ဆရာဆိုတာ
အရောင်တစ်မျိုးထဲမှာပဲ
ကြမ်းလိုက် လွမ်းလိုက်နဲ့
ဘ၀က ချိုခံရတာလိုလို ခါးခံရတာလိုလို။
ပကာသန မက်တဲ့
နာမည်တူ စရိုက်ပျက်တွေကြားမှာ
တစ်ခါ တစ်ခါ ခါးနာရပေမယ့်
အားမနာပဲ နာသုံးနာနဲ့
ဘ၀ကို ဖျာခင်းထားပြီးသားပါ။
မျိုးစေ့တွေ ပျိုးပြီး
ရှင်သန်ဖို့ ကြီးထွားဖို့
ပန်းပွင့်ဖို့ အသီး သီးဖို့
ဘ၀ကို စဉ်ထိုး
ပုခုံးထမ်း သယ်ပိုးရပါရဲ့။
နင်းမှာလား ကျင်းမှာလား
လိုရာသုံးပါ
သိတတ်တာနဲ့ပဲ ဖြစ်ဖြစ်
တတ်သိတာနဲ့ပဲ ဖြစ်ဖြစ်
မျိုးစေ့တွေ အဖိုးတန်ဖြစ်ဖို့
သြဇာအဖြစ် ချကျွေးထားတတ်သူပါ။
ပွင့်လို့ပဲ ပျော်ပျော်
သီးလို့ပဲ ကျော်ကျော်
ထပ်တူညီမျတဲ့
ပီတိတွေနဲ့ ဘ၀ကို
အားအဖြစ် တည်ဆောက်ထားတတ်သူပါ။
တပည့်တို့ တတ်ဖို့အတွက်
အတတ်သင်ရုံနဲ့မပြီး
တစ်ခါမက ကိုယ့်ကိုယ်ကို
ဘီလူးက ကပြီး
ကြမ်းပြ အမြင်မတော်တာတွေတွေ့ရင်
ပဲ့ပြင်ရ ဆုံးမရ
ဆရာဆိုတာ အမြင်မကြည်သူတွေကြားမှာ
လူမိုက်ဇာတ်ခင်းပြနေတဲ့သူလို။
ဘ၀ဇာတ်အရေးမှာ
မပြည့်စုံသေးပေမယ့်
ပြည့်စုံသလောက် မခြွင်းချန်
အကြွင်းမရှိအောင်
ထွေးအံပေးမှ ဆရာတဲ့
ကိုယ့်ကိုယ်ကို ဆန်းစစ်
လမ်းအဖြစ်နဲ့ အကြွင်းမဲ့ပေးဆပ်ထားသူပါ။
ခေတ်အထာရဲ့သဘောမှာ
ဘေးရန်ဆိုတာ ချိုမြိန်တဲ့ပျားသကာလို
သူသူကိုယ်ကိုယ် လက်လျှိုလို့
သတ်ကွင်းဝင်လာအောင်
မာယာဘောင်မခတ်ပဲ
အပင်မသန်အောင် အညွှန့်ကျိုးအောင်
သွေးဆောင်ဖြားရောင်းလာတဲ့အခိုက်
ခပ်မိုက်မိုက်နဲ့ စိတ်အဖြူသိုက်မှာ
ပန်းကောင်းအညွှန့်မကျိုးအောင်
ဒိုင်းလိုတစ်မျိုး ဓားလိုတစ်ဖုံ
ဆီးကာသတ်ပုတ်ဖို့
သူရဲကောင်းဆန်စွာ မျက်နှာမူထားတတ်သူပါ။
ငါသိ ငါတတ်သလောက်နဲ့
မင့်အနာဂတ် တောက်ပပါ့မလား
အတတ်ပညာပဲ ဖြစ်ဖြစ်
အသိပညာပဲ ဖြစ်ဖြစ်
တစ်စုံတစ်ယောက်ထဲက ပြီးပြည့်စုံတယ်ဆိုတာ
ဘုရားမှတပါး အခြားမရှိဘူး
အသိပညာရည်နို့သောက်ဖို့
အတတ်ပညာရည်နို့သောက်ဖို့
သင့်ရာအပ်ပို့လို့ မင့်ဘ၀ကို
ပိုအရောင်ထွက်လာအောင်
ရင်အုပ်က အသာခွာ
တပြည်တရွာ လွန်ဝေးကွာပါစေ
ပညာအမွေတစ်ဖက်ကမ်းပို့
တပည့်အရောင် ကျော်လွှမ်းအောင်
ပို့ဆောင်တတ်သူပါ။
ဆရာဆိုတာ
မြင်သာရာမှာပဲ ဖြစ်ဖြစ်
မမြင်ကွယ်ရာမှာပဲ ဖြစ်ဖြစ်
စေတနာ တကယ်အစစ်နဲ့
တပည့်တွေ ပန်းကောင်းဖြစ်ဖို့
မာန်ကိုချ
ဟန်ကျပန်ကျနဲ့
စံပြအဖြစ် ရှိတတ်သူပါ။
အတတ်လည်းသင်
ပဲ့ပြင်လည်းဆုံးမ
သိပ္ပလည်း မချန်
ဘေးရန်လည်းကာဆီး
သင့်ရာလည်းအပ်ပို့ တဲ့..
စေတနာအရင်းထားလို့
မေတ္တာလည်း ပုံအော
ကရုဏာလည်း စုပုံ
မုဒိတာလည်း လွှမ်းခြုံလို့
ဆရာ့ကျင့်ဝတ်ကို သက်ဆုံးတိုင်
နှလုံးသားမှာ ကမ္ဗည်းထိုး
တပည့်ဆိုတဲ့ ပန်းတွေ
ကမ္ဘာကုန်ကျယ်သရွေ့မွှေးပျံ့ဖို့
ဘ၀ကို ဥယျာဉ်မှူးလို့ သတ်ပုံရေးထားသူပါ။
အရွယ်လွန် အခက်ကျိုးခဲ့ရင်တောင်
ပုံမပျက် ပန်းမပျက်
မေတ္တာတေးဖွဲ့လို့
အသက်ရှင်ချိန်တိုင်း
ဥယျာဉ်ထဲက ပန်းရနံ့တွေနဲ့
ဘ၀ကို အပန်းဖြေမိသူပါ။
ဆရာဆိုတာ
အရောင်တစ်မျိုးထဲနဲ့ပဲ
ကြမ်းတယ် လွမ်းတယ်
ဘ၀ကို ပန်းတွေနဲ့ကိုးကားတယ်
ဘ၀ကို ပီတိတွေနဲ့ကျေနပ်တယ်။
SMT3
photo credit google
ဝနဧကရာဇ်