"နင့်ကိုကို ကောင်မလေးတစ်ယောက်နဲ့ ငြိနေတာ နင်သိလား "
ဖြူရဲ့အပြောကြောင့် လက်ဖက်ဇွန်းကို လှမ်းလက်စ လက်ကလေး လေထဲမှာတင် ရပ်တန့်သွားခဲ့တယ်။
ဝဲတက်လာတဲ့ မျက်ရည်စကို မနည်းထိန်းပြီး မျက်နှာကို တစ်ဖက်လှည့်နေလိုက်တယ်။
" နင်....သိနေခဲ့တာလား..."
" အင်း..."
ဖြူ့ ရဲ့လက်တစ်ဖက်က ကျွန်မရဲ့လက်ကို လာဆုပ်ကိုင်တယ်။ ဖြူ့ ရဲ့ သက်ပြင်းချသံလား...ကျွန်မရဲ့ သက်ပြင်းချသံလား ဆိုတာတောင် ကျွန်မ ဝေခွဲမရတော့တဲ့အထိ ချာချာလည်နေခဲ့တယ်။
" ငါသိတဲ့ မေ ဟာ ဆုံးဖြတ်ချက် ပြတ်သားတဲ့သူပါ။ နင် ဆုံးဖြတ်ချက် မှန်မှန်ချနိုင်မယ်လို့ ငါ ယုံကြည်တယ် မေ....။ အရာအားလုံး အဆင်ပြေသွားမှာပါ။ "
အိမ်ပြန်လမ်းဟာ ကျွန်မအတွက် ခြောက်ကပ်လွန်းလှတယ်။ လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းကို ငုံ့ကြည့်ပြီး ကားမှတ်တိုင်မှာ ကျွန်မ ကားမှတ်တိုင်မှာ ခဏထိုင်နေခဲ့တယ်။ အချိန်ခဏလောက်ကြာတော့ ကျွန်မ အလွတ်ရနေတဲ့ ဖုန်းနံပါတ်တစ်ခုဆီ ဆက်လိုက်တယ်။
" ကိုကို "
" မေ...ပြောလေ "
" မနက်ဖြန် ကိုကို အားလားဟင် "
" ခဏနော်...ကို timetable ကြည့်လိုက်ဦးမယ် "
ဖုန်းကိုင်ထားတဲ့လက်တွေက မသိမသာ တုန်နေတယ်။ အသံမတုန်အောင် ထိန်းပြီး ပြောနေရတယ်။
" အားတယ်...မေ။ မေ ဘယ်သွားချင်လို့လဲ ။ "
" မေ....ရုပ်ရှင်ကြည့်ချင်လို့ပါ။ "
" ဘာလဲ. .မြန်မာကားပဲမလား "
ကိုကို့ရဲ့အမေးကို ကျွန်မ ပြန်မဖြေနိုင်လောက်အောင် ကိုကို့အသံကို တမက်တမော နားထောင်နေမိခဲ့တယ်။
" အေးပါကွာ....မနက်ဖြန် မေ့ကို အချိန်ပေးပါတယ်။ ကိုကို အိမ်ရှေ့လာကြိုမယ်နော်..."
" ဟုတ်...."
ဖုန်းချသွားတာနဲ့တစ်ပြိုင်နက် ကျွန်မ ကားငှါးပြီး city mark ကို သွားတယ်။ ကိုကို ကြိုက်မယ်ထင်တဲ့အရာလေးတွေဝယ်တယ်။
မနက်စောစောထပြီး sandwich လုပ်တယ်။ နောက် အခြားမုန့်လေးတွေ အနည်းငယ်လုပ်တယ်။ အသည်းပုံဘူးလေး သုံးဘူးထဲမှာ မုန့်ထည့်ပြီး ကိုကို့ကို စောင့်နေခဲ့တယ်။
" ဘာတွေလဲ....မေ "
" ကိုကို့အတွက် မေ မုန့်လုပ်လာတာပါ "
ကိုကိုကတော့ ထုံးစံအတိုင်း ပြုံးနေတယ်။ ကျွန်မကလည်း ထုံးစံအတိုင်း ရှက်နေခဲ့တယ်။
ကိုကိုနဲ့ ချစ်သူတွေသာ ပြောပါတယ်။ ကျွန်မက ကိုကို့ကို အထင်ကြီးလေးစားတယ်။ တရိုတသေ ဆက်ဆံတယ်။ ကိုကို နူးညံသလို ကျွန်မကလည်း သိမ်မွေ့လွန်းလှတယ်။ ကျွန်မတို့ရဲ့ အချစ်လမ်း ဖြောင့်တန်းမှာပါ လို့ ပုံသေသတ်မှတ်ထားခဲ့တာ မှားခဲ့မိလား....။
" ကဲ....အငိုမင်းသမီးလေး..မြန်မာကားလည်း ပြီးသွားပြီ။ မျက်ရည်တွေလည်းကုန်ပြီ။ ဘယ်သွားချင်သေးလဲ... ပြော "
ရုပ်ရှင်ရုံထဲကနေ နှပ်ချေးရှုံ့ပြီး ထွက်လာတဲ့ကျွန်မကို ကြည့်ပြီး ကိုကိုက ရယ်တယ်။ ကိုကို့ရဲ့ လက်ဖဝါးနုနုလေးက ကျွန်မရဲ့ ပါးမို့မို့ထက်က မျက်ရည်တွေကို တယုတယ သုတ်ပေးတယ်။ ဒီလောက်နူးညံတဲ့ကိုကိုမှာ အခြားကောင်မလေး ရှိနေပြီလို့ ကျွန်မ ဘယ်လိုယုံရမလဲ...။
" မေ....ဟိုးဘက်ကမ်းကို သဘောင်္စီးချင်တယ် ကိုကို "
" ဒီနေ့ မေ ထူးဆန်းနေတယ်။ မတောင်းဆိုစဖူး တောင်းဆိုနေပါလား ။ "
" ကိုကို..မအားလို့လားဟင် "
ကျွန်မရဲ မဝံမရဲအသံကြောင့် ကိုကိုက ကျွန်မကို ငုံ့ကြည့်တယ်။ ပြီးတော့ ခေါင်းခါပြတယ်။ ကျွန်မရဲ့လက်ကိုဆွဲပီး သဘောင်္ဆိပ်ဆီ လှမ်းသွားခဲ့တယ်။
နေဝင်ချိန်ကို ကိုကို့ပုခုံးပေါ်မှီပြီး ကြည့်ခဲ့ရတဲ့ ညနေခင်းကို ကျွန်မ မေ့နိုင်မယ်လို့မထင်ဘူး။ လေပြေညင်းတွေက ကျွန်မနဲ့ကိုကိုကြား နေရာဝင်ယူမှာတောင် စိုးရိမ်လှတယ်။ ဆံပင်ရှည်တွေ နဲ့ လေနုအေးတွေ ရန်ဖြစ်ကြတော့ ကိုကိုက ဖြေရှင်းပေးနေသေး။
သဘောင်္ကမ်းပြမ်ကပ်ခါနီးတော့ ကိုကိုက ကျွန်မရဲ့နှဖူးကို အနမ်းတစ်ပွင့် ဖွဖွလေး ခြွေချတယ်။
" အရာအားလုံးအတွက် sorry ပါ မေ "
ကိုကို့ကို မော့မကြည့်မိအောင် စိတ်တင်းထားလိုက်တယ်။ ကိုကို့ကို မေးခွန်းတွေလည်း ပြန်မမေးရက်ဘူး။
" အိမ်ပြန်ချင်ပြီ...ကိုကို "
အသံတိုးတိုးနဲ့ ခေါင်းလေးငုံ့ပြီး ပြောတဲ့ ကျွန်မကို ကြည့်ပြီး ကိုကို သက်ပြင်းချတယ်။ အပြန်လမ်းဟာ ကျွန်မတို့ နှစ်ယောက်အတွက် တိတ်ဆိတ်လွန်းလှတယ်။
ကျွန်မရဲ့အိမ်ရှေ့ကို ရောက်တော့ ကျွန်မ ကိုကို့ကို စကားစပြောလိုက်တယ်။
" ကိုကို "
" ဟင်..."
" မေ...ကိုကို့ကို ချစ်တာ ကိုကို သိတယ်မလားဟင် "
နားမလည်နိုင်တဲ့မျက်လုံးတွေက ကိုကိုက ကျွန်မကို ငေးကြည့်နေတယ်။
" ကိုကို....သူ့ကို ချစ်လားဟင်.."
ကျွန်မရဲ့မျက်လုံးကို မကြည့်ဘဲ ချက်ချင်း ဘေးဘက်ကို လှည့်သွားတယ်။
" မေ...သိပါတယ် ကိုကို ။ ကိုကိုက စိတ်မပါရင် ဘာမှမလုပ်တဲ့လူမျိုးပါ။ ကိုကို စိတ်ပါနေတာရော ကိုကို သူ့ကို ချစ်နေတာပါ မေ...သိပါတယ်။ "
စိတ်ရှုပ်သွားဟန် ရှိပေမယ့် ကိုကို တစ်ခွန်းမျှ ပြန်မပြောဘူး။
" တစ်ခုလောက်မေးပါရစေ ကိုကို "
" မေးပါ မေ... ။ကို အရိုးသားဆုံး ဖြေမှာပါ။ "
" မေ...ကိုကို့ကို စိတ်ညစ်အောင် လုပ်ခဲ့မိဖူးလား။ "
" တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ "
" မေလေ..ကိုကို့ကို အထင်ကြီးလေးစားတယ်။ ပြီးတော့ ကိုကို့ကိုလည်း ချစ်တယ်။ ကိုကို မျက်နှာတစ်ချက် ပျက်မယ့်ကိစ္စမျိုး မေ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ပြီးတော့ ကိုကို့ကို လေသံမာမာနဲ့တောင် မပြောခဲ့ဖူးဘူး။ စိတ်ဆိုးစိတ်ကောက်ဖြစ်ဖို့မပြောနဲ့ ကိုကို သေဆိုသေ ရှင်ဆိုရှင် နေခဲ့တာပါ။ "
အသံက တိုးတထက်တိုးဝင်သွားပြီး မျက်ရည်က အလိုလို ကျလာတယ်။
"မေ...ကို ဘာမှ မဆုံးဖြတ်ရသေးဘူး။ မေ...ကို့ကို စောင့်နေပေးပါ ။ ကို...မေ့ဆီ လှမ်းလာခဲ့မှာပါ။ "
" မေ...ဆုံးဖြတ်တာကိုရော ကိုကို လက်ခံနိုင်မလားဟင် ။ မေ...အရင်ထွက်သွားမယ် ကိုကို ။ ကိုကို့ကိုလည်း ဘယ်ကြိုးနဲ့မှ မချည်နှောင်ထားချင်ဘူး။ မေ့ကို အရင်ထွက်သွားခွင့်ပြုပါ။ "
" မေ...."
တလန့်တကြား အော်သံက ကျွန်မကို တုန်ယင်စေတယ်။
" ဘာလို့လဲ...ကို့ကိုပြောပါ။ "
မျက်ရည်တွေ သုတ်လိုက်ပြီး ခေါင်းကို မော့လိုက်ပြီး ကိုကို့ကို ကြည့်တယ်။
" ချစ်သူဘဝဆိုတာ ဘဝမှာ အကြည်နူးဆုံးအချိန်ပါ။ မေတို့ကြားမှာ ဘာအခက်အခဲမှ မရှိခဲ့ဘူး။ ကိုကိုလည်း မေ့ကို အကောင်းဆုံး ဆက်ဆံခဲ့သလို မေလည်း ကိုကို့ကို အကောင်းဆုံးသော ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ခဲ့တယ်။
ပြီးတော့ အိမ်ထောင်သည် ဘဝဆိုတာ ဘဝမှာ အခက်ခဲဆုံးထဲက တစ်ခုပါ။ အဲ့ဒီအခက်အခဲတွေကို ချစ်ခြင်းမေတ္တာတွေရယ် သစ္စာတရားတွေရယ် ပြီးတော့ နားလည်မှုတွေနဲ့ ကျော်ဖြတ်ရမှာ။
အဲ့ဒီအချိန်ထိ မေ့လက်ကို မြဲမြဲကိုင်ထားပေးမယ့်သူကို မေ လိုချင်တယ်။ ချစ်သူရည်းစားဘဝမှာတောင် ကိုယ့်အတွက် 100 % မဟုတ်တဲ့ သူတစ်ယောက်ကို မေ ဘယ်လို အိမ်ထောင်သည်ဘဝအထိ ရည်ရွယ်ရမလဲ။ အဲ့ဒါ မေ့ရဲ့ ဆုံးဖြတ်ချက်ပါ..ကိုကို။ "
ဘဝမှာ ပထမဆုံး ကိုကို့ကို စိတ်အနှောက်အယှက်ပေးခဲ့မိပုံပေါ်တယ်။ ကိုကို စိတ်တိုနေတာလား...စိတ်ရှုပ်နေတာလား....ကျွန်မ ဝေမခွဲတတ်။
" ကိုကို...အဆင်ပြေပါစေနော်...မေ့ကို သွားခွင့်ပြုပါ။ "
ကားပေါ်မှာ ကိုကို ဘယ်လို ကျန်ခဲ့သလဲ ကျွန်မမသိ။ ပြင်ပလေထုနဲ့ ထိတွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ပေါ့ပါးလွတ်လပ်မှုကို ခံစားရတယ်
ဒီနေ့ တစ်ရက်တော့ အဝငိုပါရစေ။
မနက်ဖြန် များစွာမှာ ကျွန်မဟာ ရဲရင့်တဲ့ မိန်းမတစ်ယောက်အဖြစ် လောကကြီးထဲကို ဝင်ရောက်တော့မှာပါ။
အဲ့ဒီမနက်ဖြန်တွေမှာ ဘယ်သူမှမပါတော့ဘူး။ စိတ်ကူးယဉ်အိပ်မက်လေးအစား လက်တွေ့ဘဝကြီးတည်ဆောက်ဖို့ ကြိုးစားတော့မယ်။
အရာအားလုံးအတွက် ကျေးဇူးအများကြီး တင်ပါတယ် ကိုကို...။
ကျွန်မရဲ့ မနက်ဖြန်အတွက် ကျွန်မ ပြင်ဆင်လိုက်ပါဦးမယ်။ ကိုကိုကတော့ ကျွန်မရဲ့ မနက်ဖြန်မှာ မပါတော့ဘူးပေါ့။