ကျွန်မတို့ လူသားတွေရဲ့ အထူးအားနည်းချက်တစ်ခုက ကိုယ့်ထက် အင်အားကြီးမားသူကို အလိုလိုအရှုံးပေးတတ်သလို ကိုယ့်ထက် အင်အားနည်းသူကိုလည်း အလိုလိုလျော့တွက်တတ်ကြပါတယ်။
ဒါကြောင့် မိမိထက် အားကြီးတိုင်း ကြောက်ရွံ့အရှုံးပေးနေဖို့ မလိုအပ်သလို မိမိထက် အားနည်းတိုင်းလည်း လျှော့တွက်ကာ အထင်သေးလို့ မရနိုင်ဘူးဆိုတာလေးကို ဒီပုံပြင်လေးနဲ့ သတိပေးလိုက်ချင်ပါတယ်။
တစ်ခါက သိုးကျောင်းသားတစ်ယောက်က သူ့ရဲ့ သိုးအုပ်ကို သိုးကျောင်းထွက်လာခဲ့တယ်။
သူ့ရဲ့ သိုးအုပ်ထဲက သိုးငယ်လေးတစ်ကောင်က လတ်လတ်ဆတ်ဆတ် မြက်နုလေးတွေကို ရွေးစားနေရင်း တဖြေးဖြေးနဲ့ သိုးအုပ်နဲ့ ဝေးတဲ့ဘက်ဆီရောက်လာခဲ့တယ်။
သိုးငယ်လေးက အရသာရှိတဲ့မြက်တွေကို စားနေရတာနဲ့တင် ပတ်ဝန်းကျင်ကို မေ့လျော့နေမိပြီး တစ်ကောင်ထဲ သိုးအုပ်နဲ့ကွဲကွာသွားခဲ့တယ်။
ဒါပေမဲ့ သူက သူ့ကိုချောင်းနေတဲ့ မြေခွေးကို သတိမပြုမိခဲ့ဘူး။
မြေခွေးက သိုးငယ်လေးရှေ့ကို သွားရည်တမြားမြားနဲ့ ရောက်လာခဲ့တယ်။
သိုးငယ်လေးက မြေခွေးကိုမြင်လိုက်ရတဲ့အခါ ကြောက်လန့်သွားပြီး _
"ကိုမြေခွေး ... ဘာပဲဖြစ်ဖြစ် ကျွန်မအစားခံရတော့မယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်မကို အခုမစားပါနဲ့ဦး၊ ကျွန်မဗိုက်ထဲမှာ မြက်တွေအများကြီးစားထားမိတော့ အသင်စားရတာ အရသာပျက်မှာစိုးလို့ပါ၊ ကျွန်မအစာကြေတဲ့ထိ ခဏစောင့်ပြီးမှပဲစားပါလား" လို့ ပြောလိုက်တယ်။
မြေခွေးကလည်း သဘောတူပြီး ထိုင်စောင့်ပေးတယ်။
ခဏအကြာမှာ သိုးငယ်လေးက _
"ကိုမြေခွေးရှင့် ... ကျွန်မတို့ ဒီလိုထိုင်နေရုံနဲ့ အစာကြေဖို့ လွယ်မယ်မထင်ပါဘူး၊ ကျွန်မကို ကခွင့်ပေးပါလားရှင့်၊ ဒါမှ မောပန်းပြီး အစာမြန်မြန်ကြေနိုင်မှာပါ" လို့ ထပ်တောင်းဆိုပြန်တယ်။
မြေခွေးကလည်း ထပ်သဘောတူပေးလိုက်တယ်။
ကနေရင်းကနေ သိုးငယ်လေးက နောက်ထပ်တစ်ခု ထပ်တောင်းဆိုပြန်တယ်။
"ကိုကြီးမြေခွေးရှင့် ... ကျွန်မ တီးလုံးမပါပဲ ကရတာ သိပ်အဆင်မပြေလှပါဘူး၊ ကျွန်မရဲ့ လည်ပင်းက ခြူလည်ဆွဲလေးကိုယူပြီး ကိုမြေခွေးက တီးပေးရင် ကျွန်မပိုကလို့ကောင်းမှာပဲ" လို့ထပ်တောင်းဆိုလိုက်ပြန်တယ်။
မြေခွေးကလည်း သိုးမလေးရဲ့နောက်ဆုံးဆန္ဒကို လိုက်လျောပေးတဲ့အနေနဲ့ ခြူလည်ဆွဲကိုယူပြီး တီးခတ်ပေးလိုက်တယ်။
ခြူသံကိုကြားပြီး သိုးကျောင်းသားလေးက ရွာသားအဖော်ခေါ်ပြီး ခြူသံနောက်ကိုလိုက်ခဲ့တယ်။
အင်အားကြီးပေမဲ့ အသိဉာဏ်နည်းတဲ့ မြေခွေးက ရွာသားတွေရဲ့လက်ချက်နဲ့ သေပွဲဝင်သွားရပြီး အင်အားနည်းပေမဲ့ ဉာဏ်ရှိတဲ့ သိုးမလေးကတော့ အသက်ဘေးကလွတ်မြောက်ကာ သခင်ထံပြန်ရောက်ရှိခဲ့ရပါတယ်။
ဒါကြောင့်လည်း အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့ စကားရှိခဲ့တာဖြစ်လောက်မယ်ထင်ပါတယ်။
စာဖတ်သူတို့လည်း မိမိကိုယ်ကို အင်အားကြီး အသာစီးရနေရုံနဲ့ သူတစ်ပါးကိုလျော့တွက်ကာ ပေါ့ပေါ့မနေပဲ၊ မိမိက အင်အားနည်းသူဖြစ်နေလည်း တစ်ဖက်သားကို ကြောက်ရွံ့အရှုံးပေးမနေပဲ အသိဉာဏ်ဖြင့် ချိန်ဆက အနိုင်ယူနိုင်ကြပါစေ ဆန္ဒပြုရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu