တစ်ခါတုန်းက လူကြီးတစ်ယောက်မှာ သားလေးယောက်ရှိတယ်။
သူက သူ့သားတွေကို ကိစ္စတစ်ခုကို လျင်လျင်မြန်မြန် ဆုံးဖြတ်ချက် မချလိုက်စေချင်ဘူး။
တစ်နေ့မှာ သူက သူ့သားတွေကို သူတို့အိမ်နဲ့ အလှမ်းဝေးတဲ့နေရာက သစ်တော်သီးပင်ကြီးဆီကို တစ်ယောက်စီ အလှည့်ကျ သွားကြည့်ခိုင်းခဲ့တယ်။
အကြီးဆုံးသား ရောက်တဲ့နေ့မှာ အပင်ကြီးက ရာသီဥတု အေးလို့ ဆောင်းခိုနေချိန်လို ဖြစ်နေခဲ့တယ်။
ဒုတိယသား ရောက်တဲ့နေ့မှာ အပင်ကြီးက အသီးကင်းလေးတွေ စသီးနေခဲ့တယ်။
တတိယသား ရောက်တဲ့နေ့မှာ အပင်ကြီးက အသီးအပွင့်တွေနဲ့ ဝေဆာနေခဲ့တယ်။
သားအငယ်ဆုံး ရောက်တဲ့နေ့မှာ အပင်ကြီးက ကြွေကျချိန် ဖြစ်နေခဲ့တယ်။
သားလေးယောက်လုံး ပြန်ရောက်လာတဲ့အခါ ဖခင်ဖြစ်သူက မေးတယ် _
"ကဲ ... သားတို့ ... မင်းတို့တွေ့ခဲ့တဲ့ အပင်ကြီးရဲ့ အခြေအနေကို ပြောပြကြပါဦးကွ"
အကြီးဆုံးသားက _
"အာ ... ပြောမနေပါနဲ့ အဖေရာ ... အပင်ကြီးက ရွက်ခြောက်တွေနဲ့ တွန့်လိမ်နေတာပဲ၊ ဘာအသီးအပွင့်မှလည်း မရှိဘူး ခြောက်ကပ်ကပ်ကြီး" လို့ ဖြေတယ်။
ဒုတိယသားက _
"အကိုကြီးက သေချာမကြည့်ခဲ့ပုံပဲ ...အပင်ကြီးက အသီးကင်းလေးတွေ စသီးနေပါပြီဗျ" လို့ ဝင်ပြောတယ်။
တတိယသားက _
"အကိုတို့ နှစ်ယောက်လုံးမှားတယ် ... တကယ်တော့ အပင်ကြီးက အပွင့်အသီးတွေနဲ့ လှချက်ဗျာ ... အဖေ့အတွက်တောင် ခူးလာချင်ပေမဲ့ အပင်ကြီး အလှပျက်မှာစိုးလို့ ကျွန်တော်ဖြင့် မခူးရက်ဘူး" လို့ ဝင်ငြင်းလိုက်တယ်။
သားအငယ်ဆုံးက _
"ဟူး ... မျက်စိကောင်းကြသေးရဲ့လား ငါ့အကိုတို့ရယ် ...
သေချာမကြည့်ခဲ့ကြဘူးလားဗျ ... အဖေရေ တကယ်ပါ ... အပင်ကြီးက ခြောက်သွေ့နေတာလည်းမဟုတ်ဘူး ... အသီးကင်းထွက်နေတာလည်းမဟုတ်ဘူး ... အသီးအပွင့် ဝေဆာနေတာလည်းမဟုတ်ဘူး ... အမှန်က အသီးတွေ ကြွေကျပြီး အပင်အောက်မှာ ရစရာမရှိအောင် ပုပ်နေတာဗျ ... ကျွန်တော့်ယုံ" လို့ ဝင်ပြောပြန်တယ်။
အဲ့ဒီမှာ အဖေဖြစ်သူက _
"အေး ... အဲ့ဒါ မင်းတို့ကို အဖေ လွှတ်လိုက်ရတဲ့ အကြောင်းရင်းပဲ။
မင်းတို့ အားလုံးမှန်ကြတယ်။
ဘာလို့လဲဆိုတော့ အဖေက မင်းတို့ကို တစ်ချိန်စီခွဲပြီး အပင်ကြီးဆီကို လွှတ်လိုက်တာကိုးကွ။
မင်းတို့တွေကို သင်ခန်းစာယူစေချင်တာက အပင်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် တစ်ခဏလေးမြင်လိုက်ရတဲ့အမြင်ပေါ် မူတည်ပြီး မြန်မြန်ဆန်ဆန် ကောက်ချက်ချ ဆုံးဖြတ်မှု မလုပ်စေချင်တာပဲ။
လူတစ်ယောက်ကို ခဏလေးလေ့လာပြီး ကောင်းတယ် ဆိုးတယ် မသတ်မှတ်ကြဖို့ သင်ခန်းစာယူကြပါ သားတို့" လို့ ဆုံးမလိုက်တယ်။
အားလုံးပဲ သင်ခန်းစာရရှိနိုင်ကြပြီး အလျင်စလို ဆုံးဖြတ်ချက် မချမိကြပါစေနဲ့နော်။
အထူးသဖြင့် လူသားတွေကို ကောက်ချက်ချရတာ သိပ်ခက်ပါတယ်။
ဟန်ဆောင်မျက်နှာဖုံးတွေ ဖုံးထားတတ်ကြလို့ပါ။
ကိုယ့်တဒင်္ဂမြင်လိုက်ရတဲ့ အမြင်တစ်ခုကြောင့် အမြဲဒီလူဟာ ဒီအတိုင်းပဲလို့ မဆုံးဖြတ်မိကြပါစေနဲ့လို့ ဆုတောင်းပေးရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu