အားလုံးပဲ မင်္ဂလာညချမ်းလေးပါရှင်။
မနေ့က တစ်ရက်လေး ပို့စ်တင် နားလိုက်တာ ဒီနေ့လည်း ခပ်ပျင်းပျင်းရယ် ဖြစ်လာတယ်။
သို့သော်လည်း အကျင့်မပျက်အောင် ကြိုးစားပြီး ပြန်ရေးလိုက်ပါတယ်ရှင်။
ကျွန်မ ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးက ပုံမှန်ပြောပြနေကြအရာတွေနဲ့ သိပ်အများကြီးတော့ မကွဲပြားသွားပါဘူး။
ကျွန်မက စာရိတ္တ၊ ကိုယ်ကျင့်တရား၊ သစ္စာတရားတွေကို အသက်ထက်မြတ်နိုးသူဖြစ်တဲ့အလျှောက် ထိုအကြောင်းအရာများနဲ့ ပက်သက်သည်များကိုပဲ အဓိကထားပြီး ရေးသားလေ့ရှိပါတယ်။
တစ်ချို့အကြောင်းအရာတွေက ကျွန်မဖတ်ဖူးတဲ့ အကြောင်းအရာလေးတွေကို မှတ်မိသလောက် ပြန်ပြောပြခြင်းဖြစ်ပြီး တစ်ချို့အရာလေးတွေကိုတော့ ကိုယ်တိုင်ရေးသားထားခြင်းဖြစ်ပါတယ်ရှင်။
အဓိကရည်ရွယ်ချက်ကတော့ ကျွန်မရဲ့စာတွေကို ဖတ်မိသူ တစ်ဦးတစ်ယောက်ရှိခဲ့သော် ထိုသူအတွက် အကျိုးရှိနိုင်ပါစေဆိုတဲ့ စေတနာအားနဲ့ပါ။
ဒီနေ့ပြောပြမဲ့အကြောင်းအရာလေးက တစ်ချို့လူတွေက သူတစ်ပါးကို ကူညီဖို့ ဝန်လေးတတ်ကြပါတယ်။
တစ်ချို့ကကျ ကူညီချင်စိတ်ရှိတယ်၊ ဒါပေမဲ့ များများစားစား သက်ရောက်မှုမရှိလောက်ဘူးထင်ရင် ကူညီဖို့ ပျင်းတတ်ကြတယ်။
ဒီအကြောင်းလေးကို သာဓကလေးတစ်ခုနဲ့ ပြောပြပေးလိုက်ပါတယ် ...
အရမ်းကို သာယာလှပတဲ့ ကမ်းခြေတစ်ခုမှာ လူတစ်ယောက်က လမ်းလျှောက်ထွက်လာရင်း ခပ်လှမ်းလှမ်းမှာ ကုန်းလိုက်ကွလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ လူတစ်ယောက်ကို မြင်ပြီး စိတ်ဝင်စားမိသွားတယ်။
ထိုလူက အောက်ကိုကုန်းကောက်လိုက် ပင်လယ်ထဲ ပြန်ပစ်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။
ရှေ့နည်းနည်းနီးလာတဲ့အခါမှာတော့ ထိုလူက သောင်စပ်မှာတင်နေတဲ့ ကြယ်ငါးတွေကိုကောက်ပြီး ပင်လယ်ထဲ ပြန်ပစ်နေတာမှန်း သဘောပေါက်သွားတယ်။
ဒါနဲ့ ပထမလူက အနားကိုသွားပြီး _
"မင်္ဂလာ ညနေခင်းပါခင်ဗျာ ... မိတ်ဆွေကြည့်ရတာ အလုပ်ရှုပ်နေသလိုပဲ၊ ဘာလို့ ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်နေတာလဲဗျ" လို့ မေးလိုက်တယ်။
ဒုတိယလူက _
"အခုက ဒီရေကျချိန်လေဗျာ ... အဲ့ဒီတော့ ရေတက်ချိန်တုန်းက ပါလာတဲ့ ကြယ်ငါးလေးတွေက သောင်စပ်မှာ တင်ကျန်နေခဲ့တယ်၊ သူတို့ကို ရေထဲပြန်မပစ်ချပေးရင် မကြာခင် သူတို့ သေသွားလိမ့်မယ်လေ" လို့ ပြန်ဖြေရင်း ကြယ်ငါးတစ်ကောင်ကို ပင်လယ်ထဲ ထပ်ပစ်လိုက်တယ်။
"အဟား ... ခင်ဗျားကတော့ နောက်ပြီဗျာ၊ ခင်ဗျားရဲ့စေတနာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ဒီကမ်းခြေတစ်လျှောက်မှာ သောင်တင်နေတဲ့ ကြယ်ငါးပေါင်း ထောင်ချီရှိတယ်၊ ပြီးတော့ ဒီလိုပဲ ရာချီတဲ့ကမ်းခြေတိုင်းမှာ သူတို့က သောင်တင်နေတာ၊ သူတို့အားလုံးကို ခင်ဗျား ဘယ်ကယ်နိုင်မှာလဲဗျ၊ ဒါပုံမှန်သဘာဝတရားပဲ၊ အဲ့ဒါကို ခင်ဗျားက ဘယ်လိုပြောင်းလဲနိုင်မှာတုန်း" လို့ ပထမလူက ပြန်မေးတယ်။
ဒုတိယလူက နောက်ထပ် ကြယ်ငါးတစ်ကောင်ကို ကောက်ကိုင်ပြလိုက်ရင်း _
"ဒီတစ်ကောင်အတွက်တော့ ပြောင်းလဲပေးလိုက်နိုင်တယ်လေ" လို့ပြောပြီး ပင်လယ်ထဲ လှမ်းပစ်လိုက်တယ်။
အများကြီး အကုန်လုံးအတွက် မစွမ်းနိုင်တောင် ... တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်အတွက် စွမ်းနိုင်တဲ့ အားရှိရင် ရှိသလောက် ကူညီဖေးမနိုင်ကြပါစေလို့ ရည်ရွယ်ရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu