သူအလုပ်လုပ်ရတာ အရမ်းခက်သွားပြီ။ ဒီတော့ မရတဲ့အကြွေးတွေအတွက် ဘယ်သူ့မှ မတိုင်ရဲတော့ဘူး။
လုပ်ငန်းရှင်အကြီးစားတွေအတွက် ၀န်ကြီးဌာနတခုဆီမှာ သိန်းပေါင်းတသောင်းဝန်းကျင်အကြွေးကျန် တယ်ဆိုတာ ဘာမှအကြောင်းမဟုတ်ပေမဲ့၊ ကျွန်မတို့လို ဘိန်းနဲ့လည်းမပတ်သက်၊ လက်နက်အရောင်း အ၀ယ်နဲ့လည်း မပတ်သက်တဲ့ အလယ်အလတ်လုပ်ငန်းရှင်တွေက တောင့်မခံနိုင်ပါဘူး။ နေ့တိုင်း ဘယ်လိုခရီးဆက်ရမလဲဆိုတဲ့စိတ်သောကကို မခံစားနိုင်တဲ့အဆုံး အထက်ထိပေါက်မယ်ထင်တဲ့ အရာရှိကြီးကို နှုတ်နဲ့သွားပြောပြပါတယ်။ သူက သေသေချာချာနားထောင်ပါတယ်။ ဒါပေမဲ့ ကျွန်မစကားလည်းဆုံးရော စာရေးတိုင်ပါလို့ ပြောပါတယ်။ ဒီမှာတင် တပ်ခေါက်ပြီး ပြန်ခဲ့ရပါတယ်။
စာရေးတင်လို့ အမှန်အတိုင်းဖြစ်၊ မဖြစ် မသေချာပေမဲ့ ကျွန်မတို့ရှေ့မှာ တောင့်မခံနိုင်တော့တဲ့ လုပ်ငန်း ရှင်တယောက် စာရေးတိုင်မိလို့ ပြည်ထောင်စုဝန်ကြီးအဆင့်က ခေါ်ယူသတိပေးတာတွေ့ခဲ့ရပြီ။ လုပ်ငန်းရှင်တွေ တကယ်လက်တွေ့ထိတွေ့လုပ်နေရတာက သမ္မတကြီးနဲ့အမေစုမဟုတ်ဘူး။ ၀န်ကြီး၊ ဒုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ချုပ်စတဲ့ အောက်ခြေက အရာရှိတွေနဲ့ပါ။ ဒါကြောင့် စာရေးတိုင်ဖို့ကို လက်လျှော့ရပါတယ်။ ပြည်ထောင်စုဝန်ကြီးကိုတွေ့ပြီး မေတ္တာရပ်ခံမေးမြန်းကြည့်မယ်ပေါ့။ ၀န်ကြီးနဲ့ တွေ့ခွင့်တင်ထားလား (Call)လို့ ၀န်ကြီးလက် အောက်က တာဝန်ရှိသူကမေးပါတယ်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်ကတောင် တိုင်းရင်းသားလုပ်ငန်းရှင်တွေဟာ နိုင်ငံခြားသားလုပ်ငန်းရှင်တွေလို Call မတင်ရပါဘူး။ တွေ့ခွင့်ရကြပါတယ်။ ဘာမှပြန်မပြောရဲပေမဲ့ ဆရာမရယ်၊ ရင်ထဲမှာတော့ ဘယ်မှာလဲ ပြည်သူကို မျက်နှာမူတာ၊ ဘယ်မှာလဲ ကြိုးနီဖြေလျှော့တာလို့ တွေးမိပါတယ်။
ဆုပ်စူးစားရူးဘ၀မှာ အနည်းဆုံး ၀န်ထမ်းလခပေးဖို့ ကိုယ်ကိုယ်တိုင် စားသောက်ဖို့ ရှာရပါတယ်။ အကြွေးကိစ္စမေ့ထားလိုက်ပြီး လုပ်ငန်းအသစ်တင်ပါတယ်။ တပတ်နေလည်းအကြောင်းမပြန်၊ တလနေလည်း အကြောင်းမပြန်တော့ လူကိုယ်တိုင်သွားပြီး ကိုယ်တင်တဲ့စာ ဘယ်စားပွဲရောက်နေလဲ လိုက်ရှာရပါတယ်။ စာကပျောက်နေတာပါ။ ဘယ်စားပွဲကိုမှ မရောက်ပါဘူး။ အသစ်ရေးပြီး အထက်ကလက်ခံတဲ့ အရာရှိလက်ထဲ ကိုယ်တိုင်ထည့်ခဲ့ပါတယ်။ အခုဆို တလကျော်ပါပြီ။ လာတွေ့ပါလို့လည်း ခေါ်စာမလာ။ အကျိုးအကြောင်း ပြန်စာလည်းမရ။ တနေ့ တနေ့ မွန်းကျပ်နေတာပါပဲ ဆရာမရယ်။