ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့လို့ လမ်းခွဲချင်ပြီဆိုရင်
ချစ်ခဲ့ကြ၊ တွဲခဲ့ကြပြီးမှ ကိုယ်နဲ့သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲချင်တဲ့အခါ သူ့အပေါ် လေးလေးစားစားနဲ့ ကိုယ်တိုင်ကလည်း ရင့်ရင့်ကျက်ကျက် တည်တည်ငြိမ်ငြိမ်နဲ့ လမ်းခွဲလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။
(၁) မျက်နှာချင်းဆိုင်ပြောပါ
ဒီလိုမျိုး အဆံုးသတ်ဖို့ဖြစ်လာတဲ့အခါ အီးမေးလ်ပို့ပြီးပြောတာ၊ မက်ဆေ့ချ်ပို့ပြီးပြောတာတွေက အဆင်မပြေနိုင်ပါဘူး။ နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့ပြီး ပြောကြတဲ့အခါမှာ သူ့ဘက်က ခံစားတွေရော၊ ကိုယ့်ဘက်က ခံစားချက်တွေရော ပြောပြနိုင်မှာ ဖြစ်ပါတယ်။
(၂) အခြေအနေအချိန်အခါကို ကြည့်ပါ
လံုးဝ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ စိတ်ထဲမှာတွေးပြီး ပြတ်စဲဖို့ ထုတ်မပြောခင်မှာ အခြေအနေကို အရင်ကြည့်သင့်ပါတယ်။ ဥပမာ သူ့ရဲ့အဖိုးဆံုးသွားတာမျိုးလို ကိစ္စမျိုးတွေရှိနေရင် ရုတ်တရက်ကြီး ပြတ်စဲမယ့်စကားကို မပြောသေးဘဲ ရက်နည်းနည်းစောင့်ပြီးမှ ပြောသင့်ပါတယ်။ နဂိုက သူ့ဟာသူ ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတဲ့အချိန်မှာ ကိုယ့်ဘက်က ဒီလိုမျိုးထပ်ပြီး နှိပ်စက်သလို မလုပ်သင့်ပါဘူး။
(၃) မင်းအမှားမဟုတ်ပါဘူး၊ ကိုယ့်အမှားပါ
တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် ပြောကြတဲ့အခါ၊ သူ့ကို အပြစ်မတင်ပါနဲ့။ ကိုယ့်ဘက်က အမှားဖြစ်တဲ့ အကြောင်းပဲ ပြောပြပါ။
(၄) ပြတ်စဲချင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြပါ
သူ့အပေါ် စိတ်ကုန်သွားရတဲ့အကြောင်းအရင်းကို အချိုးချကြည့်ပါ။ အများဆံုးဟာကို ရွေးချယ်ပြီး ဒီလိုအကြောင်းပြချက်တွေကြောင့် ဆက်ပြီး လက်တွဲဖို့မဖြစ်နိုင်တော့တဲ့အကြောင်း အေးအေးဆေးဆေး ပြောပြပါ။
(၅) ကြိုပြီး ပြင်ဆင်ထားပါ
သင့်ဘက်က ပြတ်စဲတဲ့အကြောင်း ပြောတဲ့အချိန်မှာ တစ်ဖက်က ဖြစ်လာနိုင်တဲ့ စိတ်ခံစားချက်တွေအတွက် ကြိုတင် ပြင်ဆင်ထားပါ။ သူ့ဘက်က ဒေါသထွက်နိုင်တာ၊ ဝမ်းနည်းသွားနိုင်တာ၊ အံ့အားသင့်သွားနိုင်တာ၊ နာကျင်သွားနိုင်တာတွေကို ထည့်တွက်ထားပါ။ ရုတ်တရက်ကြီး ထုတ်ပြောမယ့်အစား သူ့အပေါ်ကို စိတ်ပျက် နေတာကို သူသိနိုင်အောင် အရိပ်အမြွက်ပြထားပါ။
(၆) သူ့ရဲ့အမြင်ကိုမေးပါ
ကိုယ့်ဘက်က ပြောပြီးသွားတာနဲ့ သူ့ဘက်က အခြေအနေကိုရော မေးကြည့်ပါ။ သူ့ဘက်က ဘယ်လိုမျိုး ရှေ့ဆက်သွားချင်လဲဆိုတာကို ပြောလာပါလိမ့်မယ်။ နောက်ပိုင်း ချစ်သူအစား သူငယ်ချင်းကောင်းတောင် ဖြစ်သွားနိုင်ပါလိမ့်မယ်။