မီးအိမ်ရှင် နိုက်တင်ဂေး
ဒီတစ်ပတ်ရဲ့ Famous Person Biography ကဏ္ဍမှာတော့ နာမည်ကျော်သူနာပြုဆရာမ ဖလော်ရင့် နိုက်တင်ဂေးအကြောင်း တင်ပြချင်ပါတယ်။
သူနာပြုဆရာမ ဖလော်ရင့်နိုက်တင်ဂေးကို အီတလီနိုင်ငံ၊ ဖလော်ရင့်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၈၂ဝ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အဲဒီအချိန်က ဗြိတိန်နိုင်ငံသားတွေက သားသမီးအမည်တွေကို မြို့၊ ရွာ၊ ဒေသအမည် တွဲဖက်မှည့်ခေါ်လေ့ရှိကြတဲ့အတွက် ဖလော်ရင့်နိုက်တင်ဂေးလို့ အမည်ပေးခဲ့ကြကြောင်း သိရပါတယ်။ မိဘတွေဟာ ချမ်းသာကြပြီး အထက်တန်းလွှာအသိုက်အဝိုင်းမှာ ဝင်ဆံ့ကြပါတယ်။ မတောင့်မတ မကြောင့်မကြ လိုတရ ဘဝနဲ့ ကြီးပြင်းခဲ့ကြပါတယ်။
ဖလော်ရင့်ဟာ ကျောင်းပညာမှာလည်း ထိပ်တန်းအဆင့်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ခရီးသွားခြင်းကို ဝါသနာပါပြီး နိုင်ငံရပ်ခြားတွေကိုလည်း အလည်အပတ်သွားခဲ့ပါတယ်။ အဲဒီလို သွားလာရင်း စူးစမ်းလိုတဲ့စိတ် ပိုမိုရှိလာခဲ့သလို လူအများအကျိုးကို သယ်ပိုးဆောင်ရွက်ချင်တဲ့ ဆန္ဒကလည်း ပိုမိုကြီးမားလာခဲ့ပါတယ်။ အသက် ၃ဝ ကျော်အရွယ်မှာ လူသားအကျိုးပြုတဲ့ လုပ်ငန်းကို လုပ်ဆောင်ဖို့ စိတ်ဆန္ဒဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဖလော်ရင့်အနေနဲ့ လူမှုရေးလုပ်ငန်းဖြစ်တဲ့ သူနာပြုလုပ်ငန်းကို လုပ်ကိုင်လိုပြီး မိဘတွေက ကနဦးတားမြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ မိဘတွေက တားမြစ်မှု မပြုတော့ပါဘူး။ ဖလော်ရင့်ဟာ သူဝါသနာပါတဲ့ သူနာပြုအလုပ်ကို လုပ်ကိုင်ဖို့ ရောမမြို့က ကုသိုလ်ဖြစ်လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းတွေ လုပ်ငန်းလုပ်ကိုင်ပုံတွေကို လေ့လာခဲ့ပြီး အင်္ဂလန်မှာ လူမှုရေးအခြေပြု သူနာပြုလုပ်ငန်းတွေ ပေါ်ပေါက်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ၁၈၅၃ ခုနှစ်မှာတော့ လန်ဒန်မြို့မှာ ဆင်းရဲ ချို့တဲ့တဲ့ ဂီလာနအမျိုးသမီးကြီးတွေအတွက် ရည်ရွယ်ကာ ဂီလာနအမျိုးသမီးကြီးများစောင့်ရှောက်ရေးဌာနကို ဖွင့်လှစ်ခဲ့ပါတယ်။ ဖလော်ရင့်ဟာ ဆေးပညာရှင်တစ်ဦးမဟုတ်ပေမယ့် ပြည်သူတွေက သူ့ကို ဆေးရုံလုပ်ငန်းကို အဆင်မြှင့်တင်ပေးနိုင်မယ့်သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ၁၈၅၄ ခုနှစ်မှာတော့ ကရိုင်းမီးယားစစ်ပွဲကြီး ပေါ်ပေါက်ခဲ့ပြီး စစ်ပွဲအတွင်း ထိခိုက်မှုတွေ၊ ဒုက္ခရောက်မှုတွေကို ကူညီပေးနိုင်ဖို့ သူနာပြု စေတနာ့ဝန်ထမ်း ၃၈ ဦးနဲ့ အတူ စစ်ပွဲဖြစ်ပွားရာဒေသကို သွားရောက်ခဲ့ပါတယ်။ နိုဝင်ဘာ ၄ ရက်က စတင်ကာ ဒဏ်ရာရရှိသူတွေကို လက်ခံကုသခဲ့ပြီး လူပေါင်းထောင်ချီ ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပင်မင်းလုပ်ငန်းတွေ၊ ဝတ်စုံတွေ၊ လူနာတွေထားဖို့၊ အဆောက်အဦးတွေ ရရှိဖို့ စတာတွေကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ဖလော်ရင့်ဟာ အဲဒီအချိန်ကစပြီး နေ့စဉ် နာရီ ၂ဝ နှုန်းအလုပ်လုပ်ခဲ့ပြီး ညဘက်မှာ မီးအိမ်တစ်လုံးနဲ့ လူနာတွေရဲ့ အခြေအနေတွေကို စစ်ဆေးကြည့်ရှုပေးခဲ့တဲ့အတွက် မီးအိမ်ရှင်မ နိုက်တင်ဂေးအဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့ပါတယ်။ ပြည်သူအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ရင်း ၁၉၁ဝ သြဂုတ်လမှာ ကွယ်လွန်ခဲ့ပါတယ်။
Ref : wikipedia
SMT-24