဲမှာ အိပ်နေသူတွေက အိပ်နေကြတယ်။ ထထိုင်နေသူတွေက ထထိုင်နေကြတယ်။
ကျွန်တော် ညောင်းလာတယ် ထိုင်နေရတာ။ နေက ထွက်လာပြီး အမှောင်ထုက ပျောက်ကွယ်သွားတယ်။ အချိန်က ၇နာရီထိုးတော့မယ်။ အဲ့အချိန်မှာ လုံခြုံရေး ဝန်ထမ်းတစ်ဦးက ဈေးသည်တွေကို ၇နာရီထိုးတော့မယ်နော်လို့ လိုက်အော်နေတယ်။ ဈေးသည်တွေကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့လို့ ပြောကြတယ်။ ဘာကို ဆိုလိုမှန်း ကျွန်တော် မသိခဲ့ဘူး။ လူနာဌာန ဖွင့်ဖို့ပဲ စောင့်နေတယ်။ ကျွန်တော်တို့နောက်ကို စာအုပ်၂၀လောက် မိုးလင်းမှ လာထပ်ကြတယ်။ ၇နာရီ၁၀မိနစ်လောင်ကျတော့ နားထဲ အသံတစ်ချို့ပျောက်သွားသလို ခံစားရတာနဲ့ ဈေးသည်တွေ ရှိနေတဲ့ လူသွားလမ်းလေးဘက်ကို တစ်ချက်ကြည့်လိုက်တော့ ကျွန်တော်တွေ့တာ တစ်ခုပဲ ရှိတော့တယ်။ ဆေးရုံဝန်းအတွင်း မည်းသည်းဈေးသည်မှ မရောင်းချရဆိုတဲ့ ဆိုင်းဘုတ်လေးပဲ တွေ့တော့တယ်။ ကျွန်တော် ဆက်မပြောတော့ဘူးနော်။
၈နာရီလောက်မှာ ကိုယ်လိုအရွယ် ဆရာမလေး တစ်ယောက်၊ ထမီကတော့ မရမ်းရောင်းလေးနဲ့ လူနာဌာန တခါးသော့လာဖွင့်တယ်။ ခဏနေတော့ ထမီအပြာနဲ့ ဆရာမတစ်ယောက် ရောက်လာတယ်။ ဆရာဝန်ကြီး မရှိဘူးတဲ့ လက်ထောက်နဲ့ပဲ တွေ့ရမယ်လို့ ပြောပြီး လူနာတွေကို အထဲဝင်ဖို့ ခေါ်လိုက်တယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ အကိုလည်း ဝင်လိုက်သွားတယ်။ ကျွန်တော်တို့နှစ်ယောက်ကတော့ အပေါက်ဝကနေပဲ လှမ်းကြည့်နေလိုက်တယ်။ ပထမဆုံး ခေါ်လိုက်တဲ့ လူနာက ကျွန်တော့်မျက်စိရှေ့တင် မနက်လင်းမှ စာအုပ်လာထပ်တဲ့ လူနာဆိုတာ ကျွန်တော် သိလိုက်တယ်။ ဆရာမတွေ စာအုပ်တွေကို လွဲခေါ်နေပြီဆိုတာ ကျွန်တော် သိလိုက်ပြီလေ။ အသာလေးပဲ ငြိမ်နေလိုက်တယ်။ ဘာလို့ဆို ကိုယ့်လူက အယောက်၂၀ပြီးရင် လာတော့မှာလေ။ မဟုတ်ရင် ၇၀/၈၀လောက်ပြီးမှ အလှည့်ကျမှာ။ မနက်စာကို မြို့မဈေးကို သွားပြီး စားလိုက်သေးတယ်။ သူငယ်ချင်းနဲ့ပေါ့။
၁၀နာရီလောက်ကျတော့ ထမီအပြာနဲ့ ဆရာမတစ်ယောက်က ကျွန်တော်တို့အရွယ် မိန်းကလေးတစ်ယောက်ကို ဆေးစာရွက်လေးနဲ့ လှမ်းခေါ်လိုက်တာကို ကျွန်တော် အာရုံစိုက်မိသွားခဲ့တယ်။ အဲ့ဆရာမ ဘေးနားမှာတော့ အသက်၅၀ကျော် အမျိုးသား လူနာတစ်ယောက် ရှိနေတယ်။ ဆေးစာရွတ်လေး ပေးလိုက်တော့ ခလေးမလေးက လူနာဦးလေးကြီးကို ခဏစောင့်နော်တဲ့ဆိုပြီး ဆိုင်ကယ်လေးနဲ့ ထွက်သွားတယ်။ ၅မိနစ်လောက်ကြာတော့ ပြန်ရောက်လာတယ်။ လက်ထဲမှာ
ကျွတ်ကျွတ်အိပ်လေး တစ်လုံးနဲ့။ ပြီးတော့ အိတ်ထဲက ဆေးတွေကို ထုတ်ပြတယ်။ ပြီးတော့ ဦးလေးကြီးက ငွေတစ်သောင်းတန် ၄ရွက်ထုတ်ပေးလိုက်တယ်။ ကောင်မလေးက ငွေ၁၀၀၀တန် တစ်ရွက် ပြန်ပေးလိုက်တယ်။ အဲ့လိုနဲ့ ၁၀လောက်ရှိအောင် အသွားအပြန်တွေ လုပ်ပေးနေတယ်။ ကောင်မလေးကလည်း ကျွန်တော်နဲ့ မလှမ်းမကန်းမှာ ရပ်ရပ်ပြီးတော့ နောက်လူနာကို စောင့်စောင့်နေတယ်။ လူနာ တစ်ယောက်က ပိုက်ဆံထုတ်ပေးတာမှာ ငွေ၁၀၀၀၀လောက် လိုနေတယ်။ ကောင်မလေးက ဘာပြောလဲသိလား။ ကျွန်တော်က ထင်တာက ကျမစိုက်ရမှာပေါ့ဘာညာပြောမယ် ထင်တာ။ သူက အဲ့လိုမပြောဘူးဗျာ။ နောက်မှပေးပေါ့တဲ့။ ဆရာမက ထွက်လာပြီး ပို့ပေးတဲ့ လူတွေက အများကြီး သူကော ဆရာမကော မှတ်မိနိုင်လား။ ဆိုင်ကယ်ဆီကုန်လည်း ခံရသေးတယ်၊ ငွေတစ်သောင်းလိုတာကို အပြုံးမပျက်တာ သူက ဘာလဲပေါ့။ နောက် ဆရာမကလည်း သူမကိုပဲ ဘာလို့ ဆေးဝယ်လွတ်ရတာလဲ။ သူမနဲ့ ဆရာမက ဘာတွေလဲ။ သူမကလည်း လူနာမပါပဲ ဘာလို့ ဆေးကို တစ်ယောက်တည်း ထွက်ထွက်သွားဝယ်နေရတာလဲ။ သူဘယ်ကို သွားသွားဝယ်နေရတာလဲ။ မေးခွန်းတွေ မေးစရာတွေ ခေါင်းထဲမှာ အများကြီးပေါ်နေတာပေါ့။ ကျွန်တော်ဘာမှတော့ သွားမမေးလိုက်ပါဘူး။ သူမကို တစ်ခုတော့ ပြုမူပြလိုက်တယ်။ ကျွန်တော့်မျက်လုံးရဲ့ သံသယအကြည့်တွေနဲ့ သူမအသွားအပြန်တွေကို ကြည့်နေလိုက်တယ်။ နောက်တော့ သူ ကျွန်တော်ကြည့်တာတွေကို သိသွားပြီး ကျွန်တော်မမြင်တဲ့ နေရာကို ပြောင်းပြီး စောင့်နေတယ်။ ဘာလို့လည်း သိဘူးဗျ။
နေ့လည် ၁နာရီလောက်ကျတော့ ကျွန်တော့်သူငယ်ချင်း အကို ပြန်ထွက်လာတယ်။ ပြီးပြီတဲ့ ဆေးဝယ်ရမယ်တဲ့ ။ကျွန်တော်လည်း အပြင်ရောက်မှ ဝယ်မယ်ဆိုပြီး ဆေးရုံကနေ ထွက်လာခဲ့တော့တယ်။ သူတို့ညီအကို နှစ်ယောက်ကို ကားဂိတ်လိုက်ပို့ပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ခဏနားလိုက်တယ်။ ညနေ၅နာရီလောက်မှာ Tvဖွင့်ပြီး tvရှေ့မှာ မြန်မာနဲ့ ခမာဘောလုံးပွဲအလာကို ထိုင်စောင့်နေလိုက်ပါတယ်။ ၆နာရီလောက်က စကန်တဲ့ ဘောလုံးပွဲ အဆုံးသတ်မှာ မြန်မာနိုင်သွားတော့ အပျော်ကြီးပျော်ပြီး အိပ်ဖို့ပဲ ပြင်လိုက်ပါတော့တယ်။
အဲ ပြောရအုံးမယ်...ခုပြောတာတွေက မနေ့ကဖြစ်ခဲ့တာတွေနော် ။ ။
