တစ်ခါတစ်လေ မိတ်ဆွေ အနေနဲ့ မိမိတစ်ယောက်ထဲ အထီးကျန်ဆန်မှုတွေကို ခံစားရတတ်ပါတယ်။
မိမိရဲ့ လျောက်လှမ်းနေတဲ့ ဘဝခရီးမှာ အဆင်မပြေမှုတွေနဲ့ ကြုံလာတဲ့အချိန် မိမိအနာဂတ်ကို စိတ်ကုန်သွားကြတဲ့ သူတွေလည်း အများအပြားပါ။ တစ်ချို့ကိစ္စရပ်တွေမှာ ကျွန်တော်တို့ဟာ စိတ်ခံစားမှုကို ရှေ့တန်းတင်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
သင်ကြိုးစားသမျှ အရာမထင်ပဲ ရှုံးနိမ့်မြဲ အဖြေရှာမရတဲ့ ပုစ္ဆာတွေကို လက်လျော့လိုက်ကြတာလည်း ဖြစ်ပါတယ်။ ဖြေရှင်းဖို့ နည်းလမ်းတွေကို ရှာမတွေ့ခဲ့ဘူး ဆိုရင်တော့ မိမိရဲ့ ဆုံးရှုံးမှုအတွက် အမြဲ အမှတ်ရ ဝမ်းနည်းနေရမှာလည်း မဟုတ်လား။ မျှော်လင့်ချက် တစ်ခုကို ထားရှိပြီး လုပ်ဆောင်နေအုံးမယ် ဆိုရင်တော့ သင့်အတွက် ဝမ်းနည်းမှုတွေ အထီးကျန်ဆန်မှုတွေဟာ ဘယ်မှာလည်း ဆိုပြီး မေးနေရမှာပါ။
အထီးကျန်ဆန်မှုတွေကို ကျော်လွန်ဖို့ဆိုရင် သင့်ရဲ့ အားငယ်တဲ့စိတ်၊ သင့်ရဲ့ အတွေးအခေါ်တွေကို ခဏပစ်ထားဖို့တော့ လိုအပ်မှာပါ။ စိတ်ခံစားမှုတွေကို ရှေ့တန်းအရမ်းကြီး မတင်ဖို့ ခွန်အားပေးပါရစေ။ ဒီအတွက်ကြောင့် အထီးကျန်မှုတွေကို ခံစားနေရသလို ထင်နေမိတယ်ဆိုရင် မိတ်ဆွေ အနေနဲ့ ဒီနည်းလမ်းတွေ အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ပထမဆုံးအချက်အနေနဲ့ သင်ချစ်ခင်ရတဲ့ သူငယ်ချင်းများ၊ မိသားစု အသိုင်းအဝိုင်းများနဲ့ စကားစမြည် ပြောပေးပါ။ မိမိသူငယ်ချင်း မိတ်ဆွေများနဲ့ ရယ်မောစရာများကို ဖန်တီးပြီး အားရပါးရ ရယ်မောလိုက်ပါ။ သင်ချစ်ခင်သူကို သင့်ရဲ့ ခံစားမှုကို ပြောပြလိုက်ပါ။ ဒီလို ပြောပြခြင်းဟာလည်း သင့်ရင်ထဲက ပူလောင်နေတဲ့ ခံစားချက်တွေ၊ မကျေနပ်မှုတွေကို အနည်းငယ် ဖြစ်ဖြစ် သက်သာစေမှာပါ။
နောက်တစ်ချက်အနေနဲ့ မိမိတစ်ယောက်တည်း ဆိုင်တစ်ဆိုင်မှာ ဖြစ်ဖြစ် မိမိစားချင်တဲ့ မုန့်၊ အစားအစားတွေကို တစ်ယောက်ထဲ ထိုင်စားနေလိုက်ပါ။ အခြားသူများ မပါပဲ တစ်ဦးထဲ ဒိတ်လုပ်တယ်ဆိုပါစို့။ ရုပ်ရှင်ကြည့်ခြင်း ကလည်း သင့်ရဲ့ အထီးကျန်ဆန်မှုတွေ အတွက် သက်သာရာ ရမှာပါ။ ရယ်မောစရာ ဟာသများနဲ့ ရယ်မောနေဖို့ မျှော်လင့်ပါတယ်။
ဒါ့အပြင် အထီးကျန်ဆန်မှုနဲ့ သီးသန့်ဖြစ်တည်မှု နှစ်ခုရဲ့ ခြားနားမှုတွေကိုလည်း သိရှိထားဖို့ လိုအပ်မှာပါ။ အထီးကျန်မှုက တစ်ကယ်တော့ စိတ်ခံစားမှုကနေ ဖြစ်ပေါ်လာပြီး ဝမ်းနည်းစရာ အမှတ်တရ တွေကြောင့် ဒီခံစားမှုဟာ ပေါ်ပေါက်လာတတ်တာလည်း ဖြစ်ပါတယ်။ “ငါဘာလို့ အထီးကျန်နေတယ်လို့ ခံစားနေရတာလဲ” သို့မဟုတ် “ငါဟာ ကျရှုံးနေသူလား ဒါမှမဟုတ် ငါ့ကို ချစ်တဲ့သူတစ်ယောက်မှ မရှိတော့ဘူးလား” စတဲ့ မေးခွန်းတွေဟာ ကိုယ့်ကို ကိုယ်အမြဲတမ်း မမေးမိဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
ပရဟိတ လုပ်ငန်းများမှာ ပါဝင် ကူညီလိုက်ပါ။ တစ်ခါတစ်လေ လူငယ်အဖွဲ့အစည်းများ၊ ရပ်ရွာ ပရဟိတ လုပ်ငန်းများမှာ ပါဝင်ခြင်းကလည်း သင့်ကို စိတ်ခံစားမှုအသစ်ကို ခံစားစေရမှာပါ။ သူငယ်ချင်း အသစ်တွေ၊ မိတ်ဆွေ အသစ်တွေနဲ့ တွေ့ဆုံ စကားပြောခြင်း၊ လူမှုရေး လုပ်ငန်းများမှာ ပါဝင်ခြင်းကလည်း သင့်ရဲ့ စိတ်ကို ဖြေဖျောက်စေမှာလည်း ဖြစ်ပါတယ်။
စာအုပ်ဖတ်ခြင်း အလေ့အကျင့် အားဖြင့်လည်း သင့်ရဲ့ စိတ်ကို သက်သာစေမှာပါ။ စာအုပ်ဖတ်ရာမှာလည်း စိတ်ကူးယဉ်ဆန်တဲ့ စာအုပ်၊ ဝတ္ထုတွေထက် တစ်ကယ့်အပြင်မှာ ကြိုးစားရင်း အောင်မြင်မှုအတွက် အားပေးတဲ့ စာအုပ်များ၊ လူပုဂ္ဂိုလ် အကြောင်းတွေကို ဖတ်ရှုဖို့ တိုက်တွန်းပါရစေ။ နောက်ဆုံးတစ်ချက်အနေနဲ့ ကခုန်လိုက်ပါ။ သီချင်းနဲ့အတူ စီးမျော ကခုန်ပေါက်လိုက်ခြင်း အားဖြင့် စိတ်ပေါ့ပါးလန်းဆန်း စေပြီး သင့်ခံစားမှုကို သက်သာရာ ရောက်စေမှာလည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးတဲ့ အချက်များကတော့ သင့်ရဲ့ အထီးကျန်မှု ခံစားမှုတွေကို အနည်းငယ်ဖြစ်ဖြစ် သက်သာပျောက်ကင်း နိုင်မှာလည်း ယုံကြည်မိပါတယ်။
“တစ်ခါတစ်လေ ဖြစ်ပျက်ပြီးတဲ့ အရာတွေကို မေ့ပစ်လိုက်ပါ။ ကျန်ရှိနေတဲ့ အရာတွေအတွက် တန်ဖိုးထားပြီး ရှေ့ဆက်မယ့် ခရီးအတွက်သာ စဉ်းစားလိုက်ပါ”။ WowBox မိတ်ဆွေများကို ဒီစာပိုဒ်လေးအားဖြင့် ခွန်အားပေးလိုက်ရပါတယ်။ သာယာ ပျော်ရွှင်တဲ့ နေ့ရက်လေး ပိုင်ဆိုင်နိုင်ပြီး စိတ်ညစ်စရာတွေ ကင်းဝေးနိုင်ကြပါစေကြောင်း တောင်းဆုပြုလိုက်ရပါတယ်။