တစ်ပါးသူ မစွမ်းဆောင်ပေးနိုင်တဲ့အရာအတွက် ...
အပြစ်မတင်ပါနဲ့။
သူ စွမ်းဆောင်ပေးနိုင်တဲ့ အရာအတွက် ကျေးဇူးတင်ပေးလိုက်ပါ။
နွေရာသီရဲ့ ရက်တစ်ရက်မှာ လူနှစ်ယောက်က ခရီးအတူထွက်လာခဲ့ကြတယ်။
သိပ်မကြာခင်မှာပဲ နေမင်းကြီးက အရမ်းပူပြင်းလာလို့ သူတို့နှစ်ယောက်ဟာ ရှေ့ဆက်မသွားနိုင်တော့ပဲ သစ်ပင်ကြီးတစ်ပင်ရဲ့ အရိပ်မှာ ခေတ္တခိုဖို့ ဆုံးဖြတ်လိုက်ကြတယ်။
သစ်ပင်ကြီးရဲ့ အကိုင်းအခတ်တွေကို သေချာကြည့်ပြီး သူတို့ထဲက တစ်ယောက်က _
"ဒီသစ်ပင်ကလည်းဗျာ ဘာမှအသုံးမဝင်ဘူး၊ အသီးမရှိ အစေ့အဆန်လည်းမရှိနဲ့၊ ကျုပ်တို့စားလို့ရတာ ဘာမှလည်းမရှိဘူး၊ ဒီလောက်အပင်ကြီးကြီးနေမှတော့ ထင်းခုတ်စားဖို့တောင်မလွယ်ဘူး၊ တော်တော်အသုံးမဝင်တဲ့အပင်ပဲ" လို့ ပြောလိုက်တယ်။
အဲ့ဒီအချိန်မှာ အကိုင်းအခတ်တွေ လှုပ်ရှားလာပြီး သစ်ပင်ကြီးက _
"အရမ်းလည်း အပြစ်တင်မစောပါနဲ့ဦး ကိုလူသား၊
ဒီအချိန်မှာတော့ ကျွန်ုပ်က သင့်ကို အကျိုးအပြုဆုံးပါဗျ၊ ပူလွန်းလှတဲ့ နေလုံးကြီးရဲ့ အပူဒဏ်ကနေ သင့်ကိုကာကွယ်ပေးနေတယ်လေ၊
ဒါတောင် သင်က ကျွန်ုပ်ကို အသုံးမဝင်ဘူးပြောတယ်" လို့ ပြန်ပြောလိုက်သတဲ့။
ဘုရားသခင် ဖန်တီးထားတဲ့ အရာအားလုံးမှာ သူ့ရည်ရွယ်ချက်နဲ့သူ သူ့အစွမ်းအစနဲ့သူရှိပါတယ်။
အားလုံးပဲ အကောင်းမြင်စိတ်တွေထားပြီး သူများရဲ့ အကျိုးပြုမှုကို တန်ဖိုးထားနိုင်ကြပါစေ ဆုတောင်းရင်း ...
ချစ်ခြင်းများစွာဖြင့်
Yadanar Poekyuu