မကြာခင်ရက်ပိုင်းအတွင်းမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကြီး ကျရောက်တော့မှာဖြစ်ပါတယ်။
သင်္ကြန်ပွဲတော်အတွင်းကဲဖို့လည်း ကိုကို၊ မမတွေ ပြင်ဆင်နေလောက်ပါပြီနော်။ ဒါကြောင့် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှာရှိနေမယ့် မဏ္ဍပ်ကြီးတွေကို ဖော်ပြပေးပါမယ်။
မြို့တော်မဟာသင်္ကြန်မဏ္ဍပ်
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်လေ့ရှိတဲ့ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကတော့ ဖျော်ဖြေရေးရော၊ ရေကစားမဏ္ဍပ်ရော ပါရှိတဲ့ မဏ္ဍပ်ကြီးဖြစ်ပါတယ်။ ရုပ်ရှင်၊ ဂီတ၊ သဘင်စတဲ့ အနုပညာရှင်တွေက ဖျော်ဖြေပေးမှာဖြစ်တဲ့အတွက် ယိမ်းအကအလှတွေကိုလည်း ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် မြို့တော်ခန်းမအနီး လမ်းလျှောက်သင်္ကြန်ပြုလုပ်ဖို့ပါ စီစဉ်နေတဲ့အတွက် စည်ကားတဲ့နေရာတစ်နေရာအဖြစ် တည်ရှိနေမှာဖြစ်ပါတယ်။
Lifebuoy Forever Thingyan 2018
ဒီမဏ္ဍပ်ကိုတော့ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ Big Bag၊ လင်းလင်း၊ Snare၊ Bunny Phyoe၊ ယုဇန၊ ရေဗက္ကဝင်း၊ အိမ့်ချစ်၊ ဝိုင်းစုခိုင်သိန်းစတဲ့ အနုပညာရှင်တွေက သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး ရေကစားမဏ္ဍပ်လည်း ပါဝင်မှာဖြစ်ပါတယ်။ ၂ဝ၁၈ သင်္ကြန်မှာ ကိုကို၊ မမတွေကို ဆွဲဆောင်ထားနိုင်တဲ့ မဏ္ဍပ်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
Thingyan Music Festival
ဒီမဏ္ဍပ်ကတော့ ပြည်လမ်းမှာ တည်ရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းက DJ ပညာရှင်တွေရဲ့ တင်ဆက်မှုတွေ၊ သံစဉ်တွေနဲ့ ဖျော်ဖြေသွားမှာဖြစ်ပြီး ရေကစားမဏ္ဍပ်လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီမဏ္ဍပ်ရဲ့ လက်မှတ်ဈေးနှုန်းတွေကတော့ အနည်းဆုံး ၂ သောင်းကျပ်ကနေ အများဆုံး ၂ သိန်းကျပ်အထိ ရှိပါတယ်။
အင်းလျားကန်ဘောင်
အင်းလျားကန်ဘောင်အနီးမှာလည်း ရေကစားမဏ္ဍပ်ကြီးတွေ တည်ရှိနေမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကန်ဘောင်ပေါ်မှာ သင်္ကြန်ပွဲတော်အတွက် ထီးတွေနဲ့ အလှဆင်ဖန်တီးထားပါတယ်။ ၂ဝ၁၈ သင်္ကြန်ပွဲတော်မှာ စည်ကားတဲ့နေရာတစ်ခုဖြစ်လာမှာဖြစ်ပါတယ်
Crd by