"ထန်းတောတစ်ခွင် ညိုနေတာ
လောကဓံတွေ စိုရွှဲနေလို့ပါ"
ထန်းပွင့်တွေလည်းမြိုင်
ထန်းခိုင်တွေလည်းထပ်
ထန်းလက်ထန်းရွက် တဖားဖားနဲ့
ထန်းပင်ညို ကိုလူထွားက
လေယူတိုင်း ဝင့်ကြွားနေသလိုထင့်။
တကယ်တော့-
ကိုယ့်အလေးချိန်နဲ့ကိုယ်တောင်
ခါးချည့်မတတ် ထမ်းပိုးနေရပါတယ်ဆို
တစ်ဆ ထပ်တိုး
ရင်းဆွဲကို ကြိုးတပ်ချည်
ဖျစ်ဖျစ် မြည်နေတဲ့ ဒဏ်
အံကြိတ်လို့ ခံနေရသူကို
ထန်းလျှော်နဲ့ပဲ လာချည်နေကြ
ရက်စက်လွန်းလှပါလား။
ထန်းရည်ဆိုတာ
ထန်းပင်ရဲ့ မျက်ရည်လား
ထန်းပင်ရဲ့ သွေးစက်တွေလား
အစိမ်းပဲ သောက်သောက်
မီးပြင်းတိုက် ကျိုကျို
ပြာပုံထက်တိုင် ချိုပေးပါတယ်
ဘာကြောင့်များ
ထန်းလက်ထန်းရွက်တွေနဲ့ပဲ
မီးရှို့ပြီး မြှိုက်နေကြတာလဲ
သိပ်ချိုပါတဲ့ဆိုတဲ့ ထန်းရေဟာ
လူသားတို့စွမ်း အံ့မခန်းကြောင့်
မူးယစ်ဆေးဝါး ဘဝ
အလိုလို ဆိုက်ရောက်ရပြန်သေးတယ်။
ထန်းလျက်ချိုချိုဟာ
ထန်းပင်ရဲ့မျှော်လင့်ချက်တွေကို
မီးပြင်းတိုက်ရာကနေ ထွက်ပေါ်လာတဲ့
ပုလဲလိုဥ ရွဲလိုစုထား
မျက်ရည်အစိုင်အခဲတွေများလား။
ထန်းသားတွေ အဆင့်ဆင့်
ပန်းပုတွေ ထုဆစ်တဲ့ပြင်
ဟောဟိုက အိမ်မြင့်ကြီးဟာ
ထန်းပင်ရဲ့အသားလား
အရိုး အရေ အကြော အခြင်တွေလား။
ကိုယ်ပိုင်ဝန်ထုပ်အပြင်
ကြိုးနဲ့တုပ်လာတဲ့ အပိုဝန်ရှုပ်တွေနဲ့
ရင်းဆွဲကို ခါးထစ်ခွ
မြူအိုးတွေလည်း လွယ်ပြပါ့မယ်
ဒါပေမယ့်
ထန်းပင်ရိပ်မှာ ထန်းလှီးဓားကို သွေးနေတဲ့အခါ
ထန်းရွက်အောက်မှာ ထန်းလျက်ကို ကျိုနေတဲ့အခါ
ထန်းလက်တွေနဲ့ မြူအိုးတွေကို မီးပြင်းတိုက်နေတဲ့ အခါ
ထန်းရည်ခါးကို သောက်ကြူး မြူးထူးနေတဲ့ အခါ
ထန်းလျက်ကို အချိုတဲ ပျော်ပွဲစားနေတဲ့အခါ
ထန်းသီးကို စုပ် ထန်းမြစ်ကို မီးသင်းစား နေတဲ့အခါ
ထန်းသားနဲ့ဆောက် အိမ်ကြီးအောက်မှာ
မိသားစု ပျော်မွေ့နေတဲ့ အခါ
လေသိမ်း တဖျပ်ဖျပ်ကြားက
ထန်းလက်ထန်းရွက်တွေရဲ့
ခြောက်ကပ်ကပ် ရယ်သံကို
အသိအမှတ်ပြုပေးဖို့ သတိရပေးပါ။
တကယ်တော့
ထန်းပင်ဆိုတာကလေ
မုတ်သုန် လေညင်း မုန်တိုင်းပြင်းနဲ့
သက်ရှိဥာဏ်ထူ သင့်လိုလူ တို့ရဲ့
လောကဓံ ရိုက်ချက်တွေကြောင့်
ရွက်ညိုစိုလူး ကိုင်းဖျားဦးက
ထန်းပင်တို့ ငိုသံကို
ကောင်းကင်နဲ့မြေကြီးကလွဲလို့
ဘယ်သူကြားသိနိုင်ပါ့မလဲလေ။ ။