အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
လောကကြီးမှာ တစ်ခုလိုချင်လျှင် တစ်ခုကိုပေးရတာက လောကနိယာမတရားပဲဖြစ်ပါလိမ့်မယ်... တစ်ခုကို ဆုပ်ကိုင်ထားလျှင် နောက်တစ်ခုကိုတော့ ထပ်မံဆုပ်ကိုင်နိုင်ဖို့ခက်ခဲပါလိမ့်မယ်(ယနေ့ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာတော့ တစ်ခုမက ဆုပ်ကိုင်ထားကြပါပြီ)... ကျွန်တော်တို့အနေနဲ့ လက်နှစ်ဖက်သာရှိတဲ့လူများဖြစ်ကြပေတယ်(လက်အမြောက်အမြားပိုင်ဆိုင်ထားကြသော နတ်များမဟုတ်ကြဘူးလေ)... လက်နှစ်ဖက်နဲ့ အရာတစ်ခုခုကို ဆုပ်ကိုင်ထားပြီး အခြားအရာတစ်ခုကို ထပ်မံဆုပ်ကိုင်ချင်တယ်ဆိုရင်တော့ ဆုပ်ကိုင်ထားတဲ့အရာတစ်ခုကို လွှတ်လိုက်ပြီးမှ ထပ်မံဆုပ်ကိုင်နိုင်ပါလိမ့်မယ်...
တစ်ချို့လူကြီးတွေက ပြောတတ်တဲ့စကားလေးတစ်ခွန်းရှိတယ်... အသက်ရှည်ရှည်နေချင်တယ်တဲ့... အသက်ရှည်ရှည်နေချင်တဲ့သူတစ်ယောက်အတွက် အိုမင်းရွတ်တွ ခြေမနိုင်လက်မနိုင်အဖြစ်ကိုတော့ လက်ခံနိုင်မှဖြစ်မှာပါ... အသက်လည်းရှည်ချင်တယ်... အိုမင်းရွတ်တွ ခြေမနိုင်လက်မနိုင်အဖြစ်ကိုလည်း လက်မခံချင်ဘူးဆိုရင်တော့ အသက်ရှည်ရှည်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး...အဲ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာတော့ အလွန်ချောမောလှပပြီးတော့ အသက်ထောင်ချီနေတတ်တာတွေ့ဖူးတယ်... အပြင်မှာတော့ အသက်ရှည်ပြီဆိုရင် အိုမင်းတဲ့ဇရာကို လွန်ဆန်နိုင်တာ မတွေ့သေးပါဘူး... ပျိုရွယ်နုနယ်တဲ့အရာကို စွန့်လွှတ်မှ အသက်ရှည်တာဖြစ်နိုင်မယ်...
တစ်ခုလိုချင် တစ်ခုပေး ဒါမှမဟုတ်ရင် အားစိုက်မှုတစ်ခုခု ပေးဆပ်မှုတစ်ခုခု မလုပ်ပဲနဲ့တော့ ဘာမှဖြစ်မလာနိုင်တာတွေ့ရပါတယ်... အခုကျွန်တော်တို့တစ်တွေကို ကြည့်ကြပါ... Hive ဆိုတဲ့ Crypto ငွေကြေးကို ရယူလိုတဲ့အတွက် ကိုယ်ပိုင်အချိန်ဆိုတာတွေ ကိုယ်ပိုင်အတွေး ကိုယ်တိုင်အရေးလေးတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေကြရတာပဲမဟုတ်လား... ဘာမှမတွေး ဘာမှမရေး ဘာအားစိုက်ထုတ်မှုမှမရှိခဲ့ရင် Hive တွေ ကိုယ့် Wallet ထဲ အလိုအလျောက်ဝင်လာမယ်မဟုတ်ပါဘူး... စေတနာကောင်းကောင်းနဲ့ မှားလွှဲပေးမယ့် ရှီရင်တော့မပြောတတ်ပါဘူး 😆 ကျွန်တော့်ခမြာတော့ မှားလွှဲပေးဖူးပါတယ်... ပြန်ကိုမပေးတော့တာပေါ့ 😥
နေ့စဉ် ကျွန်တော်တို့တစ်တွေ ငွေရသည်ဖြစ်စေ ငွေမရသည်ဖြစ်စေ တစ်ခုခုတော့ လုပ်ကြရစမြဲ... တစ်ခုမဟုတ် တစ်ခုတော့လည်းရစမြဲ... အဆူခံရတာတွေလည်းပါသပေါ့ဗျာ... ချီးကျူးခံရဖို့ဆိုတာကတော့ မလွယ်ဘူး... မလုပ်ရင်တော့ ဘာမှမရတော့ဘူး ဒီနေရာမှာ ကြားဖူး ဖတ်ဖူး မှတ်ဖူးထားတဲ့ စာလေးတစ်ပိုဒ်လောက် ထည့်ရေးပါရစေ... မင်းတုန်းမင်းတရားကြီးလက်ထက် ယောအတွင်းဝန် ဦးဖိုးလှိုင်ရဲ့ အဖြေစကားလေးလို့သိရပါတယ်...
မင်းတုန်းမင်းကြီးက မေးတယ်.. ဟဲ့-ဖိုးလှိုင် မရှိတာထက် မသိတာခက် ဆိုတာဟုတ်သလားလို့မေးတော့ ဦးဖိုးလှိုင်က ဟုတ်မှန်ကြောင်းပြန်ဖြေတယ်... မသိတာထက် ခက်တာ ရှိသေးသလားတဲ့... ဦးဖိုးလှိုင်က ရှိသေးကြောင်းပြန်ဖြေတယ်...** မင်းတုန်းမင်းကြီးက အဲဒါ ဘာများလဲလို့မေးတော့ ဦးဖိုးလှိုင်ဖြေလိုက်တာက မလုပ်တာပါဘုရားတဲ့... နောက်ထပ် ဦးဖိုးလှိုင်ထပ်ပြောလိုက်တာကမရှိတာက ရှိအောင်လုပ်ရင်ရတယ်... မသိတာက သိအောင်လုပ်ရင်သိပါတယ်... မလုပ်တာကတော့ ဘာမှမဖြစ်နိုင်တာမို့ အခက်ဆုံးပါဘုရားလို့လျှောက်တင်ပါသတဲ့...
ကျွန်တော်တို့တစ်တွေက အခက်ဆုံးထဲမပါသေးဘူး... ဒီတော့ကာ တတ်သမျှ မှတ်သမျှနဲ့ လုပ်ကိုင်နေလေတော့ ဆုတောင်းစရာမလိုပဲ တစ်ခုခုတော့ ရလာမှာ အသေအချာပဲ... ဒီအတောအတွင်း Hive ဈေးတက်ခြင်း ကျခြင်းကိုတော့ သည်းခံပြီး ခံနိုင်ရည်ရှိအောင်တော့ ကြိုးစားထားကြရမှာပဲမဟုတ်လား... မပြောလည်း ခံနိုင်ရည်ရှိနေလောက်ပါပြီ 😆 သေရင်တော့ ဘာမှ မလုပ်နိုင်တော့ပါဘူး... ကိုယ့် ကျန်းမာရေးလေးလည်း ဂရုစိုက်ကြပေါ့ဗျာ... ဒါမှ အကျိုးတရားလေးတွေ ခံစားနိုင်ကြမှာပါ...
အားလုံးကို လေးစားလျှက် -