တစ်နေ့မှာ ... အသက်အရွယ်အိုမင်းလာတဲ့ လက်သမားကြီး တစ်ယောက်က အလုပ်ကနေ အနားယူဖို့ တွေးခဲ့တယ်။
သူက သူ့ရဲ့သူဌေး ကန်ထရိုက်ဖြစ်သူကို အလုပ်နားတော့မဲ့အကြောင်း သွားပြောတဲ့အခါ _
"ခင်ဗျားလို လူတော်ကို လက်လွှတ်ရမှာတော့ တကယ်နှမြောပါတယ်၊ ခင်ဗျားကိုယ်တိုင်က အနားယူချင်ပြီဆိုတော့လည်း ကျွန်တော် ဘယ်တားသာမလဲဗျာ၊ ဒါပေမဲ့ အလုပ်မနားခင် နောက်ဆုံးအနေနဲ့တော့ ကျွန်တော်ကို အိမ်တစ်လုံး ဆောက်ပေးသွားစေချင်တယ်၊ အမှတ်တရ အနေနဲ့ပေါ့" လို့ သူဌေးက လက်သမားကြီးကို တောင်းဆိုလိုက်တယ်။
လက်သမားကြီးကလည်း ဆောက်ပေးဖို့ လက်ခံလိုက်တယ်။
ဒါပေမဲ့ သူက အရင်လို စိတ်နှစ်ပြီး ဂရုတစိုက်မဆောက်တော့ဘူး။
နောက်ထပ် ဒီသူဌေးနဲ့ တွေ့စရာမရှိတော့ဘူးလေဆိုပြီး ဖြစ်ကတတ်ဆန်းတွေ ပြုမူလာတယ်။
ပစ္စည်းအပေါစားတွေနဲ့ မကျွမ်းကျင်တဲ့ အသင်အလုပ်သမားလေးတွေကို သူ့လက်ထောက်နဲ့လွှတ်ပြီး ဆောက်ခိုင်းလိုက်တယ်။
အိမ်က မလှမပ မသပ်မရပ်ပုံစံမျိုး ထွက်လာခဲ့တယ်။
ဒါပေမဲ့ လက်သမားကြီးက ဂရုမစိုက်ဘူး၊ သူ့ကို အလုပ်နားခါနီးတောင် ခိုင်းခဲ့တဲ့ သူဌေးကို အရည်အသွေးနိမ့်တဲ့ အိမ်ဆောက်ပေးနိုင်ခဲ့လို့ ကျေနပ်နေခဲ့တယ်။
အိမ်ဆောက်လို့အပြီးမှာ သူဌေးက စစ်ဆေးဖို့လာခဲ့တယ်။
အားလုံးအပြီးမှာတော့ အိမ်ရှေ့တံခါးသော့တွဲကို သူဌေးက လက်သမားကြီး လက်ထဲထည့်ပေးလိုက်ပြီး _
"ဒီနေ့ကစပြီး ဒီအိမ်က ခင်ဗျားအိမ်ဖြစ်သွားပြီ၊ ခင်ဗျားအတွက် ကျွန်တော်ရဲ့ လက်ဆောင်ပါ" လို့ ပြောလိုက်တယ်။
လက်သမားကြီးက အရမ်းရှော့ရသွားပြီး သူ့လုပ်ရပ်ကိုသူ အရမ်းလည်းရှက်သွားခဲ့တယ်။
ဒါပေမဲ့ ဘယ်လောက်ပဲ သူနောင်တရသွားပါစေ သူဆောက်ခဲ့တဲ့အရာကိုပဲ သူရသွားခဲ့တာပါပဲ။
ကိုယ်ပြုတဲ့ကံရဲ့ ပဲ့တင်သံက ကိုယ့်ဆီပဲ ပြန်လာပါတယ်။
ဒီအဖြစ်အပျက်လေးကို ဆင်ခြင်ပြီး အရာရာ စိတ်ကောင်းမွေးပြီး နေထိုင်ရှင်သန်သွားကြပါလို့ ဆန္ဒပြုရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu