ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက်………… မောင်ချောနွယ်
+++++++++++++++++++++++
ဟိုးခပ်ဝေးဝေး...ကြီးကောင်ဝင်စ အသံလေးမှာ
ပြန်စရာ အိမ်မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ အကုသိုလ်ပန်းတွေ ဝေပုံကလည်း
အဖူးပေါ် အညွှန့်တတ်လို့ တပ်မက်စရာပါလား အမေ
သံသရာလေး တေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားကမြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘ၀ဟာ မြေငွေ့ပျံ ညလေးတစ်ညဖြစ်ခဲ့ရတယ်။
သားလေ သူ့ကိုယ်ပိုင်အသီးတွေ
ညွတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမယ့်
ပျော်ရှာတဲ့ ကုန်ထမ်းသမား သလဲပင်လေးကို အားကျမိတယ်။
အမေရယ် လေတွေထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျစောမယ် ဆိုတာလည်း
တကယ်တော့ လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ မိုးတွေ သိပ်ရွာတာပဲ အမေရယ်
အမှောင်နဲ့ စိုစွတ် မိုးရေတွေ ရွှဲရွှဲနစ်လို့
အသံတွေတောင် ငုတ်နေခဲ့ပါပြီအမေ။
ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ်အမေ အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ အမေရဲ့။
တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ။
အမေရယ် ဟောဒီကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလားအမေ၊ သားရဲ့အချစ်မှာလေ
ဟောဒီကမ္ဘာကြီး နစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ်။
ခုတော့ တခြားသူတွေ မမြင်မိတဲ့ အသံလေးကို
ခေါင်းအုံးအိပ်မိလို့ အကြင်နာအမဲ့ဆုံး ဆုလာဘ်ကို
သားရခဲ့ပါတယ်။
အမေမသိဘူးလား လူတွေရဲ့ အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ်အမေရဲ့။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့ လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါး မုန်းတယ်အမေ။
အမေရယ် တခြားသူတွေ အတွက်တော့
အရာရာဟာ လက်တစ်ပစ်စာရယ်ပါ။
သားမှာတော့ ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။
သားရဲ့ ဘီးကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေး တစ်မျှင်နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ်အမေ။
အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ်ခုန်ခုန်ချနေရတဲ့ ဘ၀ခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ် လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျွန်တော်ဘယ်လောက် မှားယွင်းမိလို့လဲအမေ
အဆုတ်က ကြပ်ခိုးမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာ မြင်ရ
အမေရယ် အတွင်းလူမမာတစ်ယောက်ပါ
ဒါပေမယ့် သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီး ဆိုတဲ့
လူလည်း ပါတယ်လေ လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာ
ပြိုလဲခဲ့ပါသလဲ ဘယ်တော့များမှ သမ္မာဒေ၀တွေ
လက်ထဲရောက်မှာတဲ့လဲ တစ်ယောက်ကို တစ်ယောက်မေးရင်းပေါ့
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား
ဘ၀ကို ဖြစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ အချိုရည် ကျန်သေးတယ်
အို..... အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်။
ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို အသေခံ သောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို ပြည့်ပြည့်၀၀ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင် မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ်အချစ်ရယ်
မကြာခဏ လူလိမ်ခံရတဲ့ ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့ အပျော်ကလေးရယ်
သားလက်ဖ၀ါးထဲမှာ ကျစ်ကျစ်ပါအောင် ဆုတ်ထားလို့
တဆတ်ဆတ်တုန်နေတဲ့ သားဘ၀လေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။
ထမင်းစစ်စစ် စားချင်တယ်အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ။
အမေရယ် အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့။
ကျွန်တော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။ ။