လူ့ဘောင်လောက ရှုပ်ထွေးသား ...
နယ်ပယ်မတူရင် ဖေးမချင်ပေမယ့် ...
နယ်ပယ်တူရင် တွန်းတိုက်ချင်တာမျိုး ...
လူတစ်ယောက် ရဲ့ တန်ဖိုး ...
လှပတဲ့ မျက်နှာလား ?
မြင်သူငေးလောက်တဲ့ ခန္ဓာကိုယ်အလှလား ?
ငွေကြေးချမ်းသာမှုလား ...
အောင်မြင်ကျြော်ကားမှုလား ...
ဂုဏ်ပကာသနလား ...
အာဏာလား ...
ဘာတစ်ခုမှ မဟုတ်ဘူး ...
ခွဲစိတ် ပြုပြင်လို့မရတဲ့ မွေးရာပါ စိတ်ဓါတ် နဲ့ နှလုံးသား
❤️❤️❤️ မုဒိတာ ❤️❤️❤️ တဲ့.
ပွားတတ်ရင် အေးချမ်းရတယ်. မပွားနိုင်ရင် ပူလောင်ရတယ်.
တစ်ချို့ကတော့ ကုသိုလ်ပါရမီအားကောင်းမွေးရာပါ မုဒိတာနှလုံးသားနဲ့မွေးဖွားလာကြတယ်.
အချို့ အချို့ကတော့ မုဒိတာပွားဖို့ လေ့ကျင့်ယူရင်းတည်ဆောက်ကြရတယ်.
ကိုယ့်ကိုယ်ကိုမေးကြည့် ...
❓အတန်းထဲ သူပြိုင်ကိုယ်ပြိုင် အဆင့် (၁) ရဖို့ကြိုးစားကြတဲ့အခါ ...
ကစားပွဲတစ်ခုမှာ သူ့ဖက်ကိုယ့်ဖက် အနိုင်ရရေးကြိုးစားကြတဲ့အခါ ...
ပရောဂျက်တစ်ခုရဖို့အရေး ကိုယ်နဲ့ ကိုယ့်ပြိုင်ဖက်တွေ ကြိုးစားကြတဲ့အခါ ...
ကိုယ်မဟုတ်တဲ့ ကိုယ်ပြိုင်ဖက်က အနိုင်ရသွားတဲ့အခါ ...
ရင်ထဲကလာတဲ့ အပြုံးနဲ့ လက်ဆွဲနှုတ်ဆက် congratulations လုပ်နိုင်သလား ?
အနိုင်ရသွားသူရဲ့ အောင်မြင်မှုအတွက် ဖြူစင်တဲ့မုဒိတာလေး ထားနိုင်သလား ?
❓ ကိုယ်နဲ့သိပ်ခင်တဲ့သူငယ်ချင်းက အရမ်းအောင်မြင်ပညာတတ်ချမ်းသာကြွယ်ဝသူနဲ့ လက်ထပ်တော့မယ်ဆိုပါစို့ ... အဲဒီ့သူငယ်ချင်းအတွက် ဝမ်းသာစွာ မုဒိတာပွားနိုင်လား ?
❓ ကိုယ့်လုပ်ဖော်ကိုင်ဖက်တစ်ယောက် သို့မဟုတ် သူငယ်ချင်းတစ်ယောက် သို့မဟုတ် မိတ်ဆွေတစ်ယောက် ရာထူးတိုးသွားသတဲ့. သူ့ကောင်ကျိုးချမ်းသာအတွက် မုဒိတာပွားနိုင်သလား ?
❓ သူငယ်ချင်းတွေ ဓါတ်ပုံရိုက်ကြတယ်. ဓါတ်ပုံထဲ ကိုယ်မလှပေမယ့် ကိုယ့်သူငယ်ချင်းလေးတွေလှနေတယ်. သူတို့လှတဲ့ပုံလေးတွေအတွက် မုဒိတာပွား ကိုယ့်ဝေါ်လ်မှာတင်မိသလား ?
❓ အလှူတွေလှူသတဲ့ ... ကောင်းမှုကုသိုလ်တွေလုပ်သတဲ့ ... သိသူဖြစ်ဖြစ် မသိသူဖြစ်ဖြစ် ... သူတစ်ပါး အလှူဒါနအတွက် မုဒိတာပွား ရင်ထဲကလာတဲ့သာဓု သုံးကြိမ်ခေါ်ဖြစ်သလား ?
❓ မတွေ့ဖြစ်ကြတာကြာပြီဆိုတဲ့ ငယ်သူငယ်ချင်း ပြန်တွေ့ရတော့ လှလို့ ချမ်းသာလို့ အောင်မြင်ကြီးပွားချမ်းသာလို့ ... ပြန်တွေ့ရချိန်မှာ သူငယ်ချင်းဘဝကောင်းမွန်သာယာနေတာအတွက် မုဒိတာပွား ကြည်နူးဝမ်းသာဖြစ်မိသလား ?
ကံ ဉာဏ် ဝီရိယ တဲ့.
ဉာဏ်တွေ ဝီရိယတွေတူရင်တောင် ကံတွေမတူကြဘူး.
ကံတွေမတူတာက အတိတ်ဘဝအဆက်ဆက်ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေ ဒီဘဝအကျိုးပေး. ဒီဘဝပြုတဲ့ ကုသိုလ် အကုသိုလ်တွေကလည်း နောင်ဘဝမကူး ဒီဘဝတင် အကျိုးပေးချင်ပေးတတ်သေးတာ.
တစ်ကျောင်းတည်းကကျောင်းဆင်း ... သူလည်းဒီဘွဲ့ ... ကိုယ်လည်းဒီဘွဲ့ ... သူ့အရည်အချင်း နဲ့ ကိုယ့်အရည်အချင်း တူညီသလောက်ပေမယ့် ... လုပ်ငန်းခွင်ရောက် အလုပ်တွေရတဲ့အခါ ... သူဒီလစာ ဒီရာထူးပေမယ့် ... ကိုယ်လစာ ရာထူး သူနဲ့တူချင်မှတူမယ်.
ကျောင်းတုန်းက စာမတော်ပေမယ့် လုပ်ငန်းခွင်မှာ သူဋ္ဌေးဖြစ်နေသူတွေ အပုံအပင် ...
ကျောင်းတုန်းကစာတော်ပြီး ဘဝကိုအတော်လေးရုန်းကန်နေရသူတွေ ဒုနဲ့ဒေး ...
ဖြစ်သမျှအတွက် ...
ငါ နဲ့ သူ လို့ ယှဉ်နေသမျှ ဘယ်တော့မှ မငြိမ်းချမ်းပါဘူး.
ဉာဏ် ဝီရိယရှိသမျှ အစွမ်းကုန်ကြိုးစားပြီး ဖြစ်မလာတာတွေအတွက် စိတ်ဓါတ်ကျဖို့ ဝမ်းနည်းအားငယ်ဖို့မှမလိုတာ.
ငါ အကောင်းဆုံးကြိုးစားခဲ့တယ်. ဖြစ်မလာတာ ငါ့ဘဝအကြောင်းတရား. ဝဋ်ကြွေးတစ်ခုဆပ်ပြီးပြီ. ကြေသွားပြီ. ဒီတစ်ခုမရရင် နောက်တစ်ခုအတွက် ငါကြိုးစားမယ်ပေါ့.
အကုသိုလ်ကံတွေ ပါးလျသွားချိန် ကုသိုလ်ကံအကျိုးပေး ကိုယ့် ဉာဏ် ဝီရိယနဲ့ပေါင်း ကိုယ်အဆင်ပြေရတဲ့တစ်နေ့ရှိလာမှာပါဘဲ.
သူတစ်ပါး လှပချမ်းသာအောင်မြင်ကြီးပွား သူတစ်ပါးဆကာင်းကျိုး မုဒိတာပွား ...
ကိုယ့်ဘဝအတွက် ကိုယ်ကြိုးစား ...
မလျော့တဲ့ ဉာဏ် ဝီရိယနဲ့ အားထုတ် ကုသိုလ်ကံတွေအကျိုးပေးတဲ့အချိန် လိုချင်တဲ့ပန်းတိုင်ရောက်မှာပါ.
မုဒိတာလေးပွားတော့ ... ပွားချိန်တိုင်းကုသိုလ်တွေရတယ် ...
မုဒိတာမပွား ... အိသာ မိစ္ဆျရိယ စိတ်တွေဖြစ်ရင် ဖြစ်မိချိန်တိုင်းမှာအကုသိုလ်တွေရတယ် ...
ပြုပြုသမျှ စိတ်ဖြစ်မိသမျှ ကုသိုလ် အကုသိုလ်တွေက အရိပ်လိုလိုက်ပြီး တစ်ချိန်ချိန်တော့ အကျိုးပေးမှာပေါ့.
နေ့စဉ်တိုင်းမှာ မုဒိတာပွား အေးချမ်းကြပါစေ.
ကျွန်မလား ?
မုဒိတာပွားများရေး နေ့စဉ်ကြိုးစားလေ့ကျင့်နေဆဲပါ.
လေ့ကျင့်ခြင်းရဲ့ ရလဒ်က သိပ်ကို အံ့သြစရာကောင်းပါတယ်😊.
...
မုဒိတာဆိုတာ ပွားများတိုင်း စိတ်အေးချမ်းရတာမျိုး ...
မယုံမရှိနဲ့ ...
ခုချက်ချင်းပွား ခုချက်ချင်းအေးချမ်းတယ် ...