ဗိုလ်ချုပ်ဟာ သာမန် သူလိုငါလို နိုင်ငံ့ခေါင်ဆောင်မျိုးမဟုတ်ဘူး။ တစ်ခေတ်မှာ တစ်ယောက် သူမတူတဲ့ စွမ်းဆောင်ရည် ကိုယ်ကျိုးစွန့်မှု အမြော်အမြင်ကြီးမှု အတိုင်းထက်အလွန်ရိုးဖြောင့်မှု၊ တိုင်းပြည်လွတ်လပ်ရေးအတွက် အရာအားလုံးကို စွန့်လွှတ်ပြီး သူ့ဘ၀၊ သူ့ အသက်၊ သူ့ အသွေးအသားကို အဆုံးစွန်ထိ လက်တွေ့အပ်နှင်း စွန့်လွှတ်ပေးခဲ့သူ တိုင်းပြည်ရဲ့ကျေးဇူးရှင်ပါ။
ဗိုလ်ချုပ်ကျေးဇူးသိသူတိုင်းက သူ့သွေးတွေ အရှင်လတ်လတ် စီးဆင်းနေတဲ့ လူတစ်ယောက်ကို စော်ကားဖို့ဖယ်ထား အကြောင်းတစ်ခုခုကြောင့် မသိကျိုးကျွန်ပြုဖို့ ပစ်ပယ်လိုက်ဖို့ဆိုတာတောင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူကို မြင်ခွင့်ရနေတာကိုက ဗိုလ်ချုပ်ကို မြင်ခွင့်ရနေသလိုပဲမို့လေ။
သူ့ကို တစ်ချိန်လုံး အကြောင်းအမျိုးမျိုးပြ အကြီးအသေးမကျန် ပုဂ္ဂလဓိဋ္ဌာန် ရှာကြံ ပစ်တင်ဝေဖန်ရှုတ်ချကြတာကနေမက ခြောက်တွန်းတာ၊ ရန်ရှာတာ၊ အသက်အန္တရာယ်ကအစ လုပ်ကြံခဲ့ကြတာတွေဟာ ကိုယ့်အမြင်အရတော့ ဗိုလ်ချုပ်ကျေးဇူးကို တကယ်လေးလေးနက်နက် မထား အထေမဲ့မြင်စိတ်ရှိနေကြရုံသာမက တည့်တည့်ပြောရရင် ကျေးဇူးကန်းတဲ့ လုပ်ရပ်တွေပါပဲ။ သူ့အဖေရော သူရော သူမိသားစုရောအတွက်ကတော့ ဗုဒ္ဓဘာသာအလိုအရကြည့်ရင် ၀ဋ္ဋ်ကြွေးခေါ်မလား၊ လောကီအယူအရ ကျိန်စာလို့ပဲ ခေါ်ရမလား မသိပေါ့လေ။
ပြန်ကြည့်ရင် ၁၉၉၀ ခုနှစ်ကတည်းက သတင်းစာ ရေဒီယိုတွေမှာ မမြင်ချင်မကြားချင်အဆုံး အမျိုးဘာသာသာသနာဆိုတဲ့ အများ သည်းချေကြိုက်စကားလုံးကြီးကို လက်နက်တွေ တ၀င့်ဝင့်ကြားက သူတော်ကောင်း အရေခြုံ ထည်လဲသုံးခဲ့ပြီး ရင့်ရင့်သီးသီး အောက်တန်းကျကျ တဖက်သတ် အကွက်ချ ယုတ်မာ ကောက်ကျစ်ခဲ့တာ သူမတူအောင် ရက်စက်ပြခဲ့တာတွေကို အခြားအသက်ပါစွန့်သွားရတဲ့ ရဲဘော်ရဲဖက်များနဲ့အတူ ခါးဆည်း ခံခဲ့ရတာ နှစ်ပေါင်းများစွာပါ။ ဒါပေမယ့် ပေးဆပ်မှုဆိုတဲ့ စကားလုံးကိုတောင် မခံယူ ဒါဟာ သူ့ရွေးချယ်မှုပါပဲတဲ့လေ။ ရှင်းရှင်း ပြောရရင် ကိုယ်တွေအရွယ်က ဒီအကြောင်းတွေကို ကောင်းကောင်းမှီခဲ့၊ အာဏာရှင်စနစ်ရဲ့ ခါးသီးမှုတွေကို နယ်ဘက်မှာ ကိုယ်တိုင် ကောင်းကောင်း ကျောကော့အောင်နှစ်ပေါင်းများစွာ ခံစားခဲ့ရလို့ ဒါမျိုးခေတ်ကို ကိုယ့်တိုင်းပြည် နောင်ဘယ်သောအခါမှ ပြန်မလည်သွားရဖို့ပဲ အမြဲရင်တမမ ဆုတောင်းနေရတယ်။
ဘာဘက်လိုက်မှုမှ မပါပဲ သူ့ကိုကြည့်ကြည့်ပါ။ စာရေး စာဖတ်ဝါသနာပါလွန်းတာ၊ အလွန်အမင်းခေါင်းမာတာ၊ မတရားမှုကို လက်မခံတတ်တာ၊ အမှန်တရားကို ချစ်မြတ်နိုးတာ၊ ရိုးသားဖြောင့်မတ်တာ၊ ပွင့်ပွင့်လင်းလင်းပြောတတ်တာ၊ အားမနာတတ်တာ၊ သူမတူအောင် သတ္တိရှိတာ၊ ဇွဲလုံ့လ၀ိရီယကြီးမားတာ၊အမြဲ သွက်လက်ဖျတ်လတ်နေတတ်တာ၊ စိတ်ဓါတ်ကြံ့ခိုင်မာကျောပြီး လောကဓံကို ခံနိုင်ရည်ရှိတာ၊ ယုံကြည်ရာကို တစ်စိုက်မတ်မတ်စွဲကိုင် လုပ်ဆောင်တတ်တာ၊ ထက်မြက်ပြတ်သားတာ၊ အောက်လက်ငယ်သားများအပေါ် သနားကြင်နာတတ်တာ၊ အဆင့်အတန်းမခွဲတတ်တာ၊ ပကာသနမဖက်တာ၊ စည်းစိမ် မခံတတ်တာ၊ အပြုအမူအနေအထိုင် သိက္ခာရှိပြီး၊ ကိုယ့်ကျင့်စာရိတ္တမြင့်မားတာ၊ ဉာဏ်ပညာအမြော်အမြင်ကြီးမားတာ၊ အထွေထွေ အသိပညာဗဟုသုတနှံ့စပ်တာ၊ ခံစားမှုကိုထိန်းသိမ်းမျိုသိပ်နိုင်စွမ်းရှိတာ စတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေဟာ ဖခင်ဆီက တစ်ချို့ အမွေရခဲ့တာ၊ တစ်ချို့ ကိုယ်တိုင် အတွေ့အကြုံနဲ့ လေ့ကျက်ခဲ့မှုတွေကြောင့်ပါ။ တော်ရုံတန်ရုံ အညတရမဟုတ်ဘူးဆိုတာတော့ သာမန် ကြည့်တတ်ရင်ကို မြင်ကြရမှာပါ။ သူကတော့ သူ့စရိုက်အတိုင်း တိုင်းပြည်နဲ့လူမျိုးကို ဘယ်လောက်စေတနာတွေထားကြောင်း၊ အမျိုးကို ဘယ်လောက်ချစ်ကြောင်း၊ ကိုယ်ကျင့်တရားကို ဘယ်လောက်ထိန်းကြောင်း၊ သူဘယ်ရွေ့ဘယ်မျှ ရိုးသားဖြောင့်မတ်ကြောင်း၊ သူဘယ်လောက် ကိုယ်ကျိုးစွန့်အနစ်နာခံကြောင်း စသည် စသည် ကိုယ်ရည်သွေးစကားမျိုးတွေကိုတော့ ဘယ်တော့မှ ပြောမယ့်သူ မဟုတ်ပါဘူး။
သူ့ရဲ့ ငါမအိုသေးဆိုတာကို သက်သေပြတဲ့အနေနဲ့ လောလော လတ်လတ် လုပ်သွားတဲ့ စကားဝိုင်းမှာပဲကြည့်ပါ။ အသက်အရွယ်နဲ့ မလိုက် တစ်ဆက်တစ်စပ်တည်း နာရီနဲ့ချီပြီး အာရုံစိုက်နိုင်မှု၊ မေးသွားသမျှ မေးခွန်းတွေကို မှတ်မိနိုင်မှု၊ အမေးအဖြေတွေမှာ အခြားသူများကိုပင် လိုအပ်သလို ထောက်ပြသွားနိုင်မှုတွေဟာ အံ့သြလောက်အောင် ကောင်းမွန်နေသေးတာတွေ့မှာပါ။ ပြီးတော့ တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့ သူ့စေတနာ၊ ပြည့်သူတွေကို သူလုပ်စေချင်တာ ဖြစ်စေချင်တာတွေဟာ သူ့စကားလုံးတွေမှာ ရောပါနေတာ ကြည့်တတ်သူများ မြင်ရမှာပါ။
တိုင်းပြည်အရေး တာဝန်ယူလာရတဲ့ အခါ မူဝါဒပိုင်း စီမံမှုအပိုင်း အကောင်အထည်ဖော်မှုအပိုင်းတွေမှာ မေးခွန်းထုတ်စရာ၊ ထောက်ပြစရာတွေ၊ အမှားအယွင်းတွေ၊ အလွဲအချော်တွေ၊ အများအကြိုက်မဖြစ်တာတွေ စသည်ဖြင့် လုပ်မှားကိုင်မှားတွေ လမ်းကြောင်းချော်တာတွေ အနည်းနဲ့အများရှိနေနိုင်ပါတယ်။ စေတနာအရင်းခံနဲ့တတ်နိုင်သလောက် ကြိုးစားရုန်းကန် အားထုတ်နေတာတွေကို ကြိုက်ကြိုက်မကြိုက်ကြိုက် အသိအမှတ်ပြုစရာပါ။
သို့သော် ကိုယ့်အသက်နဲ့ ဆယ်ပြန်လောက် လောင်းကြေးထပ်ပြီး ပြောရဲတာတစ်ခုကတော့ သူဟာ သူဖခင် တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းကြီးကိုရော သူဖခင်အသက်သွေးနဲ့ပါရင်းပြီးရယူခဲ့ရတဲ့ လွတ်လပ်ရေးကိုရော သူ့ဖခင် အင်မတန်ချစ်မြတ်နိုးခဲ့တဲ့ အမိတိုင်းပြည်ကိုပါ ဒုက္ခဖြစ်စေ ပျက်စီးစေလိုတဲ့ စိတ်နဲ့ တမင်တကာ ဘယ်တုန်းကမှ မလုပ်ခဲ့၊ နောင် ဘယ်တော့မှလည်း လုပ်မှာမဟုတ်ပါဘူး ဆိုတာပါပဲ။
သူ့မိခင်ကို သူတိုင်တည်ပြီးရေးထားတဲ့ ကဗျာလေး ဖတ်ခဲ့ဘူးတယ်။ နောက်ဆုံးအပိုဒ်မှာ (မှတ်မိသလောက် အဓိပ္ပါယ်) တော့ သူဟာ သူ့ဘ၀မှာ ဘာမှ မလိုချင်ပါဘူး။ ဘယ်သူတွေက ဘယ်လို အပြစ်တင်ရှုတ်ချနေပါစေ ဘ၀မှာ တာဝန်ကျေတဲ့သူတစ်ယောက် သူ့တာဝန်ကို ကျေပြွန်အောင် အဆုံးစွန်ဆုံးကြိုးစားခဲ့သူတစ်ယောက် ဒါမှ ငါ့သမီးဆိုပြီး သူ့မိခင်က ဂုဏ်ယူရတဲ့ သမီးလိမ္မာတစ်ယောက် အဖြစ်နဲ့သာ နောက်ဆုံး မျက်စေ့မှိတ်သွားချင်ပါတယ်တဲ့လေ။
နောင်မှာ နောက်တစ်ကြိမ်ဆိုတာ ဘယ်လိုမှ ထပ်မဖြစ်ပေါ်လာနိုင်တော့တဲ့ အခွင့်အခါကောင်းကို ရနေတုန်းမှာ မိမိရရ ဆုပ်ကိုင်ပြီး တိုင်းပြည်ပေါ်ကို စေတနာမှန်မှန်နဲ့ ဘက်ပေါင်းစုံ ကိုယ်ကျရာနေရာကနေ ပူးပေါင်း အားဖြည့်ပေးနိုင်ကြရင် နောင်တရစရာတွေလည်း နည်းသွားနိုင်မှာပါလို့ တွေးမိရင်း။