တစ်နေ့တာ လုပ်ငန်းကိစ္စအသီသီးပြီးဆုံးချိန် အိပ်ရာမဝင်မီ မနက်ဖြန်အစီအစဉ်ကို မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ပါ။ မနက်အိပ်ရာထ ဘုရားရှိခိုး၊ တရားထိုင်မည့်အချိန်၊ အလုပ်ချိန်၊ သင်တန်းချိန်၊ ကိုယ်တိုင် လေ့လာသင်ယူ လေ့ကျင့်ချိန်များသာမက လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများနှင့် တွေ့မည့်အချိန်၊ facebook သုံးမည့်အချိန်၊ ဂိမ်းဆော့မည့်အချိန်၊ သက်ဆိုင်သူနှင့် အင်လျားကန်ဘောင်တွင် လမ်းလျှောက်မည့်အချိန်၊ ကန်တော်ကြီးတွင်ထိုင်မည့်အချိန်၊ ဘုရားသွား ကျောင်းတက်မည့်အချိန်၊ ဖုံးပြောမည့်အချိန်၊ vzo chat မည့်အချိန် စသည်ဖြင့် မိမိအစီအစဉ်ကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကြာမြင့်မည့်အချိန် အသေးစိတ် မိမိကိုယ်တိုင် ရေးသား စေလိုပါသည်။ (လူစင်စစ်မှ စက်ရုပ်ဖြစ်အောင် အကြံပြုနေသည်ဟု မယူဆစေလိုပါ။) တစ်နေ့တာအစီအစဉ်ကို ရေးသားရာတွင် သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဥပမာ - facebook သုံးချိန် ၆ နာရီ(နေလည်ပိုင်း ၂ နာရီ + ညနေ/ညပိုင်း ၄ နာရီ)၊ စာကြည့်ချိန် ၁ နာရီ (ညပိုင်း) စသည်ဖြင့် မိမိစိတ်ကြိုတ် သတ်မှတ်နိုင်ပါသည်။ အရေးကြီးသည်မှာ မိမိသတ်မှတ်သည့် အစီအစဉ်ကို မိမိကိုယ်တိုင် အကောင်အထည်ဖော်နိုင်ရန်သာ အဓိက ဖြစ်ပါသည်။ ညနေနောက်တစ်နေ့ ညအိပ်ရာဝင်ချိန်တွင် မနက်ဖြန်အစီအစဉ်ကို မရေးမီ မနေ့ကရေးသားခဲ့သော အစီအစဉ်ကို ဒီနေ့ ဘယ်လောက် အကောင်အထည်ဖော်နိုင်လဲ? ပြန်လည် သုံးသပ်ပါ။ ရာခိုင်နှုန်းဘယ်လောက် ပြီးမြောက်အောင်မြင်သည်ကို တွေ့ရပါလိမ့်မည်။ မပြီးမြောက်သည့် ကိစ္စရပ်များအတွက် ရာသီဥတုကြောင့်လား? သွားလာရေးကိစ္စကြောင့်လား? Connection ကျနေလို့လား? မိမိကိုယ်တိုင် စိတ်ပြောင်းသွားလို့လား? စသည်ဖြင့် အကြောင်းရင်းများကို တွေ့အောင်ရှာပါ။ ဆက်လက်ပြီး နောက်တစ်နေ့အစီအစဉ်ကို ရေးသားပါ၊ နေ့စဉ်အလေ့အကျင့်ရလာသောအခါ မိမိလိုအပ်ချက် ပြည့်မီအောင် ဆောင်ရွက်လာနိုင်ပါလိမ့်မည်။
author:
photo:credit google images