အရင်က လူတိုင်းချမ်းသာချင်မှာပဲလို့ တွေးထင်ခဲ့ဖူးတယ်...
နောက်ပိုင်းမှာ တဖြေးဖြေးနဲ့ လူတိုင်းချမ်းသာချင်ကြတယ်ဆိုတဲ့ ကိုယ့်အထင်ဟာ မှားယွင်းကြောင်း သိသိလာ သတိထားမိလာရာကနေစပြီး အောက်ပါအတိုင်း လူကို ၃ မျိုး ၃စား ခွဲခြားသိမြင်လာခဲ့တယ်။
၁# ချမ်းသာချင်သူ
၂# ပိုက်ဆံရှိချင်သူ
၃# ဆင်းရဲမှာကြောက်သူ
၁# ချမ်းသာချင်သူ
ချမ်းသာချင်သူတွေက ချမ်းသာမယ့် နည်းလမ်းတွေကို ရှာဖွေ လေ့လာ အတုယူ မှတ်သား နာယူ လိုက်နာ ကျင့်သုံးကြတယ်။ကိုယ်စွမ်းကိုစနဲ့ ကြီးပွားချမ်းသာအောင်ကြိုးစားကြတတ်သူမျိုးတွေပေါ့။
၂ # ပိုက်ဆံရှိချင်သူ
ချမ်းသာချင်သူနဲ့ ပိုက်ဆံရှိချင်သူ တူတူပဲ မဟုတ်ဘူးလားလို့ တွေးထင်ကြသူများပါလိမ့်မယ်။စာရေးသူလည်း အရင်က အဲဒီလိုပဲ ထင်ခဲ့မိတာပါပဲ။
သေချာစေ့စေ့တွေးကြည့်ရင် ချမ်းသာချင်သူနဲ့
ပိုက်ဆံရှိချင်သူဟာ မတူပါဘူး။
ချမ်းသာရင် ပိုက်ဆံရှိတယ် ပိုက်ဆံရှိရင် ချမ်းသာတာတော့မှန်ပါတယ်။
ဒါပေမယ့် အဲဒီလူနှစ်မျိုးနှစ်စားကို မေးခွန်းတွေ မေးကြည့်လိုက်ရင်တော့ အဖြေတွေကနေတဆင့် မတူကြောင်း သိလာနိုင်ပါလိမ့်မယ်။
ပိုက်ဆံရှိချင်လိုက်တာတဲ့ ။ ဟုတ်ပြီ။ ပိုက်ဆံရှိရင်ဘာလုပ်မလဲ လို့ ထပ်မေးရင် ။ သူတို့ရဲ့ အဖြေကသုံးဖို့ဖြုန်းဖို့ ကိစ္စတွေကိုပဲ ဖြေကြပါလိမ့်မယ်။
သူတို့ပိုက်ဆံရှိချင်တာက သူဌေးတွေရဲ့ နေပုံထိုင်ပုံတွေကို အားကျလို့ သူဌေးတွေလို နေချင်ကြလို့ပါ။သုံးဖို့ဖြုန်းဖို့ စည်းစိမ်ခံဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ပိုက်ဆံရှိချင်ကြတာပါ။
ဒါပေမယ့် သူဌေးတွေလိုတော့ သူဌေးမဖြစ်ခင် ပင်ပင်ပန်းပန်းနဲ့ ဇွဲလုံ့လရှိရှိမကြိုးစား မပေးဆပ်ချင်ကြပါဘူး။
ချမ်းသာချင်သူတွေက ကြိုးစားတယ် ပေးဆပ်တယ်။ရှိပြီးသား စည်းစိမ်တွေကို ပွားများအောင် ကြံဆောင်ကြတယ်။
ပိုက်ဆံချမ်းသာ ချင်သူကတော့ ပိုက်ဆံသာချမ်းသာမယ်ဆိုလို့ကတော့ ဘနဖူး သိုက်တူးဆိုလည်း တူးမှာပဲ။နိုင်ငံကိုရောင်းစားဆိုလည်း ရောင်းစားမှာပဲ။မိမိခန္ဓာကိုယ်ဆိုလည်းရောင်းမှာပဲ။ပိုက်ဆံကို လွယ်လွယ်ရဖို့ပဲ တွေးတယ်။တရားနည်းလမ်းကျတာ သူတပါးထိခိုက်တာ နစ်နာတာ ဒါတွေကို သူထည့်တွေးမှာ မဟုတ်ဘူး။အချောင်နေအချောင်စားစိတ်ဓာတ်ရှိသူတွေပါ။အရမ်းကို အန္တရာယ်များတဲ့ လူစားမျိုးတွေပေါ့။
ဒါပေမယ့် အဲလိုလူစားတွေဟာ လောကကြီးမှာ အရမ်းကိုများပြားနေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
၃# ဆင်းရဲမှာ ကြောက်သူ
သူတို့ဟာ ပုံမှန်ထက်ပိုပြီး လုံ့လမစိုက်ထုတ်ချင်သူတွေပါ။ Comfortable zone ထဲက လူတွေပေါ့။ ဒီပုံစံ ဒီအနေအထားလေးနဲ့ နေသာနေရင် အနေအစားချောင်နေရင် ဒီပုံစံ ဒီအတိုင်းလေးပဲ ဆက်သွားနေချင်ကြသူတွေပါ။
သူတို့ ထင်တာက ဒီပုံစံကြီးပဲ တစ်သက်လုံး မပြောင်းမလဲတော့ပဲ ဆက်သွားနေကြလိမ့်မယ်လို့ တွက်ထားသူတွေပါ။အတွေးအခေါ် ဗဟုသုတ စဉ်းစားဆင်ခြင်ဥာဏ်မရှိသူတွေ ရှေ့ရေးကိုကြိုတွေးရမှာကြောက်သူတွေလို့ ဆိုရပါလိမ့်မယ်။
တချို့တလေကတော့ ကြိုတွေးရကောင်းမှန်းသိသော်ငြားလည်း မဖြစ်သေးတာကြီးကြိုတွေးရင် စိတ်ဆင်းရဲရမှာကို ကြောက်ပြီးမတွေးပဲ နေကြပါတယ်။
အဲလိုဆင်းရဲမှာကြောက်သူတွေကပဲ သနားစရာကောင်းစွာနဲ့ပဲ ဆင်းရဲနေကြသူတွေဖြစ်နေကြရပါတယ်။
ရင်လောက်မှန်းမှ ဒူးလောက်တင် ဆိုတဲ့ စကားလို ချမ်းသာချင်စိတ်ရှိပြီး ကြိုးစားမယ်ဆိုရင် မချမ်းသာရင်တောင် ဆင်းရဲတဲ့ ဘဝမရောက်နိုင်ပါဘူး။
စလာကတည်းက မဆင်းရဲရင်ပြီးရော စတွေး စခံယူတော့ သွားရောပေါ့။ဒါလည်း မဆန်းပါဘူး။လက်လှုပ်နိုင်တုန်းမို့ ပါးစပ်လှုပ်နေရတာကိုမှ သတိမပြု မိကြပဲကိုး။
ပိုဆိုးတာက ပုံသေနည်းနဲ့တွက်ပြီး ငါအသက်ကြီးရင် ငါ့သားသမီးက ရှာကျွေးလိမ့်မယ်လို့ လှေနံဓားထစ်ပြီးကို တွက်ထင်နေကြတဲ့ အတွေးခံယူချက်တွေရှိနေခြင်းပါ။
တွက်ထားတွေးထားသလို အသက်ကြီးလာရင် ပြုစုစောင့်ရှောက်တဲ့ သားသမီးရရင်တော့ကောင်းတာပေါ့။ဒါတောင် အဲဒီသားသမီးကိုယ်တိုင်က စီးပွားရေးတောင်သာမှ ကျွေးနိုင်မှာပေါ့။သူတို့ဝမ်းတောင် အနိုင်အနိုင်ဆို ဘယ်လိုလုပ်မလဲ။ကိုယ်ကလည်း သူတို့အတွက် စည်းစိမ်တွေအမွေတွေအများကြီးရှာထားပေးနိုင်ခဲ့တာမှ မဟုတ်ပဲ။
နောက်တချက်က မိဘထက် စောပြီး သေသွားကြတဲ့ သားသမီးတွေရှိနေကြတာကို သဘောမပေါက် တရားမကျ အသိမရှိ ထည့်မတွက်ကြတော့ဘူးလား။
သားသမီးက မလိမ်မာ မလုပ်ကျွေးရင်ကော။ဆိုးလို့ ဒါမှမဟုတ် တစုံတခုကြောင့် သားသမီးကထောင်ကျသွားရင်ကော။
ဒါ့အပြင် သားသမီးက နဂိုကတည်းက လိမ်မာမလိုလို မလိမ်မာလိုလို မသေချာ၊ ချွေးမဆိုးနဲ့လည်းတွေ့ရော လုံးလုံးလှည့်မကြည့်တော့ဘူးဆိုရင်...သွားပေရော့ လမ်းဘေး...
ဒါတွေဒါတွေကိုပါ ထည့်မတွက်သင့်ဘူးလား။
လုပ်နိုင်ကိုင်နိုင်တဲ့ အသက်အရွယ်...ရှာလို့ဖွေလို့ စုလို့ဆောင်းလို့ ကောင်းတဲ့ အချိန်အခါမှာ မိမိကိုယ်ကို မညှာတမ်းခိုင်းထားနိုင်မှသာ မလုပ်နိုင်မကိုင်နိုင် မရှာမဖွေနိုင်ချိန် ရောက်ရင် ဒုက္ခမခံစားရမှာဆိုတာကို သိဖို့လိုပါတယ်။
အထက်ပါ လူသုံးမျိုးသုံးစားထဲမှာ ငါဟာ ဘယ်အမျိုးအစားထဲမှာပါနေသလဲဆိုတာကို မိမိအတွက် မိမိအချိန်လေးပေး၍ တွေးနိုင်ပြီးသကာလ ဆင်ခြင်နိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါသည်။
