လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ ဘယ်အဖွဲ့အစည်းက ဘယ်ရာထူးမှာ လုပ်နေပါစေ၊ သူဟာ ယံုကြည်ရတယ်၊ Reliable ဖြစ်တယ် ဆိုပြီး နာမည်ရသွားရင်၊ လူကြီးတွေက သိသွား၊ လက်ခံသွားရင် အဲဒါ အမြင့်ကို ဆက်တက်ဖို့ လှေကားတစ်စင်းရပြီလို့ပဲ မှတ်ပါတဲ့…။
Photo - google
ခေါင်းဆောင်တစ်ယောက်ရယ်လို့ ဖြစ်လာရင် သူလုပ်ရမယ့် အရေးကြီးတာ၀န်တစ်ရပ်က သူ့လိုခေါင်းဆောင်တွေ မွေးထုတ်နိုင်ဖို့ပါပဲ။ ဒါကြောင့် ခေါင်းဆောင်တွေဟာ Potential (အလားအလာ) ရှိတဲ့သူတွေကို အမြဲစောင့်ကြည့်နေတတ်တယ်။ ဒီလိုပဲ၊ စီမံခန့်ခွဲရတဲ့သူတွေမှာလည်း Delegation ဆိုတဲ့ တာ၀န်ခွဲပေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရတယ်၊ သူတစ်ယောက်တည်း အကုန်လိုက်လုပ်နေလို့ မရနိုင်ဘူး။ ဒီအခါမှာ အဲဒီမန်နေဂျာဟာ သူပေးလိုက်တဲ့တာ၀န်ကို အကောင်းဆံုးလုပ်နိုင်တဲ့သူ၊ ပြီးပြီလားလို့ တွန်းနေစရာ မလိုတဲ့သူ၊ သပ်သပ်ရပ်ရပ် လုပ်တတ်တဲ့သူကို လိုချင်မှာအမှန်ပဲ။ အဲဒီလို စိတ်ချရတဲ့ လူတွေဟာလည်း ဒီခေတ်မှာ ရှားပါးလှတာမို့ တစ်ယောက်တစ်လေ တွေ့လိုက်ရင်ကို လစာတွေအများကြီးပေးပြီး ကိုယ့်ဆီက ထွက်မသွားအောင် ဆွဲခေါ်ထားတတ်ကြတယ်။ ဒါကြောင့် ကိုယ့်ဘက်ကသာ အသင့်ပြင်ထားမယ်ဆိုရင် အခွင့်အလမ်းက ကိုယ်နဲ့လက်တစ်ကမ်းမှာပဲ ရှိလိမ့်မယ်။
ဒါဖြင့် ယံုကြည်ရတဲ့သူ (Reliable person) တစ်ယောက်မှာ ဘယ်လိုစရိုက်လက္ခဏာတွေ ရှိနေတတ်သလဲ။ လူငယ်ဘ၀မှာ ကိုယ့်နာမည်ကို ကြားလိုက်တာနဲ့ သူကတော့ သိပ်စိတ်ချရတယ်၊ သိပ်အားကိုးရတယ် ဆိုတာမျိုး လူကြီးတွေက တွဲမြင်နေအောင် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ။
၁။ ရိုးသားမှု
ငွေရေးကြေးရေးအရ ရိုးသားဖို့ လိုပါတယ်။ ကျန်တာမှားသွားလို့ ကိစ္စမရှိပေမယ့် အဲဒီရိုးသားမှုအပိုင်းမှာ အမည်းစက်ထင်သွားရင်တော့ ဘယ်လောက်တော်တဲ့သူ ဖြစ်ပါစေ၊ ရှေ့ဆက်ဖို့ ခက်ခဲသွားတတ်ပါတယ်။ ရိုးသားမှုဆိုတဲ့နေရာမှာ ငွေကြေးအပြင် အလုပ်နဲ့ပတ်သက်ရင်လည်း ရိုးသားဖို့ လိုပါတယ်။ မသိရင် မသိကြောင်း၊ မတတ်ရင် မတတ်ကြောင်း ပြောပါ။ မလုပ်တတ်တာကို လုပ်နိုင်သလိုလိုနဲ့ တာ၀န်ယူလာပြီးမှ အချိန်မီ မပြီးတာမျိုး၊ လုပ်ရင်းကိုင်ရင်း မှားသွားတဲ့အခါ ပွင့်ပွင့်လင်းလင်း မပြောဘဲ အကြောင်းလှေျာက်ပြတာမျိုးတွေဟာလည်း ရိုးသားမှု မရှိတာကို ပြပါတယ်။
၂။ လုပ်ဆောင်နိုင်စွမ်း
အလုပ်တာ၀န် ဖြစ်လို့ ရိုးသားမှုတစ်ခုတည်း မလံုလောက်ပါဘူး၊ လုပ်ဆောင်နိုင်စွမ်းလည်း အရေးကြီးပါသေးတယ်။ ပွဲတစ်ခုကို စီစဥ်ပေးစေချင်တယ်၊ အကြောင်းအရာတစ်ခုကို စံုစမ်းခိုင်းချင်တယ်၊ အစည်းအေ၀းတစ်ခုကို ဦးဆောင်စေချင်တယ်၊ ဒီလိုတာ၀န်တွေ ပေးလိုက်တဲ့အခါမှာ အကောင်းဆံုး ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ကိုယ့်အလုပ်က ဘယ်လိုကျွမ်းကျင်မှုမျိုး ရှိထားဖို့ တောင်းဆိုသလဲ၊ အဲဒါကို ရှိနေအောင် လုပ်ပါ။
၃။ အသေးစိတ်များကို ဂရုစိုက်နိုင်ခြင်း
အဖွဲ့အစည်းတစ်ခုမှာ အဆံုးအဖြတ်ပေးရတဲ့ အဆင့်မျိုးရောက်လာရင် အသေးစိတ်တွေ အကုန်လိုက်ကြည့်ဖို့ ခက်လာပါတယ်။ ဒီအတွက် ကိုယ်အသေးစိတ်စစ်ဆေးထားပြီး အချက်အလက် အမှားအယွင်းကင်းတဲ့ အစီရင်ခံစာမျိုးကို တင်ပေးနိုင်မယ်ဆို သူတို့တွေ သိပ်သဘောကျပါလိမ့်မယ်။ လူငယ်ဘ၀မှာပဲ အဲဒီလို အသေးစိတ်တွေ အာရံုစိုက်နိုင်တာပါ။ အဲဒီမှာ အောက်သက်ကြေခဲ့မှ အဆင့်မြင့်မြင့်နေရာမျိုး ရောက်တဲ့အခါ အဆင်ပြေပါလိမ့်မယ်။ ခု လူငယ်ဘ၀မှာကို အသေးစိတ်တွေ သတိမထားတတ်ရင်၊ အမှားအယွင်းများနေရင် ယံုကြည်ခံရဖို့ ခက်ပါတယ်။ Devil is in the detail ပါ။ ကိုယ့်ကို ဒုက္ခပေးသွားနိုင်တဲ့၊ ကိုယ့်အလုပ်ကို ထိခိုက်သွားစေနိုင်တဲ့အရာတွေဟာ အဲဒီအသေးအဖွဲလေးတွေမှာ ရှိနေတတ်တယ်။ ဒါတွေကို မစစ်ဆေးမိလိုက်ဘဲ လွတ်ထွက်မသွားဖို့ ဂရုစိုက်ကြရပါမယ်။
၄။ မိမိအသိစိတ်ဖြင့် ဆောင်ရွက်ခြင်း
ခိုင်းမှလုပ်တတ်တဲ့ အကျင့်မျိုး ဖျောက်ဖို့လိုပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် စတင်လုပ်ဆောင်တတ်တဲ့ Self-starter ဖြစ်ရပါမယ်။ တစ်ခါပြပြီးရင် နောက်တစ်ခါ ထပ်ပြစရာ မလိုတော့ဘူး၊ ဒီအလုပ်တစ်ခုတည်းတင် မဟုတ်ဘဲ သူနဲ့သက်ဆိုင်ရာ၊ တခြားလိုအပ်မယ်ထင်တာလေးတွေကိုပါ ကြိုတင်လုပ်ထားတတ်မယ်ဆိုရင် လူကြီးတွေ သိပ်သဘောကျမှာပါ။
၅။ အခိျန်မီ ပြီးစီးခြင်း
အလုပ်တစ်ခု တာ၀န်ပေးခံရပြီဆိုပါတော့။ ဘယ်အချိန်ပြီးရမယ် ဆိုတဲ့ Deadline လည်း တစ်ပါတည်း ပြောလိုက်ပါလိမ့်မယ်။ အဲဒါကို ဖြစ်နိုင်၊ မဖြစ်နိုင် စဥ်းစားပါ။ ၃ရက်စာ လုပ်ရမယ့်အလုပ်ကို ညနေအပြီး လုပ်ခိုင်းတယ်ဆိုရင် မဖြစ်နိုင်ကြောင်း၊ အချိန်ပေးဖို့လိုကြောင်း ရှင်းရှင်းလင်းလင်းပြောပါ။ အဲဒီလို တာ၀န်တစ်ခုကို လက်ခံပြီးပြီဆိုရင်တော့ အချိန်မီပြီးစီးအောင် ကြိုးစားဖို့ လိုပါတယ်။ Deadline ပြည့်တဲ့နေ့ရောက်မှ မလုပ်ရသေးဘူး၊ မေ့နေလို့ ဆိုတာမျိုးတွေက ကိုယ့်အပေါ် ယံုကြည်မှုကို လျော့စေပါတယ်။
၆။ မဆိုင်းမတွ တံု့ပြန်ဆောင်ရွက်ခြင်း
တာ၀န်တစ်ခု ပေးလိုက်တဲ့အခါ ဘယ်လောက်မြန်မြန် စလုပ်တတ်သလဲ၊ ဘယ်လောက်အချိန်တိုအတွင်း ပြီးစီးသလဲ ဆိုတာကလည်း လူငယ်တွေအတွက် အရေးကြီးပါတယ်။ တချို့ဆို တာ၀န်ပေးလိုက်ရင် တော်တော်နဲ့ စမလုပ်ဘူး။ လုပ်တတ်ပါရက်နဲ့ အချိန်ဆွဲနေတယ်။ အဓိကက စိတ်ဓါတ်တက်ကြွမှု မရှိတာနဲ့လည်း ဆိုင်ပါတယ်။ စိတ်ဓါတ်တက်ကြွမှုဆိုတာကလည်း အလုပ်အပေါ် သူ ဘယ်လိုသဘောထားသလဲဆိုတာကနေ ပေါ်လာတာမျိုးပါ။ ဒီလိုပဲ ခိုင်းရင်လုပ်လိုက်တာပေါ့ ဆိုတာထက် ငါ ဒီမှာဘယ်လိုအရေးကြီးတဲ့ အခန်းကဏ္ဍကနေ အလုပ်လုပ်နေတယ်ဆိုတာမျိုး တွေးထားရင် လူဟာ စိတ်ဓါတ်တက်ကြွတယ်၊ အလုပ်လုပ်ချင်စိတ် အပြည့်ဖြစ်နေတယ်။ ဒီတော့ တာ၀န်တစ်ခုပေါ်လာရင် မဆိုင်းမတွ ချက်ချင်းစလုပ်တတ်တယ်။
၇။ ဆက်သွယ်ပြောဆိုခြင်း
အလုပ်တာ၀န်နဲ့ ပတ်သက်တဲ့ ဆက်သွယ်ပြောဆိုခြင်းဆိုတာဟာ အဓိကအားဖြင့် အစီရင်ခံစာ ရေးတာ၊ အချိန်နဲ့တပြေးညီ အခြေအနေကိုတင်ပြတာမျိုးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ပင်ပင်ပန်းပန်း အလုပ်လုပ် ဆို လုပ်လိုက်မယ်၊ အစီရင်ခံစာလေး တစ်မျက်နှာလောက် ရေးဖို့ကိုတော့ အင်မတန်တွန့်ဆုတ်ကြတယ်။ အင်္ဂလိပ်လို ရေးရမယ်ဆို ပိုလို့တောင် ဆိုးသေးတာပေါ့။ တာ၀န်တစ်ခု ပေးလိုက်ပြီဆို အဲဒါ အဆင်ပြေမပြေ၊ ပြီးမပြီး လူတိုင်း ပြန်သိချင်ပါတယ်။ စိတ်ချချင်တာလည်း ပါသလို၊ လိုအပ်တဲ့ အကူအညီပေးဖို့ရှိတယ်ဆိုလည်း ပေးနိုင်အောင် သိချင်ကြတာပါ။ ဒါကြောင့် ဘာတာ၀န်မျိုးကို ယူခဲ့ပါစေ၊ အမြဲတမ်း Report back လုပ်ပါ။ အဲဒီအလေ့အကျင့်ဟာ လူကြီးနဲ့ကိုယ်နဲ့ကြား ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ပြီးသား ဖြစ်သွားနိုင်သလို ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကိုလည်း သတိထားမိသွားစေနိုင်ပါတယ်။
Photo - google
၈။ လွှမ်းမိုးနိုင်စွမ်း ရှိခြင်း
ရာထူးငယ်ငယ်မှာ Technical skill ရှိရံုနဲ့ လံုလောက်ပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲရတဲ့ Managerial role တစ်ခု ရဖို့ဆိုရင်တော့ လူတွေကို စည်းရံုးလံှု့ဆော်နိုင်တဲ့၊ လွှမ်းမိုးနိုင်တဲ့ အရည်အသွေးမျိုး ရှိဖို့ လိုအပ်လာပါတယ်။ လူငယ်တွေကို ကြည့်လိုက်ရင် တစ်ချို့ဟာ သူတို့သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်မှုရှိပေမယ့် လူတွေကို Motivation Inspiration ပေးရတဲ့အပိုင်းတွေမှာ မလုပ်ချင်ကြတာ၊ မလုပ်နိုင်ကြတာကို တွေ့ရပါတယ်။ အဲဒီအခါ ခေါင်းဆောင်နေရာ၊ စီမံခန့်ခွဲရတဲ့နေရာမျိုးကို လွှဲပေးဖို့ အင်မတန်ခက်ပါတယ်။