ကွမ်ရီ (သို့) စစ်သူကြီး Guan Yu
ကွမ်ရီဆိုတဲ့ အမည်ကို တော်တော်များများကြားဖူးကြမှာပါ။
ဓားမရှည်ကြီးကို ကိုင်ပြီး တိုက်ခိုက်တဲ့ စစ်သူကြီး ကွမ်ရီကို ရုပ်ရှင်ဇာတ်ကားတွေထဲမှာရော၊ ဗီဒီယိုဂိမ်းတွေထဲမှာပါ တွေ့မြင်နိုင်ပြီး မြန်မာပြည်သူတွေနဲ့ မစိမ်းပါဘူး။ ဒါကြောင့် ကွမ်ရီလို့ လူသိများတဲ့ တရုတ်စစ်သူကြီး Guan Yu အကြောင်း တင်ပြပါမယ်။ စစ်သူကြီး Guan Yu ဟာ စစ်ဘုရင် Liu Bei လက်အောက်က မင်းမှုထမ်းအရာရှိတစ်ဦးဖြစ်ပါတယ်။ သူဟာ တိုက်ပွဲတွေအတွင်း အရေးပါတဲ့ ဦးဆောင်မှုနေရာက ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
ဘုရင် Liu Bei တည်ထောင်ခဲ့တဲ့ Shu Han ဒေသ စီမံမှုမှာလည်း အဓိကကျတဲ့ နေရာက ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဘုရင် Liu Bei က Yi ပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်မှာလည်း Guan Yu က Jing ပြည်နယ်မှာ ကျန်ရှိခဲ့ပြီး အုပ်ချုပ်မှုနဲ့ ကာကွယ်မှုတွေကို လုပ်ခဲ့ရပါတယ်။ ၂၁၉ ခုနှစ်အတွင်းမှာ Guan Yi ဟာ Wei ဘုရင် Cao Cao ရဲ့ အင်အားစုတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရပြီး Jing ပြည်နယ်ကို ကာကွယ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အလုံးအရင်းနဲ့တိုက်ခိုက်လာတဲ့ ရန်သူ့တပ်တွေကို မထိန်းနိုင်ခဲ့ပဲ Fancheng စစ်ပွဲအတွင်း ရန်သူရဲ့ အနိုင်ယူမှုကို ခံခဲ့ရပါတယ်။ သူဟာ ရန်သူ Sun Quan ရဲ့ အင်အားစုတွေ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ကွပ်မျက်ခံခဲ့ရပါတယ်။ စစ်သူကြီး Guan Yu ရဲ့ ဘ၀ဖြစ်စဉ်ဟာ လူအများစိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်ခဲ့ပြီး ၁၄ ရာစုက ထုတ်ဝေခဲ့တဲ့ Romance of the Three Kingdoms သမိုင်းစာအုပ်မှာလည်း ပါဝင်ခဲ့ပါတယ်။ သူရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကိုယ်ကျင့်တရားတွေဟာ လူတွေအကြား ပြောစမှတ်တွင်ခဲ့ပါတယ်။ သူ့ရဲ့ သစ္စာရှိမှုနဲ့ ဖြောင့်မတ်မှုတွေဟာ လူအများလေးစားရတဲ့ အရည်အချင်းတွေဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ မျက်နှာဟာ အနီရောင်သန်းနေလ့ရှိပါတယ်။ စစ်သူကြီး Guan Yu ကို Sui မင်းဆက်လက်ထက်မှာကတည်းက နတ်မင်းအနေနဲ့ ကိုးကွယ်ကြလေ့ရှိပြီး လက်ရှိမှာလည်း တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင် နဲ့ ကမ္ဘာတစ်ဝန်းတရုတ်လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေမှာ ၀တ်ပြုဆုတောင်းခြင်းတွေ ပြုလုပ်ကြလေ့ရှိပါတယ်။ ၀တ်ပြုကြတဲ့အခါ သူ့ကို Guan Di (သို့) Guan Gong အနေနဲ့ ခေါ်ဆိုကြလေ့ရှိပါတယ်။ တရုတ်ရိုးရာမှာ နတ်မင်းအနေနဲ့ ကိုးကွယ်ကြပြီး တရုတ်ရိုးရာဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာလည်း Guan Yu ရဲ့ ရုပ်တုကို တွေ့မြင်ရလေ့ရှိပြီး ကိုးကွယ်ကြလေ့ရှိပါတယ်။ စစ်သူကြီး Guan Yu ရဲ့ ဇာတိမြို့ကတော့ တရုတ်နိုင်ငံ၊ Shanxi ပြည်နယ်မှာရှိတဲ့ Yuncheng မြို့ဖြစ်ပြီး မြို့ရဲ့ လေဆိပ်ကို သူ့ကို ဂုဏ်ပြုလေးစားတဲ့အနေနဲ့ Yuncheng Guangong လေဆိပ်အဖြစ် အမည်ပေးခဲ့ပါတယ်။ Yuncheng မြို့အတွင်းမှာ Guan Yu အကြောင်း လေ့လာနိုင်မယ့် နေရာအများအပြားလည်းတည်ရှိပြီး ကိုးကွယ်ထားမှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
SMT-24