ကျနော်နဲ့သူမ နှစ်အတော်ကြာ ချစ်ခဲ့ကြတယ်
ပတ်ဝန်းကျင်ရော နှစ်ဖက်ဆွေမျိုးရော
သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်း အားလုံးသိပြီး
လူသိရှင်ကြား တွဲခဲ့ကြတာပေါ့
နောက်နည်းနည်းကြာလာတော့
ကျနော့် ပုံစံခွက်ထဲမှာနေလာခဲ့တဲ့ သူမကို
ငြီးငွေ့လာတယ်
ကျနော် ဖုန်းမကိုင်မချင်း ခေါ်တတ်တဲ့
သူမကို စိတ်ပျက်လာတယ်
ကျနော် လိုင်းပေါ်မရှိတဲ့အချိန်
ကျနော့်ကို ဘယ်လောက်ချစ်တဲ့ အကြောင်းတွေ
တသီတတန်းကြီး စာတွေပို့ထားတတ်တာတွေကို
အာရုံနောက်လာတယ်
ကျနော်ဂရုမစိုက်တဲ့အချိန်
ဘာမဟုတ်တာလေးကို ပုံကြီးချဲ့ပြီး
ငိုယိုနေတတ်တဲ့ သူမကို စိတ်တိုတတ်လာတယ်
အဲဒီနောက်ပိုင်း ကျနော်လည်း အသစ်တွေ ထပ်တွဲချင်လာတာနဲ့ သူမက ကျနော့်အပေါ် နားလည်မှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းခွဲလိုက်တယ်
သူမ ငိုတယ် ဒူးထောက်မတတ်
ကျနော့်ကို တောင်းပန်တယ်
ကျနော့်စိတ်ထဲမှာ သူမနဲ့ ဝေးရာကို ရောက်လေ ငြိမ်းချမ်းလေပဲဆိုတဲ့ စိတ်နဲ့
ကျနော့်ဆီ ပြန်မလာရဲအောင် ရင့်ရင့်သီးသီး
မိုက်မိုက်ရိုင်းရိုင်း စကားတွေပြောပြီး ထားခဲ့တယ်...
ဒါတောင် သူမက အမှတ်မရှိသေးဘူး
ကျနော် နောင်တရရင် အချိန်မရွေး
သူမဆီပြန်လာခဲ့ပါ စောင့်နေမယ်ဆိုတဲ့
မက်ဆေ့ချ်ကို ပို့ဖြစ်အောင် ပို့လိုက်သေးတယ်
ကျနော်ကလည်း ဘယ်တော့မှ နောင်တမရတတ်တဲ့
ကောင်မျိုးဆိုတော့ စိတ်အချဉ်ပေါက်ပေါက်နဲ့
သူမ ဖုန်းနံပါတ်တွေ အကောင့်တွေလည်း
အကုန်ဘလော့ပစ်လိုက်တယ်
သူမနဲ့ ပြတ်သွားပြီး ကျနော့်စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးပဲ
သူမကို လွမ်းတာလည်းမရှိဘူး ဆွေးတာလည်းမရှိဘူး
တခြားကောင်မလေးတွေ ထပ်တွဲတယ်
အစပိုင်းမှာ ပျော်ရပေမယ့် နည်းနည်းကြာလာတော့
ပြဿနာတွေတက်တဲ့အခါ သူမလောက် ကျနော့်အပေါ် သည်းမခံနိုင်တာကြောင့် ပြတ်သွားကြတာချည်းပဲ
ဒါပေမယ့် ကျနော် နောင်တမရပါဘူး
သူမဆီပြန်သွားဖို့ အစီအစဉ်လည်း မရှိဘူး
ဒီကြားထဲမှာ ကျနော်ထားခဲ့လို့
သူမ အသိုင်းအဝိုင်းမှာ ကဲ့ရဲ့ခံနေရတာတွေ
ကျနော့်စိတ်နဲ့ မစားနိုင် မသောက်နိုင် အိပ်ယာထဲ ဘုန်းဘုန်းလဲနေတဲ့ အကြောင်းတွေကို
ဘော်ဒါတွေဆီကတဆင့် ကြားပေမယ့်
အချိန်တန် သူ့အလိုလို အဆင်ပြေသွားမှာပါဆိုတဲ့
စိတ်နဲ့ပဲ မသိကျိုးကျွံပြုခဲ့တယ်
သူမ ကျနော့်ကို ချစ်နေတုန်းပဲဆိုတာ ကျနော်သိတယ်
ဘယ်အချိန်ပြန်သွားသွား သူမ ကျနော့်ကို ပြန်လက်ခံမှာပဲ
ဒါပေမယ့် ကျနော် ပြန်မသွားချင်သေးဘူး
သူမရဲ့ စိုးရိမ်မှုတွေ သဝန်တိုမှုတွေ မပါပဲ
လွတ်လွတ်လပ်လပ် ဟိုကောင်မလေးတွဲလိုက် ဒီကောင်မလေးတွဲလိုက်နဲ့ အေးအေးဆေးဆေး နေချင်သေးတယ်
ကျနော့် အကြောင်း သူမ အမြဲ စုံစမ်းနေတတ်မှန်းသိလို့
ကျနော့် wall ထဲမှာ နောက်ကောင်မလေးကို
ဘယ်လောက်ချစ်ကြောင်း သူမ မသိသိအောင်
အကဲပိုပြီး ချစ်ပြတတ်သေးတာ
သူမ နာကျင်မယ်မှန်း သိရက်နဲ့ တမင်သက်သက်
နှိပ်စက်ရတာ ကျနော့်အတွက် အရသာတမျိုးပဲ
သူမ ကျနော့်ကို မမေ့နိုင်သေးဘူးဆိုတာရယ်
နောက်တယောက်ကို ထပ်မချစ်နိုင်သေးဘူး
ဆိုတာရယ်ကို သူငယ်ချင်းတွေက တဆင့် ကြားရတိုင်း
အလိုလိုနေရင်း မာန်တွေ တက်နေခဲ့တယ်
ဒီလိုနဲ့ တယောက်ပြီး တယောက်တွဲလိုက်
ပြတ်လိုက် တစ်ယောက်တည်း အေးဆေးနေလိုက်
ကြိုက်တာတွေ့ရင် ထပ်တွဲလိုက်နဲ့
ကျနော့် အချိန်တွေကို ဖြတ်သန်းခဲ့တယ်
တရက်တော့ Center တစ်ခုထဲမှာ သူမကိုတွေ့လိုက်တယ်
အမှန်တိုင်း ပြောရရင် ကျနော် တကယ်မမှတ်မိဘူး
ကျနော့်ကြောင့် စိတ်ဆင်းရဲရတာတွေ မရှိတော့လို့လား မသိဘူး သူမက ပိုလှလာတယ်
လှလာတယ်ဆိုတာထက် ရင့်ကျက်ပြီး တည်ငြိမ်တဲ့ မိန်းမတစ်ယောက်ကို မြင်နေရသလို ကျနော် ခဏတာလောက် မှင်သက်မိသွားတယ်
သူမ ကျနော့်ကို တွေ့တော့ မမြင်ချင်ယောင် ဆောင်လိုက်တယ်လို့ ကျနော်ထင်တယ်
ဒါပေမယ့် မျက်စိမှားတာပဲနေမှာပါ
သူမက ကျနော့်ကို အဲ့လိုလုပ်မှာ မဟုတ်ဘူး
အဲဒါနဲ့ ကျနော် သူမဆီ တန်းတန်းမတ်မတ်သွားပြီး နှုတ်ဆက်တယ် သူမပုံက သာမာန်ခင်မင်တဲ့ မိတ်ဆွေ တယောက်ကို ဆက်ဆံတဲ့အတိုင်း အပိုအလိုမရှိ ကွက်တိပဲ
ဝမ်းသာတာလည်း မရှိသလို စိတ်လှုပ်ရှားတာမျိုးလည်း သူမမျက်နှာမှာ အရိပ်အယောင် မတွေ့ရဘူး
သူမ ကျနော့်အပေါ် တုန့်ပြန်တာကို သိပ်အလိုမကျတာနဲ့ ကော်ဖီဆိုင် ခဏလောက်ထိုင်ဖို့ ခွင့်တောင်းလိုက်တယ်
သူမက သိပ်အချိန်မရပုံပြနေပေမယ့် ကျနော်ကတော့ မရရအောင် ခေါ်လာလိုက်တယ်
တည်တည်ငြိမ်ငြိမ်နဲ့ ကျနော့်ရှေ့မှာ ထိုင်နေတဲ့ သူမကို မသိမသာ ခိုးကြည့်ရင်း ကျနော့်ရင်တွေ ခုန်နေခဲ့တယ်
သူမဆီ ပြန်လာချင်ပေမယ့် တည့်တည့်လည်း မပြောရဲဘူး ကျနော့် မာနကြောင့် ကျနော့်ကို ပြန်လက်ခံပေးဖို့လည်း ခွင့်မတောင်းချင်ဘူး
အဲဒါနဲ့ သူမများ ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ စိတ်နဲ့
ကျနော့် အချစ်ရေး အဆင်မပြေတဲ့ အကြောင်းတွေ
သွယ်ဝိုက်ပြီး ပြောပြတယ်
ဒါပေမယ့် သူမက ကော်ဖီသောက်ရင်း
ကျနော်ပြောသမျှ အလိုက်သင့်နားထောင်ပြီး အဆင်ပြေသွားမှာပါ ဘာညာနဲ့ ကျနော့်ကို ပြန်တရားချတော့ ကျနော်လည်း အောင့်သက်သက်နဲ့ ပြန်ခဲ့ရတယ်
နောက်ပိုင်း သူမဖုန်းနံပါတ်ရယ် အသစ်သုံးနေတဲ့ အကောင့်ရယ်ကို စုံစမ်းပြီး ဖုန်းဆက်တယ်
အကောင့်ကို သွား add ခဲ့တယ်
သူမ ကျနော့် request ကို လက်ခံခဲ့ပေမယ့်
ဖုန်းထဲမှာတော့ နောက်တခါ ထပ်မဆက်ဖို့ရယ်
သူငယ်ချင်းထက် ပိုတဲ့ ဆက်ဆံမှုမျိုးကို မလိုလားဘူးဆိုတဲ့ ပုံစံမျိုးကို အေးအေးဆေးဆေးပဲ ပြောခဲ့တယ်
ကျနော်ကလည်း ကိုယ့်မာနနဲ့ ကိုယ်ဆိုတော့
သူမဆီ ဖုန်းလည်း ထပ်မဆက်ဖြစ်တော့သလို
သူမ ပုံတွေတင်တိုင်း ဘယ်လောက်လှကြောင်း ထောပနာပြုနေတဲ့ ငနဲတွေရယ်
သူမကို အဖိုးတန် ရတနာတပါးလို ဦးညွှတ်နေကြတဲ့ ယောကျ်ားသားတွေကို ရင်နာနာနဲ့ပဲ မမြင်ချင်ယောင် ဆောင်နေခဲ့ရတယ်
သူမ ဘယ်တယောက်ကို ရွေးချယ်မယ်မှန်းမသိပေမယ့် အဲ့တယောက်က ကျနော် မဟုတ်တော့တာ သေချာတယ်
သူမ ရွေးချယ်မယ့် အမျိုးကောင်းသားကို
မနာလိုတဲ့စိတ်တွေ အားကျတဲ့စိတ်တွေနဲ့
တနေ့တနေ့ကို ပင်ပန်းကြီးစွာ ကျနော် ဖြတ်ကျော်ခဲ့ရတယ်
မပြောင်းလဲတော့တာ တစ်ခုက
သူမဆိုတဲ့ ကြယ်လေး ကျနော့် ကောင်းကင်မှာ
မလင်းတော့တာ သေချာတယ်ဆိုတာရယ်
သူမဆိုတာ ကျနော့်အတွက် ဘယ်တော့မှ
မပွင့်တော့တဲ့ ပန်းတစ်ပွင့်ဆိုတာရယ်
ကျနော့်ကိုချစ်လို့ ဒူးထောက်ပေးခဲ့တာတွေ မမြင်ခဲ့မိဘူး
ကျနော့်ကိုချစ်လို့ ခေါင်းငုံ့ပေးခဲ့တာတွေ မမြင်ခဲ့မိဘူး
ကျနော့်ကိုချစ်လို့ ငိုနေခဲ့ရတာတွေ မမြင်ခဲ့မိဘူး
ကျနော့်လက်ထဲက အရာတစ်ခု ဘယ်လောက်တန်ဖိုးရှိခဲ့မှန်း ဆုံးရှုံးပြီးမှ သိလိုက်ရတဲ့အခါ ပြန်မရနိုင်တော့ဘူး...။
sakura 🌸