ကျွန်မတို့က ပုထုဇဉ်လူသားများဖြစ်တဲ့အလျှောက် လောဘ ဒေါသ မောဟများနဲ့ မကြာခဏ အမှား အကုသိုလ် ပြုမိတတ်ကြပါတယ်။
တစ်ခါတလေကျ သိသိကြီးနဲ့ စိတ်ထဲကပါလို့ ပြုမိတဲ့ မကောင်းမှု ရှိသလို တစ်ခါတလေကျ ကိုယ့်ကိုကိုယ်တောင် မသိလိုက်ပဲ မကောင်းမှု ပြုလုပ်မိရက်သား ဖြစ်တတ်ပါတယ်။
ဒါကြောင့်မို့ စာဖတ်သူ မောင်နှမတွေ ဆင်ခြင်သတိထားရှိနိုင်အောင် အခုကစပြီး စာရိတ္တ၊ ကိုယ်ကျင့်တရား၊ သံဝေဂယူဖွယ်အကြောင်းအရာများအပြင် ဘုရားရှင်လက်ထက်က ကောင်းမှု မကောင်းမှုနဲ့ ဆင်ခြင်ဖွယ်ရာ လူများ၊ ပုဂ္ဂိုလ်များရဲ့ အကြောင်းတွေကိုလည်း ကျွန်မဖတ်ဖူး မှတ်သားဖူးသလောက် မျှဝေသွားပါဦးမယ်။
ဒီပို့စ်လေးမှာတော့ "ရှင်စက္ခုပါလ"ရဲ့ အမှားလုပ်မိလိုက်တဲ့ အကျိုးဆက်လေးကို ဓမ္မအသိ ထားရှိကြမည် (၁) အနေနဲ့ မျှဝေလိုက်ချင်ပါတယ်။
အားလုံးပဲ ဖတ်ပြီး ဆင်ခြင်တရား ထားရှိ အမှားကင်းနိုင်ပါစေ။
"ရှင်စက္ခုပါလ"
တစ်ခါက တာဝတ္တိပြည်မှာ "ဦးပါလ"ဆိုတဲ့ သူဌေးတစ်ဦး ရှိတယ်။
အဲ့ဒီသူဌေးကြီး "ဦးပါလ"က မြတ်စွာဘုရားရဲ့ တရားတော်ကို နာကြားပြီးတဲ့နောက် သာသနာ့ဘောင်ဝင်ပြီး တရားအားထုတ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
သူဌေးကြီးရဲ့ ရဟန်းအမည်က "ရှင်စက္ခုပါလ" ဖြစ်လာခဲ့တယ်။
"ရှင်စက္ခုပါလ"က သာသနာ့ဘောင်ဝင်ပြီး တရားကျင့်နေရင်း မျက်စိရောဂါ ရလာခဲ့တယ်။
အကြောင်းက တစ်ဝါတွင်းလုံး မအိပ်မနေ တရားကျင့်ခဲ့လို့ပါပဲ။
"ရှင်စက္ခုပါလ"ရဲ့ မျက်စိရောဂါက တဖြေးဖြေး ပိုဆိုးလာပြီး ရဟန္တာဖြစ်တဲ့နေ့မှာပဲ မျက်စိကွယ်သွားခဲ့တယ်။
အဲ့ဒီလိုဖြစ်ခဲ့ရတာက ရှေးဘဝတစ်ခုမှာ "ရှင်စက္ခုပါလ" ပြုမိခဲ့တဲ့ ကံအမှားတစ်ခုကြောင့်ဖြစ်ပါတယ်။
ရှေးဘဝတစ်ခုမှာတုန်းက "ရှင်စက္ခုပါလ"က ဆေးဆရာတစ်ဦး ဖြစ်ခဲ့တယ်။
သူက မျက်စိရောဂါ ဝေဒနာကို အဓိကကုသူဖြစ်ခဲ့ပြီး တစ်ရွာဝင် တစ်ရွာထွက် လူနာတွေကို ကုသပေးခဲ့တယ်။
တစ်နေ့ကျ မျက်စိရောဂါခံစားနေရတဲ့ အမျိုးသမီးတစ်ဦးက သူ့ဆီ လာပြတယ်။
အမျိုးသမီးရဲ့ မျက်စိအခြေအနေကို ကြည့်ရှု့ပြီးတဲ့အခါ ဆေးဆရာက ပြန်ကောင်းခဲ့ရင် ဘယ်လောက်ပေးမလဲဆိုပြီး အသပြာကြေးစကား ဆိုမေးလိုက်တယ်။
အမျိုးသမီးကလည်း ပြလာခဲ့တာ ဆရာသမား စုံနေခဲ့ပြီ၊ မပျောက်ကင်းခဲ့ပေမဲ့ အခုလို အာမခံပေးတဲ့ ဆရာနဲ့တွေ့တဲ့အခါ ဝေဒနာပျောက်ချင်ဇောနဲ့ သူ့မျက်စိ ပြန်ကောင်းလာခဲ့ရင် သူပိုင်သမျှ ပစ္စည်းအကုန်အပ်ပြီး သူကိုယ်တိုင်ပါ ဆေးဆရာထံ ကျွန်ခံပါ့မယ်လို့ စကားကျွံ ပြောလိုက်တယ်။
"နှုတ်လွန် ကျွန်ဖြစ်"ဆိုတဲ့ စကားကို အမျိုးသမီးက မေ့နေခဲ့ပုံတူပါတယ်။
အဲ့ဒီလိုနဲ့ ဆေးဆရာက အစွမ်းထက်ဆေးမျက်စဉ်း ခတ်ပေးပြီး ကုသပေးလိုက်တာ အမျိုးသမီးရဲ့ မျက်စိက အကောင်းပကတိနီးပါး ကောင်းမွန်လာခဲ့တဲ့အချိန်မှာ _
"မျက်စိ ဘယ်နှယ့်လဲ၊ သက်သာတယ်မလား"လို့ ဆေးဆရာက မေးလိုက်တယ်။
အမျိုးသမီးကလည်း သူ့စကားကျွံထားတာ သူသိနေတော့ သက်သာတယ်ပြောမိရင် ကျွန်ခံရမှာစိုးပြီး _
"ဆရာရယ် အရင်ကမှ နည်းနည်းပဲကျိန်းတာ၊
အခု ဆရာမျက်စဉ်းခတ်လိုက်မှ ပိုကျိန်းလာတယ်" လို့လိမ်ပြောလိုက်တယ်။
ဆေးဆရာက ဒီအမျိုးသမီး ဆေးဖိုးသဘောတူထားတာ မပေးချင်လို့ လိမ်နေတာကို သိနေတော့ စေတနာထား ကုပေးရမဲ့အစား ဒေါသထွက်ပြီး သူပေးမဲ့ ဆေးဖိုးဝါးခလဲ ငါမယူတော့ဘူး၊ ငါ့အကြောင်းသိစေရမယ်လို့ ပဒုဌစိတ်ဝင်ပြီး စိတ်ထဲကြိမ်းလိုက်တယ်။
"အင်းလေ ... မသက်သာဘူးဆိုတော့လည်း ဒီဆေးလေး ပြောင်းခတ်ကြတာပေါ့" ဆိုပြီး ဆေးပြောင်းခတ်ပေးလိုက်တယ်။
ဆေးခတ်ပြီးတာနဲ့ အမျိုးသမီးရဲ့ မျက်လုံးက ဖူးယောင်လာပြီး မျက်စိပါကွယ်သွားခဲ့တယ်။
သူလည်း အဲ့ဒီဆေးဆရာဘဝကနေ သေတဲ့အခါ ငရဲကျပြီး ဘဝပေါင်းများစွာ မျက်စိကွယ်ခဲ့ရတယ်။
တစ်ကြိမ် အမှားလုပ် အပြစ်ပြုခဲ့ပေမဲ့ ဘဝဆက်တိုင်း ပြန်ပေးဆပ်ရတာ "ရှင်စက္ခုပါလ"က ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်ရမယ်ဆိုရင်တောင် မျက်စိအလင်းကွယ်ပြီး ဝင်ရတဲ့အထိပါပဲ။
အဲ့ဒီလိုဖြစ်ရတာက ဆေးဆရာရဲ့ စေတနာဆိုးက အရမ်းကို ကြီးမားခဲ့လွန်းလို့ ဖြစ်ပါတယ်။
ဆေးဖိုးဝါးခလေးတစ်ခုအတွက်နဲ့ ဒေါသ အဂတိတရားကို ကိုင်စွဲပြီး အိမ်ပြန်ကာ သူတစ်ပါး မျက်စိကွယ်စေမဲ့ ဆေးကိုဖော်စပ်ပြီး ကိုယ်တိုင်ခတ်ပေးတဲ့ စေတနာဆိုးရဲ့ တန်ခိုးအစွမ်း ဘယ်လောက်ကြီးမားသလဲဆိုတာ သံဝေဂယူနိုင်ကြပါစေ။
ကျွန်မတို့ လူသားတွေက အမှားကို ပြုလုပ်မိတတ်ကြတဲ့ အဂတိတရား၎ပါးရှိပါတယ်။
၁။ ဆန္ဒ (ချစ်ခင်ခြင်း)
၂။ ဒေါသ (မုန်းတီးခြင်း)
၃။ မောဟ (အမှန်မသိ တွေဝေခြင်း)
၎။ ဘယ (ကြောက်ခြင်း)
အဲ့ဒီ အဂတိတရား၎ပါးကြောင့် အမှားဖက်မိတတ်ကြပါတယ်။
ကောင်းသောစိတ် ကောင်းသောစေတနာသာ မွေးမြူထားရှိနိုင်ဖို့ ကြိုးစားကြပါ။
သူတစ်ပါးအပေါ် စေတနာဆိုး ထားရှိလိုစိတ်တွေ လျော့ပြီး သံသရာအတွက် အမှားမသယ်မိအောင် ရှောင်ကြဉ်နိုင်ကြပါစေ ဆုတောင်းပေးရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu