Positive Discipline
ဒီစည်းကမ်းကတော့ ကလေးတွေကို ပညာသားပါပါ ထိန်းကျောင်းနိုင်တဲ့ စည်းကမ်းပဲ ဖြစ်ပါတယ်။ မလျော့လွန်း၊ မတင်းလွန်းတဲ့ အလယ်အလတ် လမ်းစဉ် စည်းကမ်းပေါ့။ ဒီစည်းကမ်းကို အသုံးပြုတဲ့သူတွေရဲ့ လက်နက်ကတော့ အကျိုးသင့် အကြောင်းသင့် ရှင်းပြခြင်း၊ ချီးကျူးခြင်း၊ အားပေးကူညီခြင်းတွေပဲ ဖြစ်ပါတယ်။ ကလေးတွေအပေါ် "အပြု သဘော စည်းကမ်း" ချမှတ်ရာမှာတော့ အဆင့်သုံးဆင့် ရှိပါတယ်။ ကဲ...ကိုယ့်သားသမီးတွေအတွက် အသေးစိတ် လေ့လာလိုက်ရအောင်ဗျာ။
အဆင့်(၁) - ကြိုတင်ကာကွယ်ခြင်း >>>
နေ့စဉ်ပုံမှန်အလုပ်တွေ၊ လိုက်နာရမယ့် အခြေခံ စည်းမျဉ်းတွေ၊ လူ့ကျင့်ဝတ်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ကလေးကို ကြို ပြီးရှင်းပြရပါမယ်။ ပြီးရင် ကလေးနဲ့ နှစ်ဦးသဘောတူ စည်းကမ်းတွေကို ချမှတ်ကြမယ်။ ချမှတ်လိုက်တဲ့ စည်းကမ်းဟာ ကလေးလိုက်နာနိုင်တဲ့ စည်းကမ်းဖြစ်ဖို့လိုသလို ချမှတ်တဲ့လူကလဲ အဲဒီစည်းကမ်းကို ကလေးရဲ့ စံပြအနေနဲ့ လိုက်နာပြရပါမယ်။ ကလေးကို အချို လျှော့စားပါလို့ ဆုံးမဖို့ ကိုယ်တိုင်လဲ သကြားဖြတ်လိုက်တဲ့ ဂန္ဒီကြီးလိုပေါ့။ ဒီအဆင့်ဟာ ပြဿနာ မဖြစ်ခင် ကြို ပြီးကာကွယ်လိုက်တဲ့ သဘောပါ။
အဆင့်(၂) - ပြန်လည်ပြု ပြင်ခြင်း >>>
တကယ်တော့ ကလေးဆိုတာ လူကြီးမဟုတ်ပါဘူး။ ဒါကတော့...မင်းပြောမှလားလို့ တွေးမိပါလိမ့်မယ်။ ကျနော်ပြောချင်တာက လူကြီးတွေနဲ့ယှဉ်ရင် အသက်အရွယ်၊ အတွေ့အကြုံကွာသလို လူကြီးတွေလို စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန် ခွဲခြားနိုင်စွမ်း ကောင်းကောင်းမရှိသေးပါဘူး။ ဒါကြောင့် ဘယ်လောက် ရှင်းပြပြောဆို ထားပါစေ စိတ်အလိုလိုက်ပြီး အမှားကတော့ မကြာခဏ လုပ်မိပါလိမ့်မယ်။
မလိုလားအပ်တဲ့ အမူအကျင့်တွေ ရှိလာခဲ့ရင်လဲ ပြစ်တင်ကြိမ်းမောင်းခြင်း၊ ထိခိုက်နာကျင်အောင် ရိုက်နှက်ခြင်း၊ စိတ်ဒဏ်ရာတွေရအောင် ရှုံချပြောဆိုခြင်းတွေ လုံးဝမလုပ်သင့်ပါဘူး။ အမှားလုပ်မိတဲ့အခါ နဂိုကတည်းက ကလေးနဲ့ နှစ်ဦးသဘောတူ ချမှတ်ထားတဲ့ စည်းကမ်းကို ပြန်လည်ထောက်ပြပြီး ပြု ပြင်ပေးရပါမယ်။ နောက်ဆက်တွဲဖြစ်လာမယ့် ဆိုးကျိုးတွေကိုလဲ ရှင်းပြပေးရပါမယ်။ ဒီလိုထောက်ပြပြောဆိုပြီး ဆိုဆုံးမတဲ့အခါ တခြားသူတွေရှေ့မှာလဲ မပြောသင့်ပါဘူး။ ဒါကသတိထားရမယ့် အချက်ပါ။ တခြားသူများရှေ့မှာဆို ကလေးဟာ သိမ်ငယ်သွားတတ်ပါတယ်။ တခါတလေဆို ရှက်ရမ်းရမ်းပြီး ဆုံးမတဲ့သူကိုပါ ပြန်ရန်လုပ်တတ်ပါတယ်။
Photo credit google