၁။ ရွှေညာမြေက၊ ပူဇာ့မဏ္ဍိုင်
လေးသွယ်ရိုးမ၊ ဘေးမှ ဝန်းဆိုင်
ရေမြသီတာ၊ ထီလာခရိုင်
ပြာရီမှိုင်းညို့ ၊ မြို့နယ် မလှိုင်
တူဖူးစို့ .... သွားလို့စုံညီမြိုင်။ ။
၂။ ၂၃၅ (နှစ်သုံးငါး) လှစ် ၊ သက္ကရာဇ်ပြုဆောင်
သီရိဓမ္မာ၊ ရာဇအခေါင်
စေတီဆူပေါင်း ၊ ရှစ်သောင်းလေးထောင်
ပူဇနိယ ၊ ဒါနဥသျှောင်
အေးစေကြောင်း .... သွန်းလောင်းကုသိုလ်ရောင်။ ။
၃။ စည်ပင်ဝပြော ၊ နှောကန်တိုက်နယ်
သီးနှံပြည့်ဖုံး ၊ မြို့ကုန်းရွာဝယ်
မြို့ရိုးပတ်ကုံး ၊ ကျုံးကသွယ်သွယ်
ရှုလေတင့်မော ၊ ယာတောပတ်လည်
ရွှေမုဋ္ဌော .... ကြွယ်ပေါဘုန်းရောင်နွယ်။ ။
၎။ ပေစာပုရပိုက်၊ ဓမ္မသိုက်နှယ်
ဘဏ္ဍာတိုက်အလား ၊ သိုထားစုံကြွယ်
ပညာဥာဏ်မိုး ၊ ရွာဖြိုးစေဖွယ်
ဘုန်းရှိန်တိမ်ဖွဲ့ ၊ ပြာလဲ့ဝဠာနယ်
သွန်းစေကြောင်း .... ဆုတောင်းဦးနှိမ်ကွယ်။ ။
၅။ ပူဇနိယ ၊ ပွဲလှခါကြုံ
မုတ်သုန်တိုက်ခတ် ၊ လမြတ်ကဆုန်
ဦးခိုက်လာကြ ၊ နယ်မှအစုံ
ဝန်းကျင်ဌာန ၊ လေးဝအကုန်
ဒါနပွဲ .... ခြိမ့်သဲသိမ့်သိမ့်တုန်။ ။
၆။ တစ်ရာလွန်မြောက် ၊ ခြောက်ဆယ်အကျော်
ခြောက်ကြိမ်တိုင်လျက် ၊ ထူးမြတ်ပွဲတော်
လှည်းနေလှေအောင်း ၊ မြင်းဇောင်းမကျန်နော်
မြတ်ရွှေမုဋ္ဌော ၊ ကျော်ဇောရှိန်စော်
နိဗ္ဗာန်ဆု .... ပန်မှုရည်တွေးမျှော်။ ။
ခရမ်းလွန်ရောင်ခြည် အလွမ်း
=================
တကယ်ဝမ်းနည်းပြီဆို
ငိုသံတွေကအစ
ပိုပြီး သိပ်သည်းသွားသလိုမျိုး
ဥသြတွန်သံတွေက နွေထဲ စိမ့်ဝင်ပျံ့နှံ့နေတယ်
ပိပိရိရိပဲ ပျောက်ဆုံးနေတယ်။
ပိတောက်တစ်ခက်စာ ရွှေဖြစ်ဖို့
ခရမ်းလွန်ရောင်ခြည်ထဲ နှစ်ထားခဲ့ရ
ခေါ်သံတွေ…
ရင်နဲ့ နွေနဲ့ အပြန်အလှန် သိမ်းပိုက်နေပြီ။
မသိလိုက်တာ မဟုတ်ဘူး
သိချင်စိတ် ကုန်ခမ်းသွားတာတဲ့
တောင်ပြန်လေတွေဆီက
သတင်းစကား
တိုးဖျော့လှချည့်။
ခွင့်လွှတ်ဖို့ထက်ခက်တာက
မေ့ပစ်ဖို့ ဖြစ်နေတော့
ပိုပြီး မခက်လား နွေ…
ရင်ထဲ လွင့်သလောက် ပြောရရင်
ပိတောက်တွေ အနီရောင် ထပွင့်ကုန်တော့မယ်။ ။
ချစ်ရတဲ့ ချမ်းမြေ့လေးရေ-
သတိရခြင်းများစွာနဲ့ ငါစာရေးလိုက်ပါတယ်။ နင်နဲ့နင့်မိသားစုတွေအားလုံး နေကောင်းကြတယ် မဟုတ်လား။ မိသားစုဝင်အားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ဒါနဲ့ စကားမစပ်- သူငယ်ချင်းရေ - ငါ့ရဲ့ကောင်လေးအကြောင်း နင့်ကို ပြောပြချင်တယ်။ သူကလေ မျက်နှာဝိုင်းဝိုင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ပါ။ သူက စိတ်ထားလေးလည်း အရမ်းကောင်းတယ်။ သူက အရမ်းတော်ပြီး အရမ်းလည်း သန်မာထွားကျိုင်းတယ်။ သူက ငါ့ကိုကူညီတယ်။ ငါ့ရဲ့ပြဿနာအခက်အခဲတွေကိုလည်း ကူညီဖြေရှင်းပေးတယ်။ ငါ သူ့ကို ချစ်တယ်။ သူကလည်း ငါ့ကို ချစ်တယ်။ ငါတို့နှစ်ယောက်ဟာ အပြန်အလှန် ချစ်ကြတယ်။ ဒါပေမယ့် မိဘတွေတော့ မသိကြသေးဘူး။ ငါလေ သူနဲ့ Relationship ဖြစ်ရတာ အရမ်းကို နွေးထွေးတာပဲ။
အိုးးး စာလည်းရှည်သွားပြီဟာ။ ဒီလောက်နဲ့ပဲ တော်လိုက်တော့မယ်နော်။ စာမေးပွဲအတွက် စာတွေ ကျက်လိုက်အုံးမယ်။ ဘုရားသခင် စောင့်ရှောက်ပါစေ။
