တချို့ဝန်ကြီးတွေက လုပ်ငန်းရှင်တွေရဲ့ အခက်အခဲအထူးသဖြင့် ကျွန်မတို့လို ငွေကြေးနည်းနည်းနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲကို နားလည်တယ်။ နိုင်ငံတော်အကြံပေးကို တင်ပြပေးတယ်။ နိုင်ငံတော်အကြံပေးက ဒီလုပ်ငန်းရှင်နဲ့ ဘယ်လိုပတ်သက်လဲဆိုတဲ့ မေးခွန်းကို စမေးတယ်။ ဒီတော့ နောက်ပိုင်း ဘာမှမတင်ပြတော့ဘူး။
အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အမေစုတွေ့တဲ့ပွဲကို ကျွန်မ မတက်ဖြစ်ပါဘူး။ နယ်ဘက် ရောက်နေလို့ပါ။ အဲဒီပွဲမှာ အမေစုက စီးပွားရေးက အရေးမကြီးဘူး။ ငြိမ်းချမ်းရေးက အရေးကြီးတယ်လို့ ပြောလိုက်တော့ ကျွန်မစိတ်ပူမိပါတယ်။ ကျွန်မတို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးပြီးချင်း ပြည်တွင်းစစ်ဖြစ် ခဲ့တဲ့နိုင်ငံပါ။ ဒါပေမဲ့ အင်္ဂလိပ်ချမှတ်ထားတဲ့ စနစ်တွေကျန်ခဲ့တယ်။ ဦးနုအစိုးရက ပြည်တွင်းစစ်ဖြစ်နေ တဲ့ကြားထဲကပဲ နိုင်ငံစီးပွားရေးကိုလည်းလုပ်နေရတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးရှေ့အလားအလာ ဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံခဲ့ရပါတယ်။