မေတ္တသုတ်ထဲမှာ "န ပရော ပရံ နိကုဗ္ဗေထ" တစ်ယောက်ကို တစ်ယောက် စိတ်မဆိုးပါနဲ့တဲ့။ ဒါ မေတ္တသုတ်ထဲမှာနော်။ ဒါက မိတ်ဆွေကောင်းဖြစ်ဖို့အတွက် ဆေးကောင်းပဲ နည်းလမ်းကောင်း ပဲ။
" န ပရော ပရံ နိကုဗ္ဗေထ = စိတ်မဆိုးနဲ့ "တဲ့။
စိတ်မဆိုးနဲ့ ဆိုပြီးတော့ စိတ်ဆိုးနေတဲ့သူကို စိတ်မဆိုးနဲ့ သွားပြီးတော့ပြောရင် စိတ်ဆိုးတာ သူ့အလိုအလျောက် ပြေသွား မလား? ဘယ်ပြေမှာတုန်း။
မြတ်စွာဘုရားက စိတ်ဆိုးနေတာ ကို ကိုင်တွယ်ဖို့အတွက် အမြင်မှန်ရတယ်တဲ့ “သမ္မာဒိဋ္ဌိ” ရှိရတယ်။ ဒီထဲမှာရှိနေတဲ့ စိတ်ခံစားမှု ဘာစိတ်ခံစားမှု ဖြစ်နေတယ်၊ ဘုန်းဘုန်းသုံးနေတဲ့ အင်္ဂလိပ်စကားနဲ့ဆိုရင်တော့ ဘာ emotion ဖြစ်နေတယ် အဲဒီဟာကို သိရမယ်။
သိပြီးတော့ အဲဒီဟာကို စိတ်ခံစားမှု emotion ကို ဒေါသဘက် မသွားစေဘဲနဲ့ ကရုဏာဘက် compassion ဘက်သွားရအောင် ထိန်းကျောင်းပေးတဲ့အတွေးမှန် အဲဒီအတွေးမှန်ကို “သမ္မာသင်္ကပ္ပ” ခေါ်တယ်။ ဘာလို့ခေါ်တုန်း? (သမ္မာသင်္ကပ္ပ ခေါ်ပါတယ်ဘုရား။) အဲဒါတွေလိုတယ်တဲ့။
စိတ်မဆိုးပါနဲ့ အချင်းချင်း စိတ်မဆိုးပါနဲ့ ပြောတာ သူကမရ ဘူး။ မြစ်သားမှာတော့ရှိမယ် မထင်ဘူး ရန်ကုန်မြို့မှာတော့ တချို့ကားဆရာတွေက ကားထဲမှာ တောင် တုတ်ဆောင်ထားတယ်။ ဘုန်းဘုန်းတော့ မမြင်ဖူးပါဘူး။ ကြားဖူးတာပါ။
ဘုန်းဘုန်းတွေ့တဲ့ ကားဆရာတွေ က ၉၉% က လူကောင်းတွေချည်း ပဲ။ ကျန်တဲ့ ၁%ကလည်းပဲ သူတို့ရဲ့စိတ်ဖိစီးမှုကို သူတို့ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ မသိတဲ့သူ လူဆိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့စိတ်ကို သူတို့ ဘာဖြစ်နေတယ် ဆိုတာ ကိုယ့်ဟာကိုယ်မသိဘူး။
မြစ်သားမြို့မှာ အဘိဓမ္မာ သင်တန်းတွေဘာတွေ ရှိလား? အဘိဓမ္မာ သင်္ဂြိုလ်ကျမ်း ဆိုတဲ့ထဲမှာလေ စေတသိက်(၅၂)ပါး ရှိတဲ့ထဲမှာ မေတ္တာကို #အဒေါသ ဆိုပြီးတော့ ဝေါဟာရ အလဲအလှယ်နဲ့ ဆိုထားတယ်။ အရမ်းအဓိပ္ပါယ်ရှိတယ်။ ဒေါသ မဖြစ်မှပဲ မေတ္တာဖြစ်နိုင်တယ်။ ဒေါသမဖြစ်မှပဲ ကိုယ့်ဟာကိုယ် မိတ်ဆွေကောင်းပြန်ဖြစ်တယ်။
ကိုယ့်အလိုအတိုင်း မဖြစ်တာတွေက နေ့တိုင်းကြုံတွေ့ နိုင်တယ်။ ကိုယ့်အလိုအတိုင်း မဖြစ်ရုံနဲ့ ထစ်ခနဲ မီးထတောက်မယ် ဆိုရင် အမှိုက်ကစ ပြသာဒ် မီးလောင်ဆိုသလို သံသရာတခုလုံး ဘာဖြစ်သွားနိုင်တုန်း ? မြုပ်သွား နိုင်တယ်တဲ့။ သံသရာတခုလုံးက်ု မြုပ်သွားနိုင်တာနော် ...