လူတစ်ယောက်က သူ့အိမ်ကို အမြဲ နောက်ကျမှ ပြန်ရောက်လောက်အောင် အလုပ်မှာပဲ အချိန်ကုန်နေခဲ့တယ်။
တစ်နေ့ သူအိမ်ကို ပြန်လာတဲ့အခါ အိမ်ပေါက်ဝမှာ
သူ့ကိုထိုင်စောင့်နေတဲ့ သားလေးကို တွေ့သွားတယ်။
သားငယ်က _
"ဖေဖေ ... သား မေးခွန်းတစ်ခုလောက် မေးလို့ရမလား" ဆိုပြီး ခရီးဦးကြို မေးလိုက်တယ်။
အလုပ်မှာ ပင်ပန်းလာတဲ့သူက မကြည်မလင်နဲ့ _
"အင်း ... ဘာလဲ မေး" လို့ ခပ်ပြတ်ပြတ် ပြန်ပြော ယလိုက်တယ်။
"ဖေဖေ တစ်နာရီ အလုပ်လုပ်ရင် ဘယ်လောက်ရလဲဟင်" လို့ သားငယ်က ထပ်မေးတယ်။
"အဲ့ဒါ မင်းနဲ့ ဘာဆိုင်လဲ ... ဘာလို့မဆိုင်တာတွေလာမေးနေတာလဲကွာ မောရတဲ့အထဲ" လို့ သူက ဒေါသသံနဲ့ ပြန်ငေါက်လိုက်တယ်။
သားငယ်က _
"သားသိချင်လို့ပါ ဖေဖေရဲ့ ... ဖြေပေးပါနော် ... နော်" ဆိုပြီး ထပ်တောင်းဆိုတယ်။
"ကဲ ... ၁နာရီကို ၂ထောင်ရတယ်ကွာ ... ရပြီလား" လို့ သူပြောပြီး အိမ်ထဲဝင်ဖို့ လုပ်တယ်။
သားငယ်က ခေါင်းငိုက်ကျသွားပြီး ၂ထောင်တောင်လားလို့ သူ့ကိုယ်သူ တီးတိုးပြောနေလိုက်တယ်။
သားငယ်က ဧည့်ခန်းမှာ နားနေတဲ့ အဖေအနားကို ထပ်သွားပြီး _
"ဖေဖေ ... ဖေဖေ ... သားကို ပိုက်ဆံတစ်ထောင်လောက်ချေးပါလားဟင်" လို့ တောင်းဆိုပြန်တယ်။
"ဘာကွ ... မောမောပန်းပန်းနဲ့ အိမ်ပြန်ရောက်ရောက်ချင်း ငါ့လုပ်အားခအကြောင်းမေးတာက လက်စသတ်တော့ မင်း ပိုက်ဆံချေးချင်လို့ကိုး၊ မင်းရဲ့အကျိုးမရှိအရုပ်တွေဝယ်ဖို့ ပိုက်ဆံလာချေးနေမဲ့အစား အသားမနာခင် အခန်းထဲဝင်အိပ်လိုက်ရင် ကောင်းမယ်ထင်တယ်" လို့ သူက ဒေါသတကြီး အော်ဆူလိုက်တယ်။
သားငယ်က တိတ်တဆိတ်ပဲ အခန်းထဲ ဝင်သွားလိုက်တယ်။
သူ့သားရဲ့ လုပ်ရပ်ကို တွေးပြီး ဒေါသထွက်ပြီးရင်း ထွက်နေခဲ့တယ်။
တော်တော်အတင့်ရဲတဲ့ကောင်လို့ သူကြိမ်းဝါးနေလိုက်တယ်။
အချိန်တစ်နာရီလောက်ကြာသွားတော့ သူလည်း စိတ်ပြေသွားပြီး ဖြေးဖြေးချင်း တွေးကြည့်ရင်း သားကတကယ် ပိုက်ဆံတစ်ထောင်နဲ့ ဝယ်စရာရှိနေတာများလား၊ တစ်ခါမှ ဒီလို မတောင်းဖူးပါဘူးလို့ သူတွေးမိလာတယ်။
သူက သားဖြစ်သူ အခန်းဆီကို လျှောက်သွားရင်း အခန်းတံခါးဖွင့်ထားတာတွေ့တော့ ဝင်သွားလိုက်တယ်။
"သား အိပ်ပျော်နေပြီလား" လို့ သူမေးလိုက်တယ်။
"မအိပ်ပျော်သေးပါဘူး ဖေဖေ"လို့ ခြုံထားတဲ့စောင်ကို ဖယ်လိုက်ရင်း သားဖြစ်သူက ပြန်ဖြေတယ်။
"ဖေဖေ ခုနက သားအပေါ် နည်းနည်းလွန်သွားမိတယ်ကွာ ... ရော့ ဒ်ီမှာ သားတောင်းတဲ့ တစ်ထောင်" ဆိုပြပီး သားငယ်ကို သူကပေးလိုက်တယ်။
သားငယ်က ပြုံးရင်း _
"ဝိုးး ... ကျေးဇူးပါဖေဖေ"ဆိုပြီး ထခုန်တယ်။
ပြီးတော့ သူ့ခေါင်းအုံးအောက်က ပိုက်ဆံ အကြွေတစ်ချို့ကိုလည်း ထုတ်ပြီး ရေတွက်လိုက်တယ်။
အဲ့ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့သူက ပိုပြီး ဒေါသထွက်သွားတယ်။
ပိုက်ဆံရှိနေတာတောင် ထပ်တောင်းတဲ့သားငယ်ကိုလည်း အကျင့်ပျက်နေပြီလို့ သူထင်သွားတယ်။
"မင်းမှာ ပိုက်ဆံတွေရှိနေသေးတာပဲ ... ဘာလို့ ထပ်တောင်းတာလဲ ပြောစမ်း ... ဖေဖေ မင်းကို စည်းကမ်းမဲ့တာ မကြိုက်ဘူးပြောထားတယ်မလား" လို့ သားငယ်ကို ကိုင်လှုပ်ရင်း သူမေးလိုက်တယ်။
သားငယ်က _
"သားကို ပိုက်ဆံ တစ်ထောင်ချေးတာ ကျေးဇူးတင်ပါတယ် ဖေဖေ၊
သားပိုက်ဆံမလောက်သေးလို့ ချေးရတာပါ၊
ခုသားမှာ နှစ်ထောင်ပြည့်သွားပြီ ... မနက်ဖြန်ညနေကျရင် ဖေဖေ့အချိန်တစ်နာရီ သားကိုရောင်းပြီး စောစောပြန်လာပေးပါနော် ... သား ဖေဖေနဲ့အတူ ညနေစာစားချင်လို့ပါ" လို့ပြောပြီး လက်ထဲက အကြွေတစ်ချို့ရယ် သူပေးလိုက်တဲ့တစ်ထောင်ရယ်ကို မြှောက်ပြီး ပြောလိုက်တယ်။
သူ့ရင်ထဲစို့နစ်သွားပြီး သားငယ်ကို ဖက်ထားရင်း မျက်ရည်ကျနေခဲ့တယ်။
လူ့ဘဝ သက်တမ်းတိုလေးမှာ အချိန်တိုင်းက တန်ဖိုးကြီးလွန်းလှပါတယ်။
အဲ့ဒီတန်ဖိုးရှိတဲ့အချိန်တွေကို မိသားစုအတွက် မျှပေးဖို့ မမေ့လျော့နေကြဖို့ တိုက်တွန်းလိုက်ပါရစေ။
အလုပ်တွေပဲ ဖိလုပ်ရင်း သင်မရှိတော့သော်လည်း အလုပ်ရှင်အဖို့ သင့်နေရာမှာအစားထိုးဖို့ အချိန်ပိုင်းသာ လိုပါတယ်။
ဒါပေမဲ့ အလုပ်ဒဏ်ပိပြီး လောကကြီးက ပျောက်ကွယ်သွားမဲ့ သင့်အတွက် တစ်သက်လုံး နာကျင်သတိရလွမ်းဆွတ်နေရမဲ့ "မိသားစု"ရှိနေသေးတယ်ဆိုတာ သတိရပါ။
နွေးထွေးသော "မိသားစု"လေးတွေ ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ ဆုတောင်းပေးရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu