" အရီး ...အရီး ...
နံနံပင် မထည့်ဘူးနော် ...."
"အေး ..အေး သားလေး "
မုန့်သည် အဒေါ်ကြီးက မုန့်တီပွဲပြင်နေရင်း
ရှေ့က အဒေါ်ကြီးတစ်ယောက်နဲ့
စကားလက်ဆုံကျ ။
" ဒီလိုပါပဲ မစိန်ရယ် ...
အသက်အရွယ် ရလာတော့လည်း ........
Blah...blah ..bah .................”
ပြောလည်း ပြောရင်း မုန့်တီပွဲကိုလည်း ပြင်ရင်း ..။
ဒုတိယမ္မိ အနေနဲ့ ...
အမှာတော်ဆင့် ...
" အရီး ..ကျတော့်ခွက်မှာ နံနံပင် မထည့်ဘူးနော် “
"အေးပါ ..သား ..ဟုတ်ပီ ..
ဟုတ်ပီ ..."
အင်း ဒီလောက်ဆို စိတ်အေးရပြီဆိုပြီး
ဖုန်းလေးပွတ် ..မုန့်တီခွက်လေးကိုစောင့်နေ ..။
"ရော့ ..သား ..ဒီမှာ "
ဆာနေပီမို့ မုန့်တီပန်းကန်ကို
အားပါးတရ လှမ်းယူ ...
စားမယ်လို့ ကြည့်လိုက်တော့ ....
သကောင့်သား နံနံပင် အမျှင်တွေက
ခွက်ထဲမှာ အခန့်သား ...။
မလေးမခန့်နဲ့ မင်းစားနိုင်ရင်စားစမ်းဆိုတဲ့
အချိုးနဲ့ ....။
ဒေါသစိတ်ကလေးက
ခြေဖျားတွေကနေ ငယ်ထိပ်ထိ တလိပ်လိပ် ..။
ငိုချင်စိတ်တွေ တဖွားဖွား ...။
သွားပြီ ...သွားပြီ ... သွားပါပြီ ...!!!
ဆုံးပြီ ...တစ်ခွက်တော့ ..။
နံနံပင်မရှိတဲ့ ကမ္ဘာမှာ အသက်ရှင်ချင်သည် ..။
နံနံပင်ရှိနေရင် ကိုယ်မပျော်တော့ ...။
နံနံပင်ဆိုတာ မွေးတည်းက
အသေလေး မွေးလာသင့်တဲ့ အပင်မျိုး ။
ဂေါ်ဇီလာတွေ မျိုးတုန်းသွားသည့်ခေတ်မှာ
နံနံပင်တွေပါ တစ်ပါတည်းရောပြီး
စမုန်တုံးသွားဖို့ ကောင်းသည် ...။
ဘုရားသခင်သည် နံနံပင်ကို
လုံးဝ မဖန်ဆင်းသင့်ခဲ့ ...။
နံနံပင် ဟု အသံကြားလျှင် လျှာယားသည် ။
နံနံပင် မျက်ခွက်ကို မြင်လျှင်
အော့အန်ချင်သည် ..။
နံနံပင်သည် ရုပ်ရော အနံ့ ရော
ကျက်သရေတုံးနေသည့် အပင်မျိုး !
နံနံပင်များ ဖုံးလွှမ်းနေသော
အစားအသောက်တစ်ပန်းကန်သည်
အစာအိမ်ကို မျက်ရည်ကျစေခဲ့ ...။
ပန်းကန်တွေထဲမှ နံနံပင်ဖယ်သောအလုပ်သာ
လုပ်အားခရမည်ဆို
ခုချိန် ဘီလျံနာဖြစ်နေလောက်ပြီ ...။
နံနံပင် ဘဝထဲ ဝင်လာလျှင်
ဘဝလည်း နံသွားသည် ....။
နံနံပင်တွေ အကုန်သေပေး !!!
နံနံပင်မရှိသော နိုင်ငံတော်သစ်ကြီး
ဖြစ်တည်လာပါစေ ... ။
နံနံပင်သည် အမျိုးသားလုံးတစ်ရပ်၏
ဘုံရန်သူ အပင်စုတ် အပင်နာ
ကာလနာ အမျှင်ဖြစ်သည် ..။
ကိုယ့်ဘဝမှာ ဘယ်နံနံပင်ကိုမှ
ခွင့်မလွှတ်နိုင် ...။
ကိုယ့်ပန်းကန်ထဲမှာ ဘယ်နံနံပင်မှ
ရှိမနေစေရ ...။
နံနံပင်များအား
အမြစ်ပြတ် ချေမှုန်းကြ !!!
ကိုယ်နိုင်ပါစေ ....
နံနံပင်များ ကျဆုံးပါစေ ...။