ချစ်ဖူးသမျှက လွမ်းစရာ
တွေ့ဖူးသမျှက လွမ်းစရာ
လွဲခဲ့တဲ့ အဖြစ်က လွမ်းစရာ
အဲ့ဒီလိုနဲ့ပဲ ကျွန်တော့်ရင်မှာ လွမ်းစရာတွေက
တစ်စစနဲ့ ပဲ့ကြွေပျက်ဆီးကုန်တယ်
အစောကြီးမောင်းထွက်သွားတဲ့ရထားပေါ်မှာ
ဘယ်လောက်မျှော်မျှော်
ပြန်ပေါ်မလာတော့တဲ့ အဖေ ပါသွားခဲ့တယ်
ဘယ်လမ်း ဘယ်နေရာ ဘာဘူတာ
အမေဟာ ဈေးရောင်းရင်း ပြောပြနေတာမို့
ရထားအော်သံတွေကြားမှာ
ကျနော်ဟာ မကြားတချက် ကြားတချက်
သူငယ်ချင်း မိတ်ဆွေ ရန်သူ ချစ်သူ
ရထားဘီးမချော်သေးသရွေ့
အားလုံးဟာ ခရီးသွားဖော်
ရေဗူးတောင်းသူကလေးများနဲ့
ရေငတ်နေသူကလေးများ
ဘယ်သူမှာ ဘာများနေလဲ
ဘာမှားနေလဲ
တခါတခါ..........
ဒါမှမဟုတ် အခါခါ
ရထားဟာ ရထားစီးသူကို ခုတ်မောင်းသွားတယ် ရထားတဲ့အရာတွေဟာ ရထားပေါ် ပါသွားမှာပါပဲ တချို့က ပန်းတွေပန်ခဲ့ ပြီး
ရနံ့ဝေ ကျန်ခဲ့တယ်
ငါ့ကျမှ စိတ်ကူးနဲ့ချစ်ခဲ့ရပြီး
လက်တွေ့ လွမ်းရတယ်လို့
ကံကြမ္မာဆိုတဲ့ကောင်ကိုလည်း
မဖားတတ်တော့
သူခြယ်တဲ့ဇာတ်မှာပဲ
မျက်နှာငယ်နဲ့
အလွမ်းတွေ လွယ် ခဲ့တယ်....
မီးရှူးမီးပန်းလိုမြုံထားသမျှ
အခွင့်ကြုံရင် ကောင်းကင်မှာဖွာပြဖို့
ကံ့ကော်ပွင့်လေးရဲ့ မီးတောက်ကို
ထွန်းထွန်းပေါက်ပေါက် မျှော်လည်း
ရော်ရွက်ဝါ သာအခါခါကြွေ
ငါသာနွေဖြစ်ခဲ့ရတယ်။