မျှော်လင့်ချက်ကို
ထင်းစိုက်ချင်တဲ့သူတွေကြားထဲ
နေရတာ
ငါ့အတွက်တော့
မီးခိုးစော်နံတယ်။
ရွာမယ်ဆို
မဲပစ်တတ်တဲ့
တိမ်ဖြူတွေကို
ငါလူတွေထက်
ပိုပြီး သဘောကျခဲ့။
ရိုးသားခြင်းကို
ရေလဲ ပုဆိုးလို
ဝတ်ဆင်ကာ
စေတနာတို့ကို
လက်နှီးစုတ်တစ်ခုလို
ကိုင်တွယ်ခဲ့ကြ …
ခင်ဗျားတို့
လူသားတွေ
သွားတိုက်ပြီး
အာပုပ်စော်နံခဲ့ကြပြီ။
ပကာသန
အခြွေအရံမာနတိုနဲ့
စစ်ခင်း ..
အတ္တတို့ကို
လူကုန်ထံတွေ
သူတောင်းစားခွက်ထဲ
ထိုးအပ်လို့ …
မျက်ရည်တစ်ခွက်ကို
ထမင်းရည်တစ်စက်နဲ့
လှောင်ပြောင်ရယ်မောခဲ့ကြတယ်။
ရှိစေတော့လောကကြီး …
မင်းလဲ
မုဆိုးနားနီးလို့ ..မုဆိုးဖြစ်ခဲ့လေပြီပဲ
ချိတ်မှာ ..ငါးစာတပ်လို့
ကိုယ့်အမြီးကိုယ်ပြန်မျှားနေတဲ့
ကမ္ဘာကြီးကိုလဲပြောလိုက်ပါ
ငါ… ရုပ်ကလပ်ထားပြီး
ခရီးထွက်သွားတယ်လို့။ ။